တိုင်းရင်းသားဒေသတွေမှာ မိုင်းအန္တရာယ်တွေ ရင်ဆိုင်နေကြရ
လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်းနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို အများဆုံး ကြုံတွေ့နေရတာကတော့ တိုင်းရင်းသားဒေသက ပြည်သူတွေ ဖြစ်ပါတယ်။
-
သီဟထွန်း
2019-10-30 -
-
-
လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်းနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို အများဆုံး ကြုံတွေ့နေရတာကတော့ တိုင်းရင်းသားဒေသက ပြည်သူတွေ ဖြစ်ပါတယ်။
မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၉ ခုနှစ်အတွင်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၆၈ ဦး အနည်းဆုံးရှိတယ်လို့ သိရပါတယ်။
မြေမြှုပ်မိုင်းနဲ့ တိုက်ပွဲလက်ကျန် စစ်လက်နက်ပစ္စည်းတွေရဲ့အန္တရာယ်ကို အများဆုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒေသတွေကတော့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ ဖြစ်ပါတယ်။
၂၀၁၅ ကနေ ၂၀၁၈ ခုနှစ်အထိ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ အများဆုံး ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ရခိုင်ဒေသမှာလည်း တိုက်ပွဲတွေ စိပ်လာတာနဲ့အမျှ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်တိုးလာပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းကတော့ မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကြောင့် ထိခိုက်မှု အများဆုံးဖြစ်ပါတယ်။ မိုင်းကြောင့် ထိခိုက်သေဆုံးဒဏ်ရာရမှုကို အများဆုံးခံစားရတာကတော့ အပြစ်မဲ့ အရပ်သားတွေပါ။
ရှမ်းပြည်နယ် နမ္မတူမြို့နယ်က မိုင်းထွန်းလူဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က တောင်ယာလုပ်ကိုင်ဖို့ သွားချိန် မိုင်းထိလို့ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။
မိုင်းထိသူတွေရဲ့ ဘဝတစ်သက်တာမှာ ကိုယ်ရောစိတ်ပါ ထိခိုက်ခံစားကြရတာကြောင့် တိုက်ပွဲတွေ အမြန်ဆုံး ချုပ်ငြိမ်းဖို့ လိုလားတယ်လို့ မိုင်းထွန်းလူက ပြောပါတယ်။
မိုင်းကြောင့် ထိခိုက်မှု အများဆုံးခံရတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲ၊ နမ္မတူ စတဲ့ မြို့နယ် တစ်ဝိုက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA, ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တပ်မတော်တို့ လှုပ်ရှားသွားလာတဲ့ဒေသဖြစ်သလို တပ်မတော်နဲ့ TNLA အဖွဲ့တို့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားရာ ဒေသတွေ ဖြစ်ပါတယ်။
မိုင်းကြောင့်ထိခိုက်မှု လျှော့ချရေး အသိပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ (ဟဲလို ထရပ်စ် ) လားရှိုးရုံး မန်နေဂျာ လွေးအိုက်အော်က ၂၀၁၉ စက်တင်ဘာ တစ်လထဲမှာ မိုင်းကြောင့် ထိခိုက်သူ ၁၀ ဦးကျော်ခန့်ရှိပြီး သေဆုံးသူ သုံးဦး ရှိခဲ့တယ်လို့ ပြောပါတယ်။
အဲဒီထဲမှာ ကျောက်မဲ၊ မိုင်းငေါ့မြို့နယ်ခွဲမှာ မိုင်းကြောင့် ထိခိုက်မှု ခြောက်ခုလောက်ရှိခဲ့ပြီး တခြား ဒေသတွေထက် အများဆုံးဖြစ်တယ်လို့သိရပါတယ်။
နမ့်ဆန်မြို့နယ် လွယ်ခလေးရွာမှာပြုလုပ်မယ့် သံဃာ့စုံညီအစည်းအဝေးကို ကြွရောက်ဖို့သွားတဲ့ သံဃာ သုံးပါးဟာ မိုင်းငေါ့ကနေ လွယ်ကလေးရွာကို ဆိုင်ကယ်နဲ့ သွားချိန် အောက်တိုဘာ ၁၃ ရက်နေ့ညပိုင်းက လွယ်ပျက်နဲ့နမ့်တွေ ရွာကြားမှာ မိုင်းနင်းမိတာကြောင့် ခြေထောက်နဲ့ နံရိုးတွေမှာ ဒဏ်ရာရခဲ့ပါတယ်။
ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်းက ဦးတင်မောင်သိန်း က မိုင်ငေါ့မြို့နယ်ခွဲအနီး ကျေးရွာတွေမှာ မကြာခဏ မိုင်းပေါက်ကွဲလို့ ထိခိုက်မှုတွေရှိတယ်လို့ ပြောပါတယ်။
အလားတူ ရခိုင်ပြည်နယ်ဘက်မှာလည်း တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ၊ မိုင်းကြောင့် ဒဏ်ရာရတာတွေများလာ ပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေး နှစ်ဦးအပါအဝင် လူ သုံးဦးသေဆုံးခဲ့ပြီး သုံးဦး ပြင်းထန်တဲ့ဒဏ်ရာ ရခဲ့ပါတယ်။
မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ ဦးအောင်မြကျော်က သူ့ခံစားချက် ကို RFA ကို ပြောပြပါတယ်။
ပန်းမြောင်းကျေးရွာအလယ်က အောင်မင်္ဂလာတောင်မှာ တပ်မတော်ဘက်က တပ်စွဲထားပြီး တိုက်ပွဲ ဖြစ်ပွားရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီအိမ်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ဟာ တပ်မတော်က ပစ်ခတ်တာလို့ ရွာသားတွေနဲ့ မိသားစုက စွပ်စွဲထားပေမယ့် တပ်မတော်ဘက်ကတော့ ငြင်းဆိုထားပါတယ်။
မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေကို လျော့ချဖို့နဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အစိုးရက ဆောင်ရွက်နေတာ ပြီးခဲ့တဲ့ အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်ကတည်းကပါ။
လက်ရှိမှာလည်း အစိုးရက ဦးဆောင်ပြီး အမျိုသားအဆင့် မိုင်းကင်းစင်ရေး အာဏာပိုင်အဖွဲ့တစ်ခု ဖွဲ့စည်း ထူထောင်နိုင်ရေး ကြိုးပမ်းချက်အနေနဲ့ နေပြည်တော်မှာ ဒီနေ့ ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်က ပြန်လည် ထူထောင်ရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ စက် တင်ဘာလအထိ မိုင်းကြောင့် စုစုပေါင်း ၁၆၈ ဦး သေဆုံးဒဏ်ရာရမှု ရှိခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံအနှံ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေကို နေရပ် ပြန်လည်ပို့ဆောင်နိုင်ဖို့ စီစဉ်နေရာမှာ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေက မိုင်းရှင်းပေးဖို့ အစိုးရကို တောင်းဆိုထားတယ်လို့ ဦးဝင်းနိုင်ထွန်းက ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင့် RC ဒုက္ခသည်စခန်းမှာ လက်ရှိကျန်နေတာက အိမ်ထောင်စု ပေါင်း ၅၀ ကျော်၊ လူဦးရေ အနေနဲ့ ၂၅၀ ကျော်ရှိပါတယ်။
စခန်းတာဝန်ခံ ဒေါ်ရွယ်ဂျားက မိုင်းမရှင်းလင်းသေးတဲ့ ဒေသကသူတွေအနေနဲ့တော့ အစိုးရဘက်က လုံခြုံပါတယ်လို့ ဆိုပေမယ့် ပြန်ရဲမှာမဟုတ်ဘူးလို့ ပြောပါတယ်။
အစိုးရ၊ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ကြား NCA စာချုပ် လက်မှတ်မထိုးခင် နှစ်ဘက် ပဏာမ အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ ပြင်ဆင်နေကြတဲ့ အနေအထားမှာပဲ ရှိသေးတဲ့အတွက် စစ်ဘေးရှောင်တွေ နေရပ်ပြန်ပို့ဖို့ကိစ္စ ဘယ်တော့လောက် အကောင်အထည်ပေါ်မလဲ ဆိုတာကိုတော့ အတိအကျ မသိနိုင်သေးပါဘူး။
ဒီနေ့ နေပြည်တော်ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးက ဒုတိယ ဗိုလ်မှူးကြီး အေးဝင်း က တပ်မတော် က ဆောင်ရွက်နေတဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို ရှင်းပြသွားပါတယ်။
ရန်ကုန်မြို့ ဆွစ်ဇာလန်နိုင်ငံ သံရုံး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာန အကြီး အကဲ Mr. Thierry umbehr က မိုင်းကင်းစင်ရေးဆောင်ရွက်ဖို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ လုပ်ပိုင်ခွင့် ရှိဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ အပါအဝင် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ မသန်စွမ်းဖြစ်သူတွေကို အကူအညီပေးရ တာတွေ စတဲ့ လုပ်ရမယ့်ကိစ္စတွေ အများကြီးရှိနေသေးတယ်လု့ိ ပြောကြားသွားပါတယ်။