ဘာသာရေးကို ခုတုံးမလုပ်ကြဖို့ တပ်ချုပ်ပြော

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယဉ်ကျေးမှုနဲ့ ဘာသာရေး ဓလေ့ထုံးစံတွေအပေါ်မူတည်ပြီး ဆောင်ရွက်ရတာတွေရှိပေမယ့် ဘာသာ တရားကို ခုတုံးလုပ်ပြီး မတည်မငြိမ်ဖြစ်အောင် မလုပ်ဆောင်သင့်၊ အားမပေးသင့်ဘူး လို့ ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်မှာ ၂၀၁၉ နိုဝင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲမှာတွေ့ရစဉ် Photo: Thiha Tun/RFA

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယဉ်ကျေးမှုနဲ့ ဘာသာရေး ဓလေ့ထုံးစံတွေ အပေါ်မူတည်ပြီး ဆောင်ရွက်ရတာတွေရှိပေမယ့် ဘာသာတရားကို ခုတုံးလုပ်ပြီး မတည်မငြိမ်ဖြစ်အောင် မလုပ် ဆောင်သင့်၊ အားမပေးသင့်ဘူးလို့ ပြောပါတယ်။

ဘာသာရေး ပြဿနာတွေကို တိတိကျကျ တားမြစ်ရမှာဖြစ်သလို အပြစ်မဲ့ဓားစာခံတွေကို ကာကွယ်ပြီး  အကူ အညီပေးရမှာဖြစ်ကြောင်း၊ ဒီကိစ္စတွေကို အကောင်အထည်ဖော်ဖို့ တိကျမြန်ဆန် ထိရောက်တဲ့ အစီအစဉ်တွေ ရှိကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပေးပြောကြားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဖိအားပေး မှုတွေ အများအပြားရင်ဆိုင်နေရတဲ့ အစိုးရနဲ့တပ်မတော် ခေါင်းဆောင်ပိုင်းတွေဟာ ဒီနေ့ နေပြည်တော်မှာကျင်းပ တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို စုံစုံလင်လင်တက်ရောက်လာပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းမေတ္တာအဖွဲ့က ဦးဆောင်ပြီး နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ဒီနေ့ တတိယအကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုဟာ ဒွန်တွဲနေကြောင်း၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့အတွက် ဘာသာပေါင်းစုံကြား ဟန်ချက်ညီတဲ့ တရားမျှတမှုရှိဖို့ ကြိုးစားသွားမှာကို အာမခံကြောင်း အင်္ဂလိပ် ဘာသာနဲ့ မိန့်ခွန်းပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေး ပြဿနာတွေကို တိတိကျကျ တားမြစ်ရမှာဖြစ်သလို အပြစ်မဲ့ဓားစာခံတွေ ကို ကာကွယ်ပြီး အကူအညီပေးရမှာဖြစ်ကြောင်း ပြောပါတယ်။

“ဘာသာရေးပြဿနာတွေကို တိတိကျကျတားမြစ်ရမယ်၊ အပြစ်မဲ့ ဓါးစာခံတွေကို ကာကွယ်ပြီး အကူအညီပေးရ ပါမယ်၊  ကျမတို့မှာ ဒါတွေလုပ်ဖို့ တိကျမြန်ဆန်ပြီး ထိရောက်တဲ့ အစီအစဉ်တွေရှိပါတယ်၊ ကျမတို့ရဲ့ သစ္စာတရား နဲ့ ယုံကြည်ချက်က တိုင်းပြည်ကို တည်ဆောက်ဖို့ ကူညီပါတယ်၊ ကျမတို့ရဲ့ သစ္စာတရားနဲ့ ယုံကြည်ချက်က  မကောင်းမှုတွေကို ကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်၊ ဒီဖိုရမ်မှာပါဝင်တဲ့ လူအားလုံးက ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့အရာအားလုံးကို ကျော်ဖြတ်နိုင်ဖို့အတွက် ကျမတို့ရဲ့ သစ္စာတရားနဲ့ ယုံကြည် ချက်ကို ပိုအားကောင်းအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်၊ ကျေးဇူးတင်ပါတယ်။”

နေပြည်တော်မှာကျင်းပတဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း ပထမဆုံးအကြိမ် တက်ရောက်လာပါတယ်။

သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဓူ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေထံကို သွားရောက်တွေ့ဆုံပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်ဆိုပြီး တပ်မတော် ထိပ်တန်း ခေါင်းဆောင်တွေကို နိုင်ငံတကာက စွပ်စွဲနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပေမယ့်  မြန်မာနိုင်ငံမှာ စည်းလုံးညီညွတ်မှု လိုအပ်နေချိန်ဖြစ်တဲ့အတွက် ဒါကိုဦးတည်ဆောင်ရွက်နေတာလို့ တပ်မတော်ဘက်က ပြောထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယဉ်ကျေးမှုနဲ့ ဘာသာရေး ထုံးတမ်း ဓလေ့ထုံးစံတွေအပေါ် မူတည်ပြီး ဆောင်ရွက်ရတာတွေရှိပေမယ့် ဘာသာတရားကို ခုတုံးလုပ်ပြီး မတည်မငြိမ်ဖြစ်အောင် မလုပ်ဆောင်သင့်၊ လှုံ့ဆော်တာကိုလည်း အားမပေးသင့်ဘူးလို့ ပြောပါတယ်။

NCA အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ဥပဒေပြင်ပ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်၊ ပြည်သူတွေရဲ့မျက်နှာကိုကြည့်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို လျှောက်လမ်းဖို့ ထပ်မံဖိတ်ခေါ်တယ်လို့လည်း ပြောပါတယ်။

ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့တစ်ခုက မြန်မာ့တပ်မတော်နဲ့ အစိုးရ ခေါင်းဆောင်တွေကို ရခိုင်ပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ မနေ့က တရားစွဲခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို အရေးယူပေးဖို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ထံ အစ္စလာမစ်နိုင်ငံများအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလ ၁၁ ရက်နေ့က တင်သွင်းခဲ့ပါတယ်။

ဒီလို ဘာသာပေါင်းစုံဆွေးနွေးပွဲတွေကျင်းပခြင်းအားဖြင့် နိုင်ငံတကာက ဖိအားတွေနဲ့ စွပ်စွဲချက်တွေအပေါ် အကျိုးသက်ရောက်မှုရှိစေမလားလို့ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို မေးကြည့်ရာမှာ အလုပ်နဲ့ သက်သေပြရမယ်လို့ သူက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဘီရှော့ဂိုနာစတောဆက် Bishop Gunnar Stalsett  က ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည် ပြဿနာကို ဖြေရှင်းဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးအပါအဝင် အဆင့်တိုင်းမှာ မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းဖို့ ထည့်သွင်းပြောဆို ခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင် တွေလည်း တက်ရောက်လာရာမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက တိုက်ပွဲတွေအတွင်း အပြစ်မဲ့၊ လက်နက်မဲ့ ကြားခံ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားဆောင်ရွက် နေတဲ့ အဖွဲ့အစည်းတွေကို တွေ့ရတာ ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ က ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာသံရုံးတွေက တာဝန်ရှိသူတွေ၊ ပြည်တွင်းနဲ့ ပြည်ပ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဘာသာပေါင်းစုံက  ဘာသာရေးခေါင်းဆောင်တွေလည်း တက်ရောက်လာပါတယ်။

နိုင်ငံပေါင်း ၉ဝ မှာ Religions For Peace လို့ခေါ်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ခွဲတွေရှိပြီး ငြိမ်းချမ်း မေတ္တာ ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံမှာ ၂ဝ၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org