မန္တလေးက ဂျွန်းဗလီကို ဗိုလ်ချုပ်မှူးကြီး သွားရောက်လှူဒါန်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မန္တလေးမြို့က ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ကြီးတွေနဲ့ တွေ့ဆုံကာ လှူဒါန်းတာတွေလုပ်ခဲ့ပါတယ်။ ဘာသာရေးကိုအကြောင်းပြုပြီး တခြားမလိုလားအပ်တဲ့အမှုတွေ ဖြစ်မလာဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။
-
2019-09-11 -
-
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မန္တလေးမြို့က ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် ကြီးတွေနဲ့ တွေ့ဆုံကာ လှူဒါန်းတာတွေလုပ်ခဲ့ပါတယ်။ ဘာသာရေးကိုအကြောင်းပြုပြီး တခြားမလိုလားအပ်တဲ့ အမှုတွေ ဖြစ်မလာဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်က ဂျွန်းဗလီမှာ ဆန်၊ ဆီ၊ ပဲနဲ့ ငွေကျပ် သိန်းသုံးဆယ် လာရောက်လှူဒါန်းတဲ့ပွဲမှာ ကာကွယ်ရေးဦးစီးချုပ်က
“မြန်မာနိုင်ငံမှာနေကြတဲ့သူတွေ စည်းလုံးညီညွတ်ပြီး တရားဥပဒေနဲ့အညီ နေထိုင်ပြီး တိုင်းပြည်ရဲ့တိုး တက်ကြောင်းကို လုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်။ မြန်မာစကားပုံရှိပါတယ်။ နွားကွဲရင် ကျားဆွဲတယ်ဆိုတဲ့စကားပုံလိုပဲ ကျွန်တော်တို့တတွေ စည်းလုံးရင် ဘယ်သူမှ လာပြောလို့မရပါဘူး"
သူ့အနေနဲ့ကတော့ သူကိုင်တွယ်ရတဲ့အဖွဲ့အစည်းက အကြီးကြီးဖြစ်လို့ အားလုံးကို တပြေးတည်းဖြစ်အောင်လုပ်ရတာ ခက်ခဲတယ် လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
အဲဒီလှူဒါန်းပွဲမှာ အောင်မြင်သူကုမ္ပဏီနဲ့ တခြားသော ကုမ္ပဏီတို့ကလည်း ပါဝင် ပူးပေါင်းခဲ့ပါတယ်။
မန္တလေးတိုင်း အစ္စလာမ်သာသနာရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်က တပ်မတော်ခေါင်းဆောင်ကိုယ်တိုင် ရောက်လာတဲ့အတွက် ဝမ်းသာနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြို့တချို့မှာ အပိတ်ခံထားရတဲ့ ဗလီ ဝတ်ကျောင်းတွေ ပြန်ဖွင့်ပေးနိုင်ရေး အကူအညီပေးဖို့ကိုလည်း တောင်းဆိုကြောင်း အဲဒီလှူဒါန်းပွဲမှာ ပြောခဲ့ပါတယ်။
“အခုလို လာတဲ့အတွက်လည်း ဝမ်းသာအားရဖြစ်မိပါတယ်။ နိုင်ငံတော် အကြီးအကဲတွေရဲ့ ကရုဏာနဲ့ အခုလို အေးအေးချမ်းချမ်း ကျွန်တော်တို့ မျိုးဆက်သစ်ကလေးတွေကို သာသနာ့အဆုံးအမတွေကို သင်ကြားပေးနိုင် ပါတယ်။ အဲဒီလို အခွင့်အရေးတွေမရဘဲနဲ့ အခက်အခဲကြုံနေရတဲ့ အခြားဒေသက ကလေးတွေ သင်ကြားခွင့် မရနေတဲ့ ဗလီတွေ ဖွင့်ခွင့်ပြန်မရတောတွေကို စောင့်ရှောက်ကူညီပေးမယ်ဆို ဂုဏ်ယူဝမ်းမြောက်မိမှာဖြစ်တယ်“
ဂျွန်းဗလီ ဥက္ကဋ္ဌ ဟာဂျီညီညီကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အခုလို လာရောက်တာနဲ့ ပတ်သတ်ပြီး
“စနစ်တကျလာလှူတော့ ဝမ်းသာပါတယ်။ အကြီးအကဲတွေ တစ်ခါမှလည်း မလာဖူးဘူး၊ ပထမဆုံးအကြိမ် ဂျွန်းဗလီကို လာရောက်တဲ့အတွက် ဝမ်းသာပါတယ်“
ဗိုလ်ချုပ်မှူးကြီးဟာ မန္တလေးက နာမည်ကျော် မစိုးရိမ်ကျောင်းတိုက်နဲ့ ခရစ်ယာန်ကျောင်းတစ်ကျောင်း ကိုလည်း ဒီကနေ့ သွားရောက်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ ပြီးခဲ့တဲ့လကလည်း နေပြည်တော်မှာ ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာရေး အဆောက် အအုံတချို့ကို ထူးထူးခြားခြားသွားရောက်စဉ်က အများက အံ့အားသင့်ခဲ့ကြပါသေးတယ်။
နေပြည်တော် ပျဉ်းမနားက ဦးဂျေး ဂျာမေဗလီနဲ့ စိန့်မိုက်ကယ် ကက်သလစ်ခရစ်ယာန်ကျောင်းတို့ ဖြစ်ပါတယ်။
တပ်မတော်ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊ စေတီပုထိုးတွေကိုသာ သွားရောက်လှူဒါန်းလေ့ရှိခဲ့တာပါ။
အခုတလော ဗိုလ်ချုပ်မှူးကြီးရဲ့ အလှူအတန်းဆိုင်ရာ ခြေလှမ်းတွေက လတ်တလော အခြေအနေတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ရန်ကုန်မြို့က တိုင်းရင်းသားအရေး၊ စစ်ရေး၊ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက ခန့်မှန်း ပါတယ်။
“အဓိကကတော့ နိုင်ငံတကာကနေပြီးတော့ ရခိုင်မြောက်ပိုင်းအရေးနဲ့ပတ်သတ်ပြီး လူမျိုးရေးအရကော၊ ဘာသာရေးအရကော ခွဲခြားဆက်ဆံတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပြင်းထန်လာတဲ့အချိန်မှာ၊ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မတီကနေ အစီရင်ခံစာတွေ အပေါ်မှာ ပြန်လည်တုံ့ပြန်တယ်လို့ ယူဆရမှာပဲ”
အခုလို ဗိုလ်ချုပ်မှူးကြီးရဲ့ မန္တလေးက ဘာသာရေးကျောင်းတွေဆီ သွားရောက်လှူဒါန်းတာတွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။
‘’မန္တလေး မစိုးရိမ်ကျောင်းတိုက်မှာ ဒီနေ့မနက်ပိုင်းက ဆွန်းဆန်တော် ဆီ၊ ဆား၊ ပဲပေါ့၊ အလှူငွေတွေ လှူဒါန်းခြင်း ဆောင်ရွက်ပါတယ်၊ ညနေပိုင်းကတော့ ဗန်းမော်ကျောင်းတိုက်ကိုသွားပြီး ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲ အလှူငွေတွေ လှူဒါန်းပါတယ်၊ ချမ်းအေးသာဇံက ဂျွန်းဗလီမှာနဲ့ နောက်အောင်မြေသာဇံက ရွှေနှလုံးတော် ကက်သလစ်ဘုရားကျောင်းကို သွားရောက်ပြီးလှူဒါန်းခဲ့တာရှိတယ်၊ ဂျွန်းဗလီအခြေခံဘာသာရေး စာသင်ကျောင်းက ဒေါက်တာမောင်မောင်က လက်ခံပါတယ်၊ ရွှေနှလုံးတော်ကက်သလစ်က ဂိုဏ်းချုပ်ဆရာတော် ဖာသာ က လက်ခံပါတယ်၊ အစ္စလာမ်နဲ့ ခရစ်ယန်ဘာသာရေးအဖွဲ့တွေကို အလှူငွေ ၉၅ သိန်း ကုလားပဲ၊ ဆန်၊ ဆီ၊ ဆား လှူဒါန်းခဲ့ပါတယ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်မှာ စည်းလုံးညွီတ်စွာနဲ့ တစ်သွေး တစ်သားတည်းစိတ်နဲ့ ကောင်းမွန်စွာဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါတယ်’’
ဒီကနေ့မှာဆိုရင် တပ်မတော် ကြည်း၊ ရေ၊ လေ အဖွဲ့ကနေပြီတော့ ဂျွန်းဗလီ အခြေခံဘာသာရေး စာသင်ကျောင်းကို ဆန်အိတ် ၁၁၀၊ ပဲ ၂ အိတ်နဲ့ ဆီ ၁၅ ပိသာ လှူဒါန်းခဲ့ပါတယ်။
(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)