အကြမ်းဖက်လုပ်ရပ်တွေကို စစ်ကောင်စီကသာ ကျူးလွန်နေတာလို့ ဒီမိုကရေစီအင်အားစုတွေ တုံ့ပြန်

အာဏာသိမ်းစစ်တပ်က ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ကာကွယ်ဖို့ တော်လှန်ရေးအင်အားစုတွေက လက်နက်ကိုင်တိုက်ပွဲဝင်နေရတာ ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့စဉ်။ AFP

တွေ့ဆုံဆွေးနွေးဖို့ဆိုရင် အကြမ်းဖက်လမ်းကြောင်း မလုပ်ဖို့နဲ့ အကြမ်းဖက်မှုကို ရှုတ်ချကြောင်း ကမ္ဘာသိကြေညာမှသာ ဖြစ်နိုင်မယ်လို့ အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ်လ ၂၂ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ သူက ဆိုပါတယ်။

"တွေ့ဆုံဆွေးနွေးရေးသွားဖို့အတွက် အကြမ်းဖက်လုပ်ရပ်တွေ မလုပ်တော့ပါဘူးလို့ ကမ္ဘာသိဝန်ခံဖို့ လိုတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချပါတယ်လို့ ကမ္ဘာသိကြေညာဖို့လိုတယ်"

စစ်ကောင်စီပြောခွင့်ရသူရဲ့ ဒီပြောဆိုချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရပြောခွင့်ရသူ ဦးနေဘုန်းလတ်က ကန့်ကွက်လိုက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ပြည်သူအပေါ် အကြမ်းဖက် သတ်ဖြတ်နေတာတွေကို ကာကွယ်ဖို့ တော်လှန်ရေးအင်အားစုတွေက လက်နက်ကိုင် တိုက်ပွဲဝင်နေရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"ကိုယ့်တိုင်းပြည်မှာ တိုင်းသူပြည်သားတွေကို လက်နက်ကိုင်ပြီး အကြမ်းဖက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒီတိုင်းသွားပြီး ဖျောင်းဖျလို့ မရတဲ့အတွက် ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးကို NUG အပါအဝင် တိုင်းရင်းသားအင်အားစုတွေနဲ့အတူ ပြည်သူတွေရဲ့ထောက်ခံမှုနဲ့ တော်လှန်ရေးလုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့ အကြမ်းဖက်အလုပ်တွေ လုပ်တာမဟုတ်ဘူး"

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းကလည်း အကြမ်းဖက်လုပ်ရပ်တွေကို စစ်ကောင်စီကသာ ကျူးလွန်နေတာဖြစ်ပြီး စစ်ကောင်စီဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့အဖွဲ့မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

"သူတို့က ငြိမ်းချမ်းရေးလိုချင်တဲ့အုပ်စုမဟုတ်တာ အသေအချာပဲ။ သူတို့က အကြမ်းဖက်အဖွဲ့ဖြစ်တဲ့အတိုင်း အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို အမြဲတမ်းဆက်လုပ်နေတာပဲ။ အပြစ်မဲ့ပြည်သူတွေကို လေကြောင်း တိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တဲ့အခါကျတော့ ဒါက သူတို့ဘက်မှာ ငြိမ်းချမ်းရေးလိုလားတဲ့ သဏ္ဍာန်မတွေ့ရဘူး။ လောလောဆယ်မှာ သူတို့(စစ်ကောင်စီ)ရဲ့လုပ်ရပ်တွေကိုကြည့်ရင် ငြိမ်းချမ်းရေးကတော့ ဝေးတယ်လို့ ပြောရမယ်။ ကျွန်တော်တို့က အကြမ်းဖက်မှုတွေ လိုချင်တာမဟုတ်ဘူး။ ကျွန်တော်တို့က စစ်ကောင်စီကို လက်နက်ကိုင်ပြီး စတိုက်ခဲ့တာမဟုတ်ဘူး။ ကိုယ့်ဘာကိုယ် ကာကွယ်ဖို့ လက်နက်ကိုင်တော်လှန်ခဲ့တာ။ ယနေ့အချိန်အထိ ကြည့်လိုက်ရင် ဒီလအတွင်းမှာတောင် အပြစ်မဲ့ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ လေကြောင်းနဲ့ အဲဒါတွေလုပ်တော့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ဖို့ခက်တယ်။"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသူတွေနဲ့ တွေ့ဆုံမှာ မဟုတ်ဘူးလို့ ပြောပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တော့ ငြိမ်းချမ်းရေး ဆက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

"စစ်တပ်နိုင်ငံရေးက မဆုတ်မချင်း ကျွန်တော်တို့ ဆက်လုပ်သွားရမှာပဲ၊ ရှိတဲ့ ဖိအားပေါင်းစုံနဲ့ဆက်လုပ်သွားမှာပဲဖြစ်တယ်"

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက စစ်တပ်က နိုင်ငံရေးက မဆုတ်ခွာမချင်း တိုက်ပွဲဆက်လက်ဝင်နေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ထူးထူးခြားခြားပြောစရာမရှိပါဘူး။ ကျွန်တော်တို့မှာ ကိုယ့်ရပ်တည်ချက် ခိုင်ခိုင်မာမာရှိပြီးသားပါ၊ စစ်တပ်က နိုင်ငံရေးက ဆုတ်ခွာရမယ်ဆိုတာ အပြီးပဲလေ။ ဒီထက်ပိုမပြောနိုင်ဘူး၊ အဲဒီစကားတွေက ဘာမှ ဝေဖန်ပြောစရာလည်း မလိုဘူး။ စစ်တပ်နိုင်ငံရေးက မဆုတ်မချင်း ကျွန်တော်တို့ ဆက်လုပ်သွားရမှာပဲ၊ ရှိတဲ့ ဖိအားပေါင်းစုံနဲ့ဆက်လုပ်သွားမှာပဲဖြစ်တယ်၊ နိုင်ငံရေးက မဆုတ်မချင်း စိတ်မဝင်စားဘူး၊ ဘာပဲပြောပြော"

မနေ့က သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီက သူတို့ရုံးစိုက်တဲ့ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံခဲ့ပါတယ်။ ကယားပြည်နယ်ထဲက PDF အကြမ်းဖက်တွေ တိုက်ခိုက်တာလို့ သူကပြောဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးမှုကိုတော့ ထုတ်ဖော်ပြောမသွားပါဘူး။

၂ဝ၂၃ ခုနှစ် ဩဂုတ်လအတွင်း နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ထဲမှ ဘို့မအထက်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရအပြီး အပျက်အစီးများအား တွေ့ရစဉ်။ (Photo: Tun Myanmar Donation)

သံတောင်မြောက်ပိုင်းအထူးဒေသ - NTDF နဲ့ ဖယ်ခုံသစ်ကြိတ် (1004) PDF တပ်ရင်းတို့က ပျဉ်းမနားမြို့နယ်ထဲ ဘို့မသံတောင်နဲ့အနီးတဝိုက် ကျေးရွာတွေက စစ်ကောင်စီစခန်းတွေကို သြဂုတ်လ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ တိုက်ခိုက်ခဲ့တယ်လို့ သြဂုတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မနေ့က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာပဲ အမေရိကန်က စစ်ကောင်စီလက်အောက်ခံ ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူတာနဲ့ ပတ်သက်ပြီး ထိခိုက်မှုရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို ဇူလိုင်လ ၂၁ ရက်နေ့က အမေရိကန်က ပိတ်ဆို့အရေးယူခဲ့ပါတယ်။

ဒီပိတ်ဆို့အရေးယူမှုဟာ တစ်ဖက်သတ်ဖြစ်ပြီး အကြောင်းပြချက်ကလည်း ခိုင်မာမှုမရှိကြောင်း စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။ ဒါပေမဲ့ ဒီဘဏ်နှစ်ခုကို ပိတ်ဆို့လိုက်တာကြောင့် နိုင်ငံခြားငွေသုံးစွဲမှု၊ ပို့ကုန်သွင်းကုန်၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံ အဆောက်အအုံတွေ ထိခိုက်မှုရှိတယ်လို့တော့ ဝန်ခံသွားပါတယ်။

MFTB နဲ့ MICB ဘဏ်နှစ်ခုလုံးဟာ မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စတဲ့ နိုင်ငံခြားငွေတွေ အများဆုံးစီးဆင်းနေတဲ့ ဘဏ်တွေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေအသုံးချပြီး ဖိနှိပ်ကြောင်း၊ စစ်တပ်ဟာ ရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးတယ်လို့ အမေရိကန်က ကြေညာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org