လေယာဉ်ဆီပိတ်ဆို့ရေး ဟာကွက်ရှိနေကြောင်း လေ့လာသူ သုံးသပ်
အရေးယူပိတ်ဆို့တာတွေ ရှိပေမဲ့ စစ်ကောင်စီဟာ လောင်စာဆီတွေ ရနေဆဲပဲလို့ ဇန်နဝါရီလက ထုတ်ပြန်တဲ့ AI အစီရင်ခံစာမှာ ဖော်ပြပါတယ်။
-
စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2024-02-25 -
-
-
စစ်ကောင်စီအတွက် အသက်ကယ်ဆေးဖြစ်တဲ့ လေယာဉ်လောင်စာဆီကို ဗျူဟာသစ်သုံးပြီး ကြားခံက တစ်ဆင့် တင်သွင်းနေတာ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ပြောကြားလိုက်ပါတယ်။
NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ဖေဖော်ဝါရီ ၂၂ ရက်က ပြောလိုက်တာပါ။
“စီးပွားရေးအရ အရေးယူပိတ်ဆို့ဖို့ နိုင်ငံတကာနဲ့ ကျွန်တော်တို့ NUG အစိုးရနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်နေတာ ရှိပါတယ်”
ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေပါသလဲ။
“မိတ်ဆွေနိုင်ငံတွေ ပူးတွဲလုပ်တာရှိတယ်။ Human Rights Council (လူ့အခွင့်အရေးကောင်စီ) အဲဒီမှာလည်း ကျွန်တော်တို့ တင်ပြဆွေးနွေးတယ်။ ကုလသမဂ္ဂ UN experts (ကုလသမဂ္ဂ ပညာရှင်တွေ)နဲ့လဲ ချိတ်ဆက်ပြီးတော့ လုပ်တယ်။ တစ်နိုင်ငံချင်းလုပ်တာထက် ပူးတွဲပြီးတော့ ညှိနှိုင်းပြီးတော့ အရေးယူဖို့လုပ်တာ ပိုမိုထိရောက်တဲ့အတွက် အဲဒီလိုမျိုးဖြစ်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်”
အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့ပေမဲ့ စစ်ကောင်စီဟာ လောင်စာဆီတွေ ရမြဲရနေတယ်လို့လည်း AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီနှစ် ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂ဝ၂၃ ဟာ လေကြောင်းက အများဆုံး တိုက်ခိုက်ခံရတဲ့ နှစ်လို့လည်း ပြောပါတယ်။ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းနေ့စဉ်လေကြောင်းက တိုက်ခိုက်တယ်လို့ ပြောပါတယ်။
ဒီသုတေသနအဖွဲ့က နိုင်ငံရေးအကြံပေး ကိုမိုးထက်နေကလည်း ကြားကတစ်ဆင့် လေယာဉ်လောင်စာဆီ တင်သွင်းနေတာကို သိနေသူပါ။
“အိန္ဒိယ၊ ရုရှားက ကူတယ်ဆိုတာလည်း ကြားရပါတယ်။ အဓိက လေယာဉ်ပျံနေနိုင်တာက လေယာဉ်ဆီရယ်။ နောက် maintenance (ပြုပြင်ထိန်းသိမ်းရေး) ပေါ့၊ အပိုပစ္စည်းက တောက်လျှောက်ရနေတာ။ အပိုပစ္စည်းနဲ့ နည်းပညာက ရုရှားက ရနေတာ။ ဒီကိစ္စကို ဘယ်လိုမှ တားလို့ ရမှာမဟုတ်ဘူး။ ကမ္ဘာ့မိသားစုနိုင်ငံတွေက လုပ်မှသာရမယ်လို့ ကျွန်တော်ထင်ပါတယ်”
ဦးကျော်ဇော်ကလည်း မဖြစ်မနေလိုက်နာဖို့လိုတဲ့ ဆုံးဖြတ်ချက် (Binding resolution) ချမှတ်ဖို့ လိုတယ်လို့ပြောပါတယ်။
“ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့ လေယာဉ်ဆီတင်သွင်းနေတဲ့ ကုမ္ပဏီတွေ ရောင်းချနေတာတွေကို အရေးယူတဲ့ Binding resolution ချနိုင်ရင်တော့ အကောင်းဆုံးပဲ။ တစ်ကမ္ဘာလုံး အတိုင်းအတာ Global sanctions ဖြစ်သွားမယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ ဗီဒိုအာဏာတွေကြောင့်လည်း အပြစ်မပေးနိုင်တာတွေ့ရပါတယ်”
ဒီကိစ္စမှာ ဟာကွက်က ရှိနေတယ်လို့ နော်ဝေနိုင်ငံက မြန်မာ့အရေးလေ့လာသူ ဒေါက်တာဝင်းမောင်က ပြောပါတယ်။
“ပုဂ္ဂလိက စီးပွားရေးသမားတွေကျတော့ သိပ်ပြီးမလိုက်နာချင်ဘူး။ သူတို့သိတာက အရောင်းအဝယ်နဲ့ ငွေတစ်ခုပဲသိတယ်။ ဟာကွက်မရှိအောင်လို့ နေရာတိုင်းမှာ လိုက်ပိတ်ဆို့ဖာထေးမှ ရမယ်။ နိုင်ငံတကာအစိုးရတွေက ပိတ်ဆို့ပေမဲ့ ပုဂ္ဂလိကစီးပွားရေးသမားတွေက စည်းဖောက်နေတဲ့အတွက် အဲဒီလူတွေကို ဝိုင်းပယ်ပြီး ထပ်ပိတ်မှရမယ်”
AI အစီရင်ခံစာမှာ လေယာဉ်ဆီတွေဟာ ဗီယက်နမ်ကနေ ရန်ကုန်သီလဝါမှာရှိပြီး စစ်ကောင်စီပိုင် MPE မြန်မာ့ရေနံလုပ်ငန်းနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ Shoon Energy ကုန်လှောင်ရုံကို ရောက်တယ်လို့ ဆိုပါတယ်။
MPE နဲ့ စစ်ကောင်စီကို ကျားကန်ပေးတဲ့ Shoon Energy နဲ့ သူ့လုပ်ငန်းခွဲတွေကို ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနဲ့ အီးယူတို့က ဒဏ်ခတ်အရေးယူထားပေမဲ့ တစ်ဖက်လှည့်နဲ့ တင်သွင်းနေတာပဲ ဖြစ်ပါတယ်။