သတင်းသမားတွေ အချိန်နဲ့တစ်ပြေးညီ အရေးကြီးသတင်း တင်ပြနိုင်ရေး ကြိုးစားနေ

သတင်းဌာန လုပ်ငန်းခွင်ဆိုတာ ပိတ်ရက်မရှိ နေ့စဉ်ရက်ဆက် ပြည်သူတွေအတွက် သတင်းတွေ ပေးပို့တင်ဆက်နေရတဲ့ သဘောသဘာဝရှိပါတယ်။

လွတ်လပ်တဲ့ အာရှအသံ (RFA) မှ Video editor တစ်ဦးကို မြင်တွေ့ရစဉ်

သတင်းဌာန လုပ်ငန်းခွင်ဆိုတာ ပိတ်ရက်မရှိ နေ့စဉ်ရက်ဆက် ပြည်သူတွေအတွက် သတင်းတွေ ပေးပို့ တင်ဆက် နေရတဲ့ သဘောသဘာဝရှိပါတယ်။ လက်ရှိကာလမှာတော့ လုပ်ငန်းခွင်တွေပိတ် ရုံးတွေ ပိတ်ထားရတဲ့ အခြေအနေဖြစ်နေပါတယ်။

ဒီလိုအခြေအနေမှာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ပရိတ်သတ်တွေဆီ ရောက်အောင် တင်ဆက် ပေးပို့နေကြတဲ့ သတင်းဌာနတွေ ဘယ်လိုဘယ်ပုံ အလုပ်လုပ်ကိုင်နေကြပါသလဲ။

သတင်းဌာနအသီးသီးက သတင်းသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ကိုယ့်ရဲ့ သတင်းဌာန လုပ်ငန်းခွင်ကို မလာဘဲ တာဝန်ကျ အယ်ဒီတာနဲ့ ချိတ်ဆက်ပြီး အိမ်ကနေ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို တင်ဆက်ပေးနေကြတာပါ။

ကိုယ်တိုင်သွားရောက် သတင်းယူဖို့ အဆင်မပြေတဲ့ ဒီလိုကာလမှာ သတင်းတွေကို အတည်ပြုဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဖုန်းလက်ခံဖြေကြားမှု အားနည်းနေတာကြောင့် အခက်အခဲအချို့ ရှိနေတယ်လို့ The Voice သတင်းစာ တာဝန်ခံအယ်ဒီတာ ကိုအောင်စိုးက ပြောပါတယ်။

“သတင်းတွေကို အတည်ပြုဖို့ ကြိုးစားတဲ့အခါမှာ နည်းနည်းလေး အခက်အခဲရှိတယ်။ ကျွန်တော်တို့ သွားလာစရာ လမ်းကြောင်းက ဖုန်းက ဒါမှမဟုတ် Viber၊ Messenger တို့ကတစ်ဆင့်မေးရတာ ရှိတာကို။ ဖုန်းတွေက ခေါ်ရတာ တချို့ပြောရေး ဆိုခွင့်ရှိသူတွေက မဖြေချင်တာတွေလည်းရှိတယ်။ တချို့ကျတော့လည်း ဖုန်းလက်ခံမဖြေတာတွေလည်း ရှိတယ်။ အဲလို အခက်အခဲတွေ ရှိတယ်။"

အရေးကြီးတဲ့ ဒီကာလမှာ လူတွေက သတင်းအချက်အလက်တွေ ပိုသိနိုင်ဖို့ မျှော်လင့်နေကြတာပါ။

စတူဒီယိုအခန်းနဲ့ ရိုက်ကူးရတဲ့ ရုပ်သံအစီအစဉ်တွေမှာတော့ တင်ဆက်သူနဲ့ ရိုက်ကူးရတဲ့အတွက် ဝန်ထမ်းတွေကို အလှည့်ကျသတ်မှတ်ပြီး ရိုက်ကူးတင်ဆက်ပေးနေပေမယ့် ရုပ်သံပိုင်းမှာ အခက်အခဲတွေ ရှိနေတယ်လို့ 7 Day TV ရဲ့ အယ်ဒီတာချုပ် မငြိမ်းငြိမ်းနိုင်က ဆိုပါတယ်။

“သတင်းမေးမြန်းရတဲ့အပိုင်းတွေမှာ အခက်အခဲတွေ ရှိနေတယ်။ ချိတ်ဆက်လို့မရတာ အရင်ကလို Talk Show တွေဆို အပြင်ထွက်ပြီး ရိုက်ကူးရေးအဖွဲ့တွေနဲ့ ရိုက်ဖို့ လက်မခံချင်တာ။ ဒါတွေရှိတဲ့ အတွက် နောက်ပိုင်းမှာ skype အင်တာဗျူးတွေနဲ့ ဖြေပေးတာတွေရှိတယ်။ အဲဒီမှာလည်း အကန့် အသတ်ရှိတယ်။ တချို့ကျတော့ skype က ခေါ်တာတွေ ရုံးကနေ အင်တာဗျူးတွေ ဖြေပေးဖို့အတွက် ကို အတွေ့အကြုံမရှိတဲ့သူတွေရှိတယ်။ အထူးသဖြင့် ရုပ်သံပိုင်းမှာ အခက်အခဲရှိပါတယ်။"

အခုရက်ပိုင်းမှာ လူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တဲ့အနေနဲ့ အိမ်မှာနေကြတာပိုများလာပြီး ပုံမှန်ထက် သတင်းတွေကို စောင့်ကြည့်နေတာကြောင့် ရုပ်သံကြည့်ရှုနှုန်းတွေ အရင်ကထက် ပိုတက်လာတာပါ။

ဒီလိုသတင်းတွေကို တင်ဆက်ပေးနိုင်ဖို့အတွက် DVB သတင်းသမား တချို့ လုပ်ငန်းခွင်သတင်းဌာနကနေ အိမ်ကိုလုံးဝမပြန်တော့ဘဲ သတင်းတွေကို တင်ဆက်ပေးနေတာဖြစ်တယ်လို့ DVB သတင်းဌာန ရဲ့ သတင်းအယ်ဒီတာ ကိုဇင်မောင်က ပြောပါတယ်။

“ကျွန်တော်တို့က ရုပ်သံဆိုတော့ စတူဒီယိုနဲ့လုပ်ရတဲ့အခါ နှစ်သုတ်ခွဲပြီး လုပ်ရတယ်။ စတူဒီယိုနဲ့ လုပ်ရမယ့်သူတွေက ရုံးမှာနေတယ်။ လုံး၀ ရုံးထဲကကနေ မထွက်တမ်းလုပ်ရတယ်။ အပြင်မှာက အိမ်ကနေလုပ်ပေးရတဲ့ သတင်းထောက်တွေက အပြင်ထွက်ပြီးတော့ သတင်းတော့လိုက်ရတယ် ။ ဒါပေမဲ့ အရမ်းအန္တရာယ်များတဲ့ နေရာတွေမှာတော့ သတိထားပြီး ခပ်ခွာခွာလုပ်ရတယ်။”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အသစ် နေ့တိုင်းနီးပါးတွေ့ရှိနေပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ နောက် နှစ်ပတ် သုံးပတ်မှာ ရောဂါပြန့်ပွားနှုန်း ဘယ်လောက်မြန်နိုင်မယ် ဆိုတာ ပေါ်လွင်လာမှာဖြစ်ပြီး ရောဂါမပြန့်ပွားရေးအတွက် စည်းကမ်း လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

သင်္ကြန်ကာလ ရုံးပိတ်ရက်တွေမှာ ကျန်းမာရေးကိစ္စနဲ့ အစားအသောက်ဝယ်ယူရေး ကိစ္စကလွဲလို့ နေအိမ်ကနေ အပြင်မထွက်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org