မြေမြှုပ်မိုင်းအန္တရာယ် ခြိမ်းခြောက်ခံနေရဆဲ မြန်မာပြည်

ဇင်မာဝင်း(ဝါရှင်တန်ဒီစီ)
2023.02.21
မြေမြှုပ်မိုင်းအန္တရာယ် ခြိမ်းခြောက်ခံနေရဆဲ မြန်မာပြည် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့လမ်းပိုင်းတွင် အိမ်စီးကားတစ်စီး မြေမြှုပ်မိုင်းထိလို့ ထိခိုက်လူနာများအား ပရဟိတအသင်းမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က သယ်ဆောင်ခဲ့စဉ်။
ရွှေလွိုင်ကော် ပရဟိတအသင်း

ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် အမှတ် ၂ရပ်ကွက်က နေအိမ်ခြံဝင်းတစ်ခုမှာ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က မိုင်းပေါက်ကွဲလို့ ငါးနှစ်အရွယ် ကလေးတစ်ယောက် သေဆုံးပြီး သုံးနှစ်အရွယ် ကလေးတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ကို နေ့စဉ် ခြိမ်းခြောက်ခံနေရတာပါ။

ဒီနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ RFA က ရရှိခဲ့တဲ့သတင်းတွေအရ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း ၂၆ ယောက် ရှိပါတယ်။ ထိခိုက်သေဆုံးသူအများစုက သာမန်အရပ်သားတွေပါ။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ထုတ်ပြန်ချက်တွေအရလည်း ၂ဝ၂၂ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့် သေဆုံးသူ ၁ဝ၂ ယောက်နဲ့ ကိုယ်လက်အင်္ဂါထိခိုက်ဒဏ်ရာရသူ ၂၈၈ ယောက်၊ စုစုပေါင်း အယောက် ၃၉၀ ရှိပါတယ်။ ဒီထဲမှာ ကလေး ၁၃၃ ယောက်နဲ့ လူကြီး ၂၅၇ ယောက် ပါဝင်ပါတယ်။ ဒါဟာ ၂ဝ၂၁ ခုနှစ်နဲ့စာရင် ၃၇ ရာခိုင်နှုန်း တိုးလာတယ်လို့ UNICEF က ဆိုပါတယ်။

၂ဝ၂၁ ခုနှစ်ကတော့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူ ၂၈၄ ယောက် ရှိခဲ့တာပါ။ မိုင်းကြောင့် နစ်နာသူတွေဟာ ရခိုင်၊ ချင်း၊ ကယား၊ ရှမ်း၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေက များပါတယ်။

ဖေဖော်ဝါရီ ၁၅ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ လမ်းမတော်ရပ်ကွက်က အသက် ၄၁ နှစ်အရွယ် ဦးဇော်မိုးလွင်ဟာ ထင်းရှာထွက်နေရင်း မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ဆုံးရှုံးခဲ့ရပါတယ်။

တိုက်ပွဲမရှိတဲ့နေရာမှာ မိုင်းထောင်ထားတာကို နင်းမိပြီး အခုလိုဖြစ်သွားတာလို့ ဦးဇော်မိုးလွင်ရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဦးမောင်သိန်းရွှေက ပြောပါတယ်။

“အဲဒီနေရာမှာ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး။ သူတို့က အဲဒီတောင်ပေါ်မှာနေတယ်။ သူတို့နေတဲ့နေရာနားမှာ ထောင်ထားတာဖြစ်မယ်။ ဒဏ်ရာက ခြေပြတ်သွားတော့ စိုးရိမ်ရတယ်လေ။ မိုင်းရှိတယ်ဆိုတာ ကျနော်တို့ မသိဘူး။ အခုလိုဖြစ်သွားတော့ စိတ်ဆိုးမိတာပေါ့”

အရပ်သားတွေဟာ စားဝတ်နေရေးအတွက် တောင်ယာသွား၊ ထင်းခုတ်၊ ဟင်းရှာ စတဲ့ နေ့တဓူဝအလုပ်တွေကိုတောင် လုပ်ကိုင်ဖို့ စိုးရိမ်ကြောက်လန့်နေကြပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ အရပ်သား နေရာတွေမှာ မြေမြှုပ်မိုင်းထောင်တာ မရှိဘူးလို့ အရင်က ငြင်းဆိုထားပါတယ်။

mine.jpeg
ရှမ်းပြည်နယ်၊ သီပေါမြို့အတွင်းက မိုင်းထိထားသော ဒေသခံတစ်ဦးအား ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မိုင်းအန္တရာယ်ကို အရပ်သားတွေအပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း ရင်ဆိုင်နေရတာပါ။

“ကျွန်တော် မြေမြှုပ်မိုင်းထိတာက ဒီမောဆိုမြို့နယ်မှာ တိုက်ပွဲကြားမှာပဲ မိုင်းနင်းမိတာ၊ ခြေထောက်နှစ်ဖက်စလုံးပဲ ပြောရမှာပေါ့၊ အဓိက ဘယ်ဘက်ကတော့ ခြေသလုံးမှာ အရိုးကျိုးသွားတယ်၊ ညာဘက်ကတော့ မိုင်းစင်မိတာနဲ့ဘာနဲ့ ဒဏ်ရာရတယ်၊ operation က ၂ခါ ၃ခါလောက် ဝင်ရတယ်။ ဆေးရုံမှာ ၃လလောက်ကြာသွားတယ်။”

၂ဝ၂၂ ခုနှစ် ဧပြီလလယ်လောက်က ကယားပြည်နယ် ဒီမောဆိုမြို့နယ်က တိုက်ပွဲတစ်ခုမှာ စစ်တပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးလိုက်ရတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဂျိုးဇက် ပြောသွားတာပါ။ တော်လှန်ရေးအဖွဲ့ဝင်တွေထဲမှာဆိုရင် မိုင်းကြောင့် ထိခိုက်သေဆုံးရသူတွေဟာ တိုက်ခိုက်ရေးတပ်သားတွေများပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကယားပြည်နယ်အတွင်း တိုက်ပွဲဖြစ်တဲ့နေရာတွေတင်မကဘဲ ပြည်သူတွေရဲ့ နေအိမ်ခြံဝန်းတွေမှာလည်း မြေမြှုပ်မိုင်းတွေ ထောင်လေ့ရှိတာကြောင့် နေအိမ်ပြန်ကြည့်တဲ့ ပြည်သူတချို့ ထိခိုက်သေဆုံးရတယ်လို့ ပြောကြပါတယ်။

“စစ်ဗျူဟာအတိုင်းဆိုရင် ခံစစ် နဲ့ ခွာစစ်မှာ (မိုင်း)အသုံးများတယ်၊ ချီစစ် တိုက်စစ်မှာ သိပ်မသုံးဘူး အသုံးနည်းတယ်။ ခံစစ်ဆိုတာက ကိုယ့်စခန်းကို လုံခြုံအောင်ကာဗာလုပ်တဲ့အခါ၊ စခန်းကို တော်လှန်ရေးဘက်ကလူတွေ လာတိုက်မယ်လို့ ခန့်မှန်းထားတဲ့အခါမျိုးမှာ စခန်းပတ်ပတ်လည်မှာ မိုင်းထောင်ထားတာမျိုး လုပ်တတ်တယ်၊ စခန်းရဲ့အဝင်လမ်းကြောင်းတွေ(တော်လှန်ရေးဘက်က လူတွေ ဘယ်လမ်းကြောင်းက ဝင်လာနိုင်မလဲဆိုတာ)ကို ကြိုတင်ခန့်မှန်းပြီး မိုင်းထောင်တတ်တယ်၊ ခွာစစ်မှာဆိုရင် အခြေအနေမကောင်းလို့ ခွာစစ် ဆင်ရမယ်ဆိုရင် သူတို့နေခဲ့တဲ့နေရာ သူတို့နေခဲ့တဲ့စခန်းမှာ မိုင်းတွေ ဆင်ပြီးထားတတ်တယ်၊ သမရိုးကျအချိန်တွေမှာလည်း သုံးတယ်၊ စစ်ပွဲတိုင်းမှာ မိုင်းကို သုံးပါတယ်၊ တော်လှန်ရေးဘက်ကလည်း မိုင်းနဲ့တိုက်ခိုက်တာများတော့ သူတို့အနေနဲ့ တန်ပြန်မိုင်းစစ်ဆင်ရေးပြန်လုပ်နေတယ်၊ တော်လှန်ရေးဘက်ကို ထောက်ခံအားပေးတဲ့ကျေးရွာတွေကို ရန်သူရှိရှိ မရှိရှိ အရပ်သားတွေနေတဲ့နေရာတွေမှာလည်း မိုင်းတွေထောင်လာနိုင်တယ်၊ ထောင်တယ်လို့လည်း ကြားနေရတယ်။”

စစ်တပ်ဘက်က မိုင်းအသုံးပြုလေ့ရှိတဲ့ ဗျူဟာတွေအကြောင်း ပြည်သူ့ဘက်ကူးပြောင်းထားတဲ့ CDM စစ်မြေပြင်အင်ဂျင်နီယာ ရဲဘော်မိုင်း ပြောသွားတာပါ။

mine4.jpg
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ခင်ဦးမြို့နယ်တွင် ရှာဖွေတွေ့ရှိရသည့် မြေမြှုပ်မိုင်းများ။ (Photo: Citizen Journalist)

စစ်ကောင်စီက ဘယ်လိုမိုင်းအမျိုးအစားတွေကို သုံးလေ့ရှိလဲဆိုတာကို သူက အခုလို ဆက်ရှင်းပြပါတယ်။

“စစ်တပ်မှာ ရာနဲ့ချီတဲ့ မိုင်းတွေရှိတယ်။ ဒါပေမဲ့အသုံးများတာက ခုနစ်မျိုးပဲ။ ကပစ စက်ရုံတွေကလည်း ထုတ်နိုင်တဲ့ မိုင်းတွေပေါ့။ အဲဒီ ခုနစ်မျိုးထဲမှာ နှစ်မျိုးက တင့်ဖြတ်မိုင်း- တင့်ကားတွေကို တိုက်ခိုက်တဲ့မိုင်း၊ ကျန်တဲ့ ငါးမျိုးကတော့ လူသတ်မိုင်း(လူတွေကို တိုက်ခိုက်တာ)။ အဲဒီထဲမှာ မြေမြှုပ်မိုင်း နှစ်မျိုးပါတယ်။ အများဆုံးတွေ့ရတဲ့ မြေမြှုပ်မိုင်း နှစ်မျိုးကို ပလတ်စတစ်နဲ့ လုပ်ထားတာ။ စစ်တပ်မှာ ခေါ်တာက ပလတ်စတစ်နင်းမိုင်းလို့ ခေါ်တယ်။ အသေးရယ် အကြီးရယ် နှစ်မျိုးကို သုံးကြတယ်။ အကြီးကတော့ နင်းတဲ့သူသေတယ်၊ အသေးကတော့ ခြေထောက်ပြတ်ရုံ၊ ထိခိုက်ဒဏ်ရာရရုံလောက်ပဲရှိတယ်။”

နိုင်ငံတကာ မြေမြုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားတဲ့အဖွဲ့ (ICBL) ရဲ့ ၂ဝ၂၂ နှစ်ကုန်က ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံမှာ လူသတ်မိုင်းလို့ခေါ်တဲ့ Antipersonnel landmine တွေ အသုံးပြုမှု ပိုတိုးလာတယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဒီမိုင်းကိုသုံးစွဲတဲ့နိုင်ငံဟာ မြန်မာနဲ့ ရုရှားနှစ်နိုင်ငံပဲ ကျန် တော့တယ်လို့ ဆိုပါတယ်။

၁၉၉၇ ခုနှစ်မှာ စတင်တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေးသဘောတူစာချုပ်မှာ မြန်မာကပါဝင်လက်မှတ်ရေးထိုးထားတာမဟုတ်တဲ့အတွက် မြန်မာဟာ ရုရှားနိုင်ငံပြီးရင်း မြေမြှုပ်မိုင်းအသုံးပြုမှု ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်တယ်လို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေက ထောက်ပြကြတာဖြစ်ပါတယ်။

နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေအရ မြေမြှုပ်မိုင်းတွေကို စစ်ကောင်စီတပ်ဘက်ကပဲ သုံးတာမဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တွေကလည်း အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။

ကယားပြည်နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဂျိုးဇက်ကတော့ တော်လှန်ရေးအဖွဲ့တွေက ပြည်သူတွေအပေါ် ထိခိုက်အောင် မလုပ်ဘူးလို့ ငြင်းဆိုပါတယ်။

“ကျွန်တော်တို့မှာ မြေမြှုပ်မိုင်းတွေက လက်ဝယ်မရှိပါဘူး၊ ကျွန်တော်တို့ဘက်မှာ ဒါတွေ မသုံးပါဘူး။ ကျွန်တော်တို့မှာရှိတာက စစ်ခွေးတွေ ထောင်ခဲ့တဲ့မိုင်းတွေ ဖြုတ်ထားတာပဲရှိတာ။ ဘယ်တော်လှန်ရေးတပ်သားမှ ကိုယ့်ကိုထောက်ခံတဲ့ပြည်သူတွေကို ဒီလိုမလုပ်ပါဘူး။”

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီစစ်ကြောင်းလာရာလမ်းတွေမှာ မိုင်းထောင်တိုက်ခိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီလမ်းတွေကို ပြည်သူတွေ အသုံးမပြုဖို့ မကြာခဏ ကြေညာလေ့ရှိပေမယ့် အခုနောက်ပိုင်း လုံခြုံရေးအခြေအနေတွေကြောင့် ကြေညာတာ သိပ်မတွေ့ရတော့ပါဘူး။ ရဲဘော်မိုင်းကတော့ မိုင်းကို ထောင်ခဲ့တဲ့ ဘယ်အဖွဲ့အစည်း ပြန်လည်ဖြုတ်သိမ်းကြဖို့ တာဝန်ရှိတယ်လို့ တိုက်တွန်းပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေက အရပ်သားပြည်သူတွေ မိုင်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိထားဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။