စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း အဖမ်းခံရတဲ့ ရှေ့နေ ၂၀ အထိရှိ
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အချိန်အထိ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်တာကြောင့် ဖမ်းဆီးခံရပြီး နိုင်ငံရေးအမှုတွေနဲ့ တရားစွဲခံထားရတဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေအပါအဝင် ရှေ့နေစုစုပေါင်း ၂၀ ဦး အဖမ်းခံထားရပါတယ်။
- 2022-05-26
-
-
-
RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်လို့ နိုင်ငံရေးမှုနဲ့ တရားစွဲခံထားရတဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေအပါအဝင် ရှေ့နေစုစုပေါင်း ၂၀ ဦး အဖမ်းခံခဲ့ရပါတယ်။
အဲဒီအထဲက တချို့ဟာ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ရင်း တရားခွင်ကအထွက် မှာပဲ ဖမ်းဆီးခံခဲ့ရသလို အများစုကတော့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ စာသားတွေ လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားလို့ဆိုပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားရင်ဆိုင်နေရ ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်ရွက်နုအောင် ဆိုရင် ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရုံးချိန်းအပြီး ညပိုင်းမှာပဲ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
သူဟာ ဒေါက်တာဇော်မြင့်မောင်အပြင် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ NLD ပါတီဝင် တွေရဲ့ အမှုတွေကိုပါ လိုက်ပါဆောင်ရွက်ပေးနေသူပါ။
အခုလိုဖမ်းဆီးတာကြောင့် အမှုသည်တွေအတွက် ထိခိုက်နစ်နာမှုတွေရှိတယ်လို့ ဒေါ်ရွက်နုအောင်နဲ့ နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဘယ်သူ့နေနေပေါ့နော် နိုင်ငံရေးနဲ့ပတ်သက်တဲ့အမှုတွေကို သူက အကူအညီပေး တယ်ပေါ့။ အစ်မတို့အနေနဲ့ ကတော့ အများကြီးနစ်နာဆုံးရှုံးတာပေါ့။ သူက အစ်မတို့ အတွက် အကုန်လုံး အစစအရာရာပေါ့နော် ဥပဒေနဲ့ပတ်သက်ရင် အားကိုးရတာပေါ့။ အခုလည်း လူကြီးတွေအမှုတွေရော၊ အကုန်လုံးအမှုတွေကို သူကပဲ ဦးဆောင်ပြီး လုပ်သလို ဖြစ်နေတာပေါ့။ အခုကျတော့ အများကြီးပဲ ထိခိုက်တာပေါ့”
ဒေါ်ရွက်နုအောင်ကို မန္တလေး ချမ်းအေးသာစံ ရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ထားပြီး လက်ရှိမှာ အမှုနဲ့ ပတ်သက်လို့ စစ်ဆေးခံနေ ရတယ်လို့ သူက ဆက်ပြောပါတယ်။
နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးသိန်းလှိုင်ထွန်း လည်း ပြီးခဲ့တဲ့နှစ် မေလ ၂၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ရဲ့ နေပြည်တော် အထူးတရားရုံး တရားခွင်အပြီး ပြန်ထွက်ချိန်မှာပဲ အဖမ်းခံခဲ့ရပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ ထောင်တွင်းတရားရုံးဖွင့်ပြီး စစ်ဆေး နေတဲ့ နိုင်ငံရေးအမှုတွေ ကို လိုက်ပါဆောင်ရွက်နေကြတဲ့ ရှေ့နေတွေဟာလည်း တရားခွင် အတွင်း အကန့်အသတ်တွေ များစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ အမှုလိုက်ရှေ့နေတွေက ပြောကြပါတယ်။
တရားခွင်တွေက လွတ်လပ်မှုမရှိသလို အာဏာသိမ်းတစ်နှစ်အတွင်း ထောင်တွင်းတရားရုံး တွေက စီရင်ချက် အမိန့်ချရာမှာ လွတ်မြောက်သူ တစ်ယောက်မှ မရှိဘူးလို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“တရားခွင်က လွတ်လပ်မှုမရှိဘူး။ ဒီတရားခွင်က အကျဉ်းထောင်တွင်းမှာ လုပ်ထား တယ်။ အဆင့်ဆင့် စိစစ်ပြီးမှ ဝင်ရတယ်။ တရားခွင်မှာလည်းပဲ တရားခွင်နဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေက တင်းတင်းကျပ်ကျပ် တရားခွင်ကို ဖိစီးထားတာတွေ့ရတယ်။ အဆိုးရွားဆုံး ဖိစီးမှုကတော့ တရားခံရှေ့နေများက ဘယ် လောက်ပဲ ဥပဒေနဲ့အညီ ကြိုးစားပမ်းစား ချေပနေသော်လည်းပဲ အထူးတရားရုံးတွေက ဒီကနေ့အထိ တစ်ဦးတစ်ယောက်မှ လွှတ်ပေးလိုက်တယ်ဆိုတာမျိုး ကျနော်တို့ တစ်ခုမှ မတွေ့ရပါဘူး”
အမိန့်ချတဲ့အခါမှာလည်း အများစုက ပုဒ်မတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်လေ့ရှိပြီး ဒီအခြေအနေဟာ အမိန့်ချမှတ်ခံရသူအပေါ်မှာ စိတ်ပိုင်းဆိုင်ရာဖိအားဖြစ်သလို သူတို့ရဲ့ ဘက်က ရပ်တည်ဆောင်ရွက်ပေးရတဲ့ ရှေ့နေတွေအပေါ်မှာလည်း ဖိအားတွေ ကြုံတွေ့ရ တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေးမှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမှုသည်တွေအတွက် ရသင့်ရထိုက်တဲ့ ဥပဒေအခွင့်အရေးတွေရဖို့ အားကျိုးမာန်တက် ဆောင်ရွက်နေကြတဲ့ ရှေ့နေတွေကို လုံခြုံရေးအဖွဲ့အစည်းတွေက နာမည်လာမှတ်တာ၊ ရှေ့နေလိုင်စင်လာမေးတာ စတဲ့ တိုက်ရိုက်ဖိအားပေးနေတာတွေလည်း ရှိနေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
တရားခွင်မှာ ဥပဒေနဲ့အညီ မေးမြန်းမှုတွေကိုတောင် တရားရုံးမထီမဲ့မြင်ပြုမှု ဥပဒေတွေနဲ့ တိုင်ကြားပြီး အရေးယူ တာတွေ ရှိလာတာကြောင့် တဖြည်းဖြည်းနဲ့ တရားစီရင်ရေးရဲ့ ပုံသဏ္ဌာန်ဟာ ရှေ့နေတွေအတွက် စိုးရိမ်ရတဲ့၊ အန္တရာယ်ရှိတဲ့ အနေအထားတစ်ခုကို ရောက်လာပြီလို့ အမှုလိုက်ရှေ့နေတွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တရားခွင်တွေမှာ လွတ်လွတ် လပ်လပ် စစ်ဆေးခွင့်၊ ခုခံချေပခွင့်တွေပေးထားပြီး အကြောင်းမဲ့ ဖမ်းဆီးတာမျိုးမရှိဘူးလို့ တုံ့ပြန်ပါတယ်။
“ရှေ့နေများနဲ့ ပတ်သက်ပြီး ရှေ့နေလုပ်လို့လည်း ဖမ်းစရာအကြောင်းမရှိဘူး။ ဘယ်အမှုလိုက်လို့လည်း ဖမ်းစရာ အကြောင်းမရှိဘူး။ ယခင်ကတည်းကတိုင်၊ NLD လက်ထက်ကတည်းကတိုင် အမှုလိုက်ပေးနေတဲ့သူတွေရှိတယ်။ တချို့ လွှတ်တော် အမတ်ဟောင်းတွေ လိုက်ပေးနေတယ်။ ဒီလူတွေနဲ့ ပတ်သက်ပြီး အရေးယူမှုလည်း မရှိပါဘူး။ ဖမ်းဆီးမှုလည်းမရှိပါဘူး။ တချို့သောရှေ့နေတွေကတော့ အကြမ်းဖက်မှုနဲ့ ပတ်သက်တယ်။ သက်သေ အထောက်အထားတွေရတယ်။ ငွေရေးကြေးရေးထောက်ပံ့ တယ်ဆိုတဲ့ ထွက်ဆိုချက်တွေ တစ်နည်းအားဖြင့် ပါဝင်တယ်ဆိုတဲ့ ထွက်ဆိုချက်တွေ ရတယ်။ ဒါဆိုရင်တော့ ကျနော်တို့ အကြမ်းဖက်ဥပဒေနဲ့ အရေးယူရမှာပဲ ဖြစ်ပါတယ်။ ဒါတော့ ဘယ်သူမှလည်း ကင်းလွတ်ခွင့်ရစရာလည်း အကြောင်းမရှိပါဘူး”
ရှေ့နေတွေအနေနဲ့ အမှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေးဆဲကာလမှာ တရားရုံးလုပ်ဆောင် ချက်ကို လွှမ်းမိုးစေမယ့် အကြောင်းအရာတွေနဲ့ ပြည်သူလူထု အထင်လွဲမှားစေမယ့် အကြောင်းအရာတွေကို မပြောဖို့ ကန့်သတ်တာမျိုးတော့ရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ဆိုပါတယ်။
"ရှေ့နေ ရှေ့ရပ်တွေရဲ့ လုံခြုံရေးက အခုချိန်မှာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမျိုးဖြစ်တယ်"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေ ဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်၊ ဒေါ်မင်းမင်းစိုးနဲ့ ဦးသဲမောင်မောင် တို့ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်း က စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့်ကို တားမြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားနဲ့ အမှုအသေးစိတ် အကြောင်းအရာတွေကို အများပြည်သူ မသိရတော့သလို ရှေ့နေတွေကလည်း ထုတ်ဖော် ပြောဆိုတာမျိုး မလုပ်တော့ပါဘူး။
လက်ရှိမှာလည်း တိုင်းပြည်အာဏာသိမ်းခံထားရတာကြောင့် နိုင်ငံရေးမှုတွေကို လိုက်ပါ ဆောင်ရွက်ကြတဲ့ ရှေ့နေတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က RFA ကို ပြောပါတယ်။
“လုံခြုံရေးကတော့ မကောင်းဘူးပေါ့ဗျာ။ အဲဒီအမှုမျိုးတွေကို လိုက်တဲ့အခါမှာ အန္တရာယ် ရှိတာပေါ့။ အမှန်က တော့ စစ်အာဏာရှင်တွေရဲ့ တရားရုံးတွေကို လိုက်နေ တာ အပိုပဲ။ ဘာတစ်ခုပဲ အသုံးဝင်လဲဆိုတော့ မိသားစုနဲ့ ဆက်သွယ်ပေးလို့ရတယ်။ ဒီလောက်ပဲ။ ကျန်တဲ့ဟာတွေကတော့ သူတို့ပြောချင်တာပြော ချချင်တာချတာပဲ။ အဲဒါကို သူတို့လည်း မသိဘူး မဟုတ်ဘူး သိတယ်။ သိပေမယ့်လို့ ရိုးရိုးသားသား ကူညီချင်လို့ပေါ့ဗျာ။ တကယ် ယုံကြည်လို့ စွန့်လွှတ်မယ်ဆိုရင်တော့ လုပ်ပေါ့ဗျာ။ ပြီးရင်ခံပေါ့။ ရင်ဆိုင်ပေါ့။ ကိုယ်သတ္တိရှိလို့ ကိုယ့်တိုင်းပြည်အတွက်လုပ်တယ်လို့ ခံယူပြီးတော့ ဒီလိုပဲ ဆောင်ရွက်ကြပါ အဲဒီလိုပြောချင်ပါတယ်”
ရှေ့နေတွေဟာ ကိုယ့်အမှုသည်နဲ့ အမှုအကြောင်း လုံလုံလောက်လောက် ဆွေးနွေး တိုင်ပင်ခွင့်မရတာ၊ တရားခွင် အတွင်း စစ်ဆေးမှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ခြည်မပြတ် စောင့်ကြည့်တာတွေအပါအဝင် ခုခံချေပခွင့် အပြည့်အ၀မရတာ စတဲ့ အခက်အခဲတွေကို ကြုံနေရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
အခုလို အခက်အခဲတွေကြားက နိုင်ငံရေးမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေအတွက် လေးစား ဂုဏ်ယူတယ်လို့ လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက RFA ကို ပြောပါတယ်။
“နိုင်ငံရေးမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ရှေ့ရပ်တွေရဲ့ လုံခြုံရေးက အခုချိန်မှာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ကျနော်တို့မြင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ တွေကို ကျနော်တို့ အမြဲတမ်းလေးစားဂုဏ်ယူပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ ရင်ဆိုင်ဖြေရှင်းရမယ်။ ရင်ဆိုင်ဖြတ်ကျော်ရမယ်။ ဒါတွေအတွက်လည်း ဖြစ်လာပြီဆိုလို့ရှိရင် ဒီရှေ့နေတွေအတွက်လည်း အနောက်ကနေ အသံထွက်ပေးမယ့် အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာကို မမေ့ဖို့အတွက် ကျနော် ကတော့ ပြောချင်ပါတယ်”
၁၉၈၈ အရေးအခင်းကာလ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းစဥ် ကတော့ စစ်ခုံရုံးတွေက အရေးယူအမိန့်ချမှတ်ခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းမှုမှာတော့ စစ်ကောင်စီဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေကလွဲရင် ကျန်တဲ့ မြို့နယ်တွေမှာ အကျဉ်းထောင်တွင်း အရပ်ဘက် အထူးတရားရုံးတွေအနေနဲ့ ဖွင့်လှစ်ပြီး လွတ်လပ်ပွင့်လင်းတဲ့ တရားစီရင်ရေးစနစ်ကို ဖော်ဆောင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ရှေ့နေတွေကို အမှုလိုက်ပါဆောင်ရွက်ခွင့်တွေ ပေးခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ဖိအားမျိုးစုံတွေရှိနေတာကြောင့် တရားစီရင်ရေးဟာ အုပ်ချုပ် ရေးရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်ပြီးဆောင်ရွက်ပေးနေရတဲ့ ဟန်ပြတရားစီရင်ရေး သက်သက်ပဲ ဖြစ်တယ်လို့ အမှုလိုက်ရှေ့နေ တွေက ဝေဖန်ကြပါတယ်။
မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာလည်း လက်ရှိ တရားသူကြီး ၁၁ ဦး ရှိတဲ့အနက် ရှစ်ဦးဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ ခန့်ထားသူတွေ ဖြစ်ပါတယ်။
အဲဒီအထဲမှာ စစ်တပ်ရဲ့ စစ်ဥပဒေချုပ်ရုံးမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာသူ နှစ်ဦး ပါဝင်ပါတယ်။