သားငါးစျေးနှုန်းတွေကျဖို့ ဖိအားပေးနည်းသုံးပြီး စစ်ကောင်စီ ကြိုးစား
မကွေးတိုင်းထဲက မြို့နယ်တချို့မှာ အသားငါးတွေကို စျေးလျှော့ချပြီး သတ်မှတ်စျေးနဲ့ ရောင်းချဖို့ စစ်ကောင်စီ စည်ပင်သာယာရေးကော်မတီက ဖိအားပေးနေပါတယ်။
-
RFA Burmese
2024-06-27 -
-
-
မြန်မာနိုင်ငံမှာ အထွေထွေကုန်စျေးနှုန်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်နေချိန်မှာ ဒီအခြေအနေကို ထိန်းချုပ်ဖို့အတွက် မကွေးတိုင်းက မြို့သစ်မြို့၊ မင်းဘူးမြို့၊ စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့မစျေးတွေမှာ အသား၊ ငါးတွေကို သတ်မှတ်နှုန်းအတိုင်းရောင်းဖို့ စည်ပင်က ဆောင်ရွက်နေတယ်ဆိုပြီး စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ဇွန်လ ပထမပတ်အတွင်း ဝက်သား တစ်ပိဿာကို ၁၂,၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာကို ၁၃,၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာကို ၁၆,၀၀၀ ကျပ်နဲ့ ရောင်းရမယ်ဆိုပြီး မြို့နယ်အလိုက် စည်ပင်သာယာရေးကော်မတီက စျေးသည်တွေကို ဖိအားပေးနေတာပါ။ သတ်မှတ်စျေးအတိုင်း မရောင်းရင် တိုင်ကြားနိုင်တယ်လို့ အဲဒီမြို့တွေရဲ့ စည်ပင်သာယာရေးအဖွဲ့တွေက ကြေညာထားပါတယ်။
မင်းဘူးမြို့မှာ အသားစျေးနှုန်းတွေကို သတ်မှတ်စျေးနဲ့ ရောင်းချဖို့ စည်ပင်သာယာရေးအဖွဲ့က လှည့်လည်ကြေညာခဲ့ပေမယ့် စျေးကျမသွားဘဲ မှောင်ခိုစျေးကွက် ဖြစ်လာတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကြက်သား တစ်ပိဿာကို ဘယ်လောက်ရောင်းရမယ်။ ဝက်သားတစ်ပိဿာကို ဘယ်လောက်ရောင်းရမယ် အဲဒီလို အော်တယ်ပေါ့ဗျာနော်။ အော်လိုက်တဲ့အချိန်မှာတော့ သိသိသာသာ ကျသွားတာမျိုးတော့ မရှိဘူးဗျ။ အသား၊ ငါးရောင်းတာ နည်းလာတာမျိုးတွေ၊ အပြင်စျေးကွက်တွေ ပေါ်လာတာမျိုးတွေ။ မြို့မစျေးကြီးထဲမှာ မဟုတ်ဘဲနဲ့ အသားငါးကျတော့ အပြင်မှာ ရောင်းတာမျိုးတွေပေါ့နော်။ အဲဒီလို ဖြစ်လာတယ်"
အသားငါးတွေကို စည်ပင်က သတ်မှတ်စျေးအတိုင်း ရောင်းချဖို့ ဖိအားပေး ကြေညာခဲ့ပေမယ့် မင်းဘူးမြို့မှာ ဝက်သားတစ်ပိဿာကို ကျပ်နှစ်သောင်းအထိ ရှိနေတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
ဧရာ၀တီတိုင်း ပုသိမ်မြို့မှာလည်း စည်ပင်သာယာရေးကော်မတီက အသားနဲ့ ငါး စျေးနှုန်းတွေကို သတ်မှတ်ထားတဲ့အတိုင်း ရောင်းချဖို့ ဇွန်လအတွင်းမှာ ကြေညာခဲ့ပေမယ့် စျေးနှုန်းကျမသွားဘဲ ကုန်ရှားပါးပြီး စျေးတက်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
အသားငါးစျေးနှုန်းတွေကို စည်ပင်က လျှော့ချပြီး သတ်မှတ်စျေးနဲ့ ဖိအားပေး ရောင်းချခိုင်းတာဟာ မှောင်ခိုစျေးကွက်တွေ ဖြစ်လာသလို အထွေထွေကုန်စျေးနှုန်းကြီးမြင့်နေတာကို ဒီလိုနည်းနဲ့ လျှော့ချလို့ အောင်မြင်မှာမဟုတ်ဘူးလို့လည်း စျေးသည်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ဒေသခံတချို့က ဝေဖန်ကြပါတယ်။
"သူတို့ ရောင်းပေးမလား၊ ဝက်သားတို့၊ အမဲသားတို့။ သူတို့ အဲဒီစျေးနဲ့ ချပေးမလား။ ချပေးရင် ရောင်းလို့ရတယ်လေ။ မချပေးဘဲနဲ့ ဘယ်လိုလုပ် ရောင်းလို့ရမှာလဲ"
အထွေထွေ ကုန်စျေးနှုန်းတွေ မြင့်တက်နေတာကြောင့် အသားငါးစျေးနှုန်းတစ်ခုတည်း စျေးချရုံနဲ့တော့ နိစ္စဓူဝ အသုံးစရိတ်တွေ လျော့ကျသွားမှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့တွင်းမှာ အသားငါးရောင်းနေတဲ့ စျေးသည်တစ်ဦးက ပြောပါတယ်။
"သူတို့ချပေးမှ အောက်ကလူတွေက ကျရမှာလေ။ သူတို့အပေါ်က မလုပ်လို့ အောက်ကလူတွေက ဘယ်လိုလုပ် ဟိုဟာဖြစ်မှာလဲ။ သူတို့ ရောင်းပေးမလား၊ ဝက်သားတို့၊ အမဲသားတို့။ သူတို့ အဲဒီစျေးနဲ့ ချပေးမလား။ ချပေးရင် ရောင်းလို့ရတယ်လေ။ မချပေးဘဲနဲ့ ဘယ်လိုလုပ် ရောင်းလို့ရမှာလဲ"
ရန်ကုန်တိုင်းက မြို့တွေမှာတော့ ဒီလိုကြေညာတာတွေ မရှိသေးဘဲ ဝက်သားတစ်ပိဿာကို ငွေကျပ် နှစ်သောင်းနဲ့ ၀ယ်နေရတယ်လို့ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာနေတဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
"သူတို့က အော်ရုံကလွဲပြီးတော့ စျေးကို ပြောင်းလဲပေးနိုင်စွမ်းမရှိဘူး သိလား။ ဘာဖြစ်လို့လဲဆိုတော့ သူ အော်သာအော်နေတာလေ၊ လိုင်းပေါ်မှာသာ ကြားနေရတာ ဟာသကြီးတစ်ပုဒ်လိုဖြစ်ပြီးတော့ ဒီမှာ လက်တွေ့ ဝယ်နေရတာက နှစ်သောင်းစျေးနဲ့လေ"
ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အထွေထွေကုန်စျေးနှုန်း ကြီးမြင့်နေတာဟာ နိုင်ငံရေး မတည်ငြိမ်တာနဲ့ ထုတ်ကုန်မရှိတဲ့ ပြဿနာကြောင့်ဖြစ်ပြီး ဖိအားပေးတဲ့နည်းလမ်းသုံးပြီး အရေးယူရုံနဲ့ ကုန်စျေးနှုန်းမကျနိုင်ဘူးလို့ သုံးသပ်ပါတယ်။
"တိုင်းပြည်တည်ငြိမ်ပြီး စီးပွားရေးတည်ငြိမ်မှ ငွေစျေးက သူ့ဟာသူ ဆင်းသွားမယ်။ ကုန်စျေးနှုန်းက ငြိမ်သွားမယ် ဒါပဲ။ ဒီလိုဖြစ်နေသရွေ့ကတော့ ကုန်စျေးနှုန်းက ဘယ်တော့မှ မကျဘူး။ သူတို့ ဒီလိုမျိူး ဟိုလူ့ဖမ်း၊ ဒီလူ့ဖမ်းလည်း သူဖမ်းတော့ရော တခြားသူက မရောင်းတော့ဘူးလား။ လူအယောက်တစ်ရာ ဖမ်းတော့ရော နောက်ထပ် လွတ်နေတဲ့သူတွေက မရောင်းတော့ဘူးလား၊ ရောင်းမှာပဲ။ ရောင်းရင်ဘာဖြစ်မှာလဲ။ သူတို့လည်း ဝယ်လာတဲ့စျေးနဲ့ မရောင်းနိုင်ဘူး၊ အမြတ်တင်ပြီး ရောင်းမှာပဲ။ အဲဒီတော့ ကုန်စျေးနှုန်းက သူတို့ ဘယ်လိုဖမ်းဖမ်း ထိန်းချုပ်လို့ မရဘူး"
ဒီအခြေအနေနဲ့ပတ်သက်လို့ မကွေးတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်၊ ဧရာ၀တီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နဲ့ မကွေးတိုင်း စည်ပင်သာယာရေးကော်မတီတို့ကို RFA က ဇွန်လ ၂၆ ရက်နေ့မှာ မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ်က ဝက်သားနဲ့ ကြက်သားတစ်ပိဿာကို ကျပ်တစ်သောင်းဝန်းကျင်သာ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ကြက်သားတစ်ပိဿာကို ကျပ် တစ်သောင်းငါးထောင်နဲ့ ဝက်သားတစ်ပိဿာကို ကျပ်နှစ်သောင်းအထိ စျေးမြင့်တက်လာတယ်လို့ ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။ RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ စားအုန်းဆီ တစ်ပိဿာကို ၇၅၀၀ ကျပ် ရှိရာကနေ အခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာတော့ တစ်ပိဿာ ၁၂၀၀၀ ကျပ် မြင့်တက်လာပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ကျားပျံတစ်ပြည်ကို ၂၈၀၀ ကျပ်နဲ့ ဆင်းသွယ်တစ်ပြည်ကို ၂၄၀၀ ကျပ်ရှိခဲ့ပြီး အခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာတော့ ကျားပျံတစ်ပြည်ကို ၆၄၀၀ ကျပ်နဲ့ ဆင်းသွယ်တစ်ပြည်ကို ၄၆၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။