ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာ တိုက်ပွဲပြင်းထန်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတပ်တွေနဲ့ အင်အားသုံးတိုက်ခိုက်နေပါတယ်။
-
RFA Burmese
2023-02-04 -
-
-
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတပ်တွေနဲ့ အင်အားသုံးတိုက်ခိုက်နေပါတယ်။
ချင်းတွင်းမြစ်ကြောင်းတလျှောက် ထောက်ပံ့ရေးလမ်းကြောင်းအတွက် အရေးပါတဲ့ ရွှေပြည်အေးမြို့သစ်ကို ထိန်းချုပ်ဖို့ကြိုးစားတာကနေ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအကြား တိုက်ပွဲတွေ ပြင်းထန်လာတာပါ။
"သူတို့တိုက်တုန်း၊ ခိုက်တုန်းဆိုတော့ လေယာဉ်တွေနဲ့လည်း အပေါ်ကနေကြဲတယ်"
တိုက်ပွဲကြောင့် ဒီကနေ့အထိ ဒေသခံ နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ တယ်လို့ ကိုယ်တိုင်စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့လည်း ရွှေပြည်အေးကပဲ။ ရွှေပြည်အေးကနေ ထွက်ပြီးမှာ နောင်ဆန်းကျင်၊ နောင်ဆန်းကျင်မှာ ခဏခိုပြီးမှာ ဟုမ္မလင်းဘက်ကို ကျနော်တို့ ရောက်သွားကြတာ။ (စစ်ဘေးဒုက္ခသည်က) ရှိတာပေါ့ဗျာ။ တစ်မြို့လုံးလိုလို ဆိုတော့လေ။ တစ်မြို့လုံးဆို တစ်ထောင်မကဘူးလေ။ တစ်မြို့လုံးမှာ အိမ်ခြေ ၅၀၀၊ ၆၀၀ လောက်ရှိတာဆိုတော့လေ။ သူတို့တိုက်တုန်း၊ ခိုက်တုန်းဆိုတော့ လေယာဉ်တွေနဲ့လည်း အပေါ်ကနေကြဲတယ်။ လက်နက်ကြီး၊ လက်နက်ငယ်လည်း အမြဲတမ်းပစ်နေကြတာဆိုတော့လေ။ ဘယ်သူမှ (အိမ်မှာ) ခိုလှုံလို့မရဘူး။ အဲဒီလိုဖြစ်နေတယ်”
ရွှေပြည်အေးမြို့သစ်ကို စွန့်ခွာထွက်ပြေးလာရတဲ့ ဒေသခံတွေဟာ အနီးပတ်ဝန်းကျင် ရွာတွေဖြစ်တဲ့ လောင်းမင်းရွာ၊ မြင်သာရွာ၊ ဆာဖာရွာ စတဲ့ ရွာတွေအပြင် ဟုမ္မလင်း မြို့ပေါ်အထိ တိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။
ခန္တီးခရိုင်အမှတ် (၁) တပ်ရင်း-ဟုမ္မလင်း၊ HPDF-124 ၊ HPDF ၊ HPDF- မိုးကြိုး စတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွေက ရွှေပြည်အေးမြို့သစ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ စတင်တိုက်ခိုက်ခဲ့တာပါ။ ရွှေပြည်အေးမြို့သစ်ကို သိမ်းယူထားနိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၁ ရက်မှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းရာမှာ လေကြောင်းကနေ ငါးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ PDF တွေက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်မှာတော့ စစ်ကောင်စီက ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးမှာအသုံးပြုတဲ့ ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF-124) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“၁ ရက်နေ့မှာက လေကြောင်းက သုံးကြိမ်၊ မနေ့ကကို လေကြောင်းက နှစ်ကြိမ် ဝင်တယ်။ မနက်ပိုင်းတစ်ခေါက်နဲ့ နှစ်နာရီခွဲလောက်မှာ တစ်ကြိမ်ဝင်တယ်။ Mi-35 (တိုက်ခိုက်ရေး ရဟတ်ယာဉ်) နဲ့ ဝင်ပစ်တယ်။ Mi-17 ကကျတော့ လူချတယ်ပေါ့လေ။ လူချတဲ့အချိန် ကျနော်တို့က ရဟတ်ယာဉ်ကို ပစ်လိုက်တာ။ ဒီနေ့တော့ တိုက်ပွဲ ဖြစ်တာမျိုးတွေ မရှိသေးဘူး။ ဒါပေမဲ့ ရန်သူဘက်ကတော့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာမျိုးတွေ၊ ပြီးတော့ လူ၊ စစ်ကြောင်းထွက်ဖို့အတွက် ပြင်နေတာမျိုးတွေ ဆက်ပြီးတော့ ရှိနေတယ်။ သူတို့ဘက်က လှုပ်ရှားမှုတွေတော့ ရှိနေတယ်ဗျ”
ပစ်ချခံလိုက်ရတဲ့ Mi-17 ရဟတ်ယာဉ်ဟာ ရွှေပြည်အေးမြို့သစ်ရဲ့ မြို့ထဲ မြမဉ္ဇူ ဈေးဆိုင်အနီးမှာ ပျက်ကျသွားတာဖြစ်တယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် သေဆုံးပြီး PDF တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက ဆိုပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရွှေပြည်အေးမြို့သစ် တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်က ထုတ်မပြောပါဘူး။ ဒါပေမဲ့ ဒီတိုက်ပွဲမှာ PDF တွေနဲ့အတူ KIA ကပါ ဝင်ရောက်တိုက်ခိုက် နေတယ်လို့ သူက RFA ကို ပြောပါတယ်။
“ဖြစ်တာတော့ လာပြီးတော့မှ ဟို KIA နဲ့ ဟိုအဖွဲ့တွေ လာပြီးတော့မှ ဝင်လာတယ်၊ ဝင်လာပြီး မီးရှို့ပြီးမှ ပြန်ထွက်သွားတယ်လို့ ပြောတယ်။ ကျနော်လည်း အဲဒီလောက်ပဲ သိသေးတယ်။ အသေးစိတ် ရှောင်သွားတာ၊ ပြုသွားတာတို့ အဲဒီလိုတော့ မသိသေးဘူး။ ဝင်ပြီး တိုက်ပွဲဖြစ်တယ်ဆိုတော့ ပစ်တာခတ်တာတော့ ရှိမှာပေါ့”
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ကာလုံအစည်းအဝေးမှာတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း မြို့နယ် ၃၃၀ အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းတဲ့ မြို့နယ်က ၁၉၈ မြို့နယ်၊ လုံခြုံရေး အလေးထားဆောင်ရွက်ရမယ့် မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေး ထိထိရောက်ရောက်ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ မြို့နယ်ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်း နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် ၁ ဒသမ ၂ သန်း ရှိလာပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တစ်လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် တစ်သောင်း နှစ်ထောင်ကျော် (၁၂,၂၅၅) တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။