အကျပ်အတည်းကာလမှာ သတင်းထောက် အများအပြား အလုပ်ရပ်နားခံရ
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကာလအတွင်း ပုဂ္ဂလိက သတင်းမီဒီယာလုပ်ငန်းတွေ ဆက်လက်ရပ်တည်ရေးအတွက် ဘဏ္ဍာရေးပိုင်းမှာ ပိုမိုခက်ခဲလာလို့ သတင်းသမား အများအပြား အလုပ်ကနေ ရပ်နားခံနေရပါတယ်။ ဒီအထဲမှာ မြန်မာတိုင်းမ် သတင်းဌာနနဲ့ ဧရာဝတီ သတင်းဌာနတို့က သတင်းထောက်တချို့လည်း ပါဝင်ပါတယ်။
-
2020-04-24 -
-
-
ကူးစက်ရောဂါပိုး ကာကွယ်ထိန်းချုပ်ရေးကာလမှာ စီးပွားရေး လုပ်ငန်းတချို့ ရပ်နားသွားရတာ၊ ဝန်ထမ်း လျှော့တာတွေ ရှိနေပါတယ်။ အဲဒီအထဲမှာ ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းဌာနတွေဖြစ်တဲ့ မြန်မာတိုင်းမ်နဲ့ ဧရာဝတီ သတင်းဌာနတို့ ပါဝင်ပါတယ်။
မြန်မာတိုင်းမ်သတင်းဌာနက အယ်ဒီတာ၊ သတင်းထောက်၊ ဓာတ်ပုံသတင်းထောက် ၊ ဗွီဒီယို သတင်းထောက် ၊ ငွေစာရင်းဌာနက ဝန်ထမ်းပေါင်း ၇၀ ကျော်ကို မေလကစပြီး ယာယီရပ်နားလိုက်တာပါ။ အဲဒီလိုရပ်နားမယ် ဆိုတာကို တစ်ရက်သာ ကြိုသိရပြီး နောက်ရက်မှာ လူလျှော့တဲ့အကြောင်း အီးမေးလ်ရခဲ့တာလို့ ယာယီ ရပ်နားခံရတဲ့အထဲပါတဲ့ အမည်မဖော်လိုတဲ့ မြန်မာတိုင်းမ်က သတင်းထောက် တစ်ယောက်က ပြောပါတယ်။
“အင်္ဂါနေ့က အစည်းအဝေးလုပ်တယ်။ လူလျှော့မယ့်အကြောင်း ပြောတယ်။ ဒီကိစ္စက လုံးဝကြိုမသိရဘူး။ မေလထဲမှာ လစာ ၅၀ ရာခိုင်နှုန်းပေးမယ်။ ဇွန်လကျရင် လစာမဲ့ခွင့်ပေါ့နော်။ လစာမဲ့ခွင့်ဆိုတာ သူတို့က အတင်းပေးတာလေ။ ကျနော်တို့က ယူတာမဟုတ်ဘူးလေ။ ဇူလိုင်လကျရင်တော့ အလုပ်အဆင်ပြေရင် ခေါ်မယ်။ အလုပ်အဆင်မပြေရင်တော့ အလုပ်သမားဥပဒေအတိုင်း လျော်ကြေးပေးမယ် ပြောတာပေါ့။"
မြန်မာတိုင်းမ်က စီမံခန့်ခွဲမှု အရာရှိချုပ် ဦးဝေလင်းကို RFA က ဆက်သွယ်တဲ့အခါမှာ ဖြေဆိုဖို့ ငြင်းဆိုပါတယ်။
မြန်မာတိုင်းမ် သတင်းဌာနမှာ ကြော်ငြာတဲ့သူတွေနည်းသွားတာ၊ ဝန်ထမ်းတွေအတွက် အသုံးစရိတ်၊ အဆောက်ဦ ငှားခ အပါအဝင် တစ်လကို ကျပ်သိန်း နှစ်ထောင်လောက် ကုန်ကျစရိတ်ရှိတာ၊ ရုံးနေရာ ပြောင်းရွှေ့ဖို့ စီစဉ်တာတွေကြောင့်ဖြစ်တယ်လို့ သိရကြောင်း အလုပ်နားခံရတဲ့ ဝန်ထမ်းတွေက ပြောကြပါတယ်။
အဲဒီလိုပဲ ဧရာဝတီသတင်းဌာနမှာလည်း ဝန်ထမ်းအင်အား ၂၅ ရာခိုင်နှုန်းလောက် လျှော့ချလိုက်ရတယ်လို့ သတင်းအယ်ဒီတာ ဦးရဲနည်က ပြောပါတယ်။
“ဝင်ငွေကျပြီး ကုန်ကျစရိတ်ကို မနိုင်တဲ့အခါမှာကျတော့ လူလျှော့ရတဲ့ အဖြစ်မျိုးတွေ အားလုံးကြုံရတယ်ပေါ့။ ဒါကတော့ အားလုံး ကြုံနေရတဲ့ အတိုင်းတာပေါ့နော်။ ကျနော်တို့လည်း အဲလိုပြဿနာမျိုး ကြုံနေရတယ်လို့ ပြောလို့ရတာပေါ့နော်။ အလုပ်လျှော့တယ်ဆိုတာကလည်း ဘယ်သူမှ လျှော့ချင်တာမဟုတ်ဘူးလေ။ ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေကို လျှော့ရတဲ့အခါ ဘယ်သူပဲဖြစ်ဖြစ် စိတ်မကောင်းကြဘူးလေ။"
အခုချိန်မှာ ကုန်ကြမ်းအခက်ခဲတွေ၊ လူစုလူဝေး မဖြစ်စေချင်တာတွေ၊ တခြား အခက်ခဲတွေကြောင့် စက်ရုံတချို့ ပိတ်သိမ်းတာတွေကြောင့် အလုပ်သမားတွေ သောင်းချီပြီး အလုပ်လက်မဲ့ဖြစ်နေကြပါတယ်။
သတင်းဌာနတွေက သတင်းထောက်တွေဟာ အိမ်မပြန်ဘဲ ရုံးမှာပဲနေပြီး အလုပ်လုပ်တာ ဒါမှမဟုတ် အိမ်ကနေပဲ အလုပ်လုပ်လို့ရတာကြောင့် လူစုလူဝေးကို ရှောင်ရှားနိုင်ပြီး ဒီအလုပ်အပေါ် သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ တွေးထင်ခဲ့ကြတာပါ။
ဧရာဝတီသတင်းဌာနက နယ်သတင်းထောက် တစ်ယောက်ဖြစ်သူ ကိုဆလိုင်းကောင်းမြတ်မင်းကတော့ မထင်ခဲ့တဲ့ ကိစ္စဖြစ်တဲ့အတွက် အလွန် အံ့အားသင့်ခဲ့တယ်လို့ ပြောပါတယ်။
“သတင်းထောက်တွေက အိမ်နေပြီးတော့လည်း လုပ်လို့ရတယ်။ ဖုန်းနဲ့လည်း လုပ်လို့ရတယ်။ အင်တာနက်သုံးပြီး အများကြီး အလုပ်လုပ်နိုင်မယ်။ သတင်းထောက်တွေကတော့ နယ်တွေမှာလည်း သတင်းတွေ အမြဲရှိနေတော့ ဒီဟာက သတင်းထောက်တွေကို ထိခိုက်လာလိမ့်မယ်လို့ မတွေးခဲ့ဖူးဘူး။ လုံးဝမထင်ထားဘူး။ ပြောချလိုက်တဲ့အချိန်မှာ နည်းနည်းရှော့ရသွားတယ်။"
7Day သတင်းဌာန အယ်ဒီတာချုပ် ကိုအားမာန်ကလည်း သူတို့သတင်းဌာန ရေရှည်ရပ်တည်ရေးအတွက် ကြိုတင်စဉ်းစားနေရပြီလို့ ပြောပါတယ်။
“ပုံမှန်အချိန်မှာတောင် ရုန်းကန်နေရတာ၊ အခုလို ကိုဗစ်ဖြစ်တော့ တခါမှ မကြုံဖူးဘူး။ အကုန်လုံး ရုန်းကန်နေရတာပေါ့နော်။ ရှေ့ကို ဘာဖြစ်မယ်ဆိုတာ မသိဘူး။ သေချာတယ် ကျနော်တို့ ကုမ္ပဏီအဖွဲ့အစည်းအနေနဲ့လည်း အပြောင်းလဲ လုပ်ကိုလုပ်မှရမယ့် အနေထားပေါ့နော်။ ဘယ်လိုမှ အဖွဲ့စည်းက တောင့်ခံနိုင်မှာမဟုတ်ဘူး။ ဒီလိုပုံစံဆိုရင် ကျနော်တို့လည်း ဝိတ်ကိုလျှော့ရမယ့်အနေထား ဖြစ်နေတယ်။”
ပုဂ္ဂလိကသတင်းမီဒီယာတွေဟာ အရင်ကတည်းက အမြတ်အစွန်းနည်းပါး၊ တချို့လည်း အရှုံးခံပြီး လုပ်ကိုင် နေရတဲ့ လုပ်ငန်းတစ်ခုပါ။
၂၀၁၃ ခုနှစ် ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထွန်းကားလာပြီးတဲ့နောက်ပိုင်း ဘဏ္ဍာရေး အကျပ်အတည်းတွေ ရင်ဆိုင်ခဲ့ကြရတာပါ။
အခုလို ကာလမျိုးမှာဆိုရင် ပင်မဝင်ငွေဖြစ်တဲ့ ကြော်ငြာတွေလည်း အရနည်းလာပြီး သတင်းစာစောင် အရေအတွက်လည်း အရောင်းနည်းလာတဲ့အတွက် သတင်းမီဒီယာတွေ ရပ်တည်နိုင်ရေးဟာ ပိုမို စိုးရိမ်စရာ ဖြစ်လာပြီလို့လည်း သုံးသပ်ကြပါတယ်။