ဂွမြို့မှာ တိုက်ပွဲပြင်းထန်ချိန် ဧရာဝတီတိုင်းကို စစ်ရေးတင်းကျပ်
ဂွမြို့အနီးမှာ တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်က ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ရခိုင်ရိုးမတစ်လျှောက် စစ်ရေးပြင်နေပါတယ်။
-
RFA Burmese
2024-12-14 -
-
-
ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့အနီးမှာ တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်က ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ရခိုင်ရိုးမတစ်လျှောက် စစ်ရေးပြင်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရခိုင်ရိုးမအစပ်မှာ အမြောက်လက်နက်ကြီးတွေတပ်တာ၊ မြေမြှုပ်မိုင်းထောင်တာနဲ့ ဧရာဝတီတိုင်းဘက်က အရပ်သားတွေကို ရခိုင်ပြည်နယ်ထဲ ဝင်ခွင့်ကန့်သတ်တာတွေလုပ်နေတာလို့ ဆိုပါတယ်။
“ဧရာဝတီတိုင်းကတော့ ရိုက်ခတ်မှုရှိသွားပြီပေါ့။ AA ထိုးစစ်ကြောင့်။ ဘာလို့လဲဆိုတော့ ဂွကလည်း ကျလုဆဲဆဲ ဖြစ်သွားပြီးပေါ့နော်"
သာပေါင်းမြို့နယ် ငဝန်မြစ်အနောက်ဘက်က ရိုးမနဲ့နီးတဲ့ အလယ်စုနဲ့ မရမ်းချိုရွာတွေမှာ ဒီဇင်ဘာလဆန်းကစပြီး နေ့စဉ် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာပေါင်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်တပ် တက်လာလိုက်၊ ရဲတွေနဲ့ တက်လာလိုက် အဲဒီလို လာလာနေတယ်။ ဒါပေမဲ့ သူတို့က ဘယ်ဟာကို အကြောင်းပြလဲတော့ မသိဘူး။ ဆိုင်ကယ်သမားတွေကြီးပဲ ဖမ်းတာပဲ။ ဟိုဘက်ကိုကျော်ပြီး မသွားရမယ့် နေရာတွေမှာ တောသမားတွေ သွားလို့လည်း မရအောင်ပေါ့။ အဲဒီနေရာတွေကို သူတို့က မသွားရ၊ မလာရဘူး။ မဝင်ရ၊ မထွက်ရဘူး။ အဲဒီကနေ ဟိုဘက်ကို မသွားရဘူး။ အဲဒီမှာ သူတို့ မိုင်းထောင်ထားတယ်ပေါ့ သဘောက။ လက်လုပ်လက် စားသမားတွေကတော့ အခက်အခဲ တအားရှိတာပေါ့”
ရခိုင်ပြည်နယ်က တိုက်ပွဲကြောင့် ရေကြည်မြို့နယ်အခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်မှာ ဗျူဟာမှူးကိုယ်တိုင် လာရောက်အထိုင်ချပြီး စစ်ရေးပြင်နေတယ်လို့ ရေကြည်မြို့ခံတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
ဧရာ၀တီတိုင်းနဲ့ ရခိုင်ရိုးမအစပ်က ရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး
ဂွမြို့အနီးတိုက်ပွဲကြောင့် ဒေသခံတွေ ပြောင်းရွှေ့ကြဖို့ စစ်ကောင်စီတပ် ပြော
ဂွမြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ် အပြင်းအထန် ခုခံနေ
ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ဧရာဝတီတိုင်းဘက် ဝင်ခွင့်ပြုထားပြီး ရခိုင်ပြည်နယ်ဘက် ပြန်မဲ့သူတွေကို စစ်ကောင်စီတပ်က ကန့်သတ်ထားတယ်လို့ လုံခြု့ရေးအရ အမည်မဖော်လိုတဲ့ ရေကြည်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဘယ်လိုခေါ်မလဲပေါ့ အစ်ကိုရယ် မှတ်ပုံတင်စစ် ဘာညာပေါ့။ ဟိုဘက်အခြမ်းက လာတာကိုတော့ သူတို့ ခွင့်ပြုထားတယ်။ ဒီဘက်က အထွက်ကို မရတော့ဘူး။ ဟိုဘက်က အစ်ကိုရယ် တချို့ဆို စစ်ရှောင်တွေက အခုမှ တချို့လာတာတွေ ရှိတာပေါ့။ စိုးရိမ်တာကတော့ စိုးရိမ်ကြတာပေါ့ဗျာ။ ဒီဘက် ကူးလာမလား။ ဘာညာ ဒီလောက်ပါပဲ။ ဖြစ်လာတော့လည်း ဘာတတ်နိုင်တော့မလဲ။ ကျွန်တော်တို့ ဒီနေရာကနေ ဘယ်ပြေးမလဲ။ ရန်ကုန်ပဲရှိတယ်။ ကျွန်တော်တို့ ရှောင်စရာဆိုလို့”
ဒီဇင်ဘာ ၁၀ ရက်နောက်ပိုင်း ရခိုင်ပြည်နယ် တိုက်ပွဲတွေကနေ ဒဏ်ရာရလာတဲ့ စစ်ကောင်စီတပ်သားတွေကို ငသိုင်းချောင်းမြို့ကနေတစ်ဆင့် ပုသိမ်မြို့ကို စစ်ကားတွေနဲ့ သယ်သွားတယ်လို့ ငသိုင်းချောင်းမြို့ခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ငသိုင်းချောင်း၊ ရေကြည်၊ သာပေါင်း စတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်ရေးပြင်နေချိန်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ဧရာဝတီတိုင်းစစ်ဌာနကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
ဧရာဝတီတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားတိုက်ပွဲဝင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကြောင့် ဂွမြို့ကို စစ်ကောင်စီတပ်က မကြာခင် လက်လွှတ်ရဖို့ရှိနေတာကြောင့် ဧရာဝတီတိုင်း အတွက်လည်း စစ်ရေးအရ သက်ရောက်မှုရှိလာတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဗိုလ်ကြီး ဇင်ယော်က RFA ကို ပြောပါတယ်။
“ဧရာဝတီတိုင်းကတော့ ရိုက်ခတ်မှုရှိသွားပြီပေါ့။ AA ထိုးစစ်ကြောင့်။ ဘာလို့လဲဆိုတော့ ဂွကလည်း ကျလုဆဲဆဲ ဖြစ်သွားပြီးပေါ့နော်။ အဲဒီတော့ ဒီ AA ရဲ့ စစ်ရေးရည်မှန်းချက်က ဘယ်အထိသွားမလဲ။ ကျွန်တော်တို့ ပြည်မထဲကို ဝင်မလား။ ဧရာဝတီတိုင်းထဲကို စိမ့်ဝင်မလားပေါ့နော်။ အဲဒီလိုမျိုး အနေအထားနဲ့ မှီတင်းပြီး လုပ်နေရတဲ့ အနေအထားရှိပါတယ်”
စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ဒီဇင်ဘာလ ၁၃ ရက် မနေ့ညကစလို့ ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၆၃) ကို အာရက္ခတပ်တော် (AA) ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဂွမြို့ ဒေသခံတွေက ပြောပါတယ်။