အဝေးသင်စနစ်သစ် ကျောင်းသားတချို့ ကန့်ကွက်
ကျောင်းသူကျောင်းသား ခြောက်သိန်းကျော်ရှိတဲ့ အဝေးသင်တက္ကသိုလ်ပညာရေးမှာ လာမယ့်နှစ်ကစပြီး အနီးကပ် ရက်တိုသင်တန်းကို နှစ်ကြိမ်ခွဲ ပို့ချပေးဖို့ အစိုးရက စီစဉ်နေပါတယ်။ မန္တလေးမှာတော့ ကျောင်းသားတချို့က ဒီစနစ်သစ်က သူတို့ရဲ့လုပ်ငန်းကိုင်ငန်း ထိခိုက်လိမ့်မယ် ဆိုပြီး ဒီကနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
-
ခေမဏီဝင်း
2019-10-24 -
-
-
အဝေးသင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ စာမေးပွဲမဖြေခင်မှာ ကျောင်း ၁၀ ရက် တက်ရောက်သင်ယူတဲ့ စနစ်ကို ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကစပြီး ကျင့်သုံးလာခဲ့တာပါ။
ဒီစနစ်ကို လာမယ့်နှစ်ကစတင်ပြီး ပြောင်းလဲမယ်လို့ ပညာရေးဝန်ကြီးက မကြာသေးခင်ကမှ ပြောဆိုခဲ့ပြီး ဒီစနစ်သစ် အရဆိုရင် ကျောင်းကို ငါးရက်စီ နှစ်ကြိမ်ခွဲတက်ရမှာဖြစ်ပါတယ်။
ဒီအပြောင်းအလဲဟာ အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေအတွက် ခက်ခဲမယ်လို့ ဝေဖန်သူတချို့ ရှိနေသလို ဒီနေ့မှာတော့ ရတနာပုံတက္ကသိုလ်ဝင်းထဲမှာ ဆန္ဒပြကန့်ကွက်ကြတာပါ။
ဒီကနေ့ ဆန္ဒထုတ်ဖော်ရာမှာပါဝင်တဲ့ အဝေးသင် ပထမနှစ် မြန်မာစာဘာသာရပ်ကျောင်းသား ကိုဟိန်းခန့်ကျော်က ပြောပြတဲ့ အခက်အခဲက
"ကျနော် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပါ၊ ပေးတာက ခွင့်က ရက် ၃၀ ပဲဆိုတော့ အလုပ်ထွက်ခဲ့ရတယ်။ နှစ်ခါခွဲ တက်ရရင် ငွေကြေး အခက်အခဲရှိမယ်။ အလုပ်အခက်အခဲရှိမယ်။ ကုမ္ပဏီတွေကလည်း ခွင့်မကြာခဏယူနေရင် ဘယ်ကုမ္ပဏီမှ ခွင့်ပြုမှာမဟုတ်ပါဘူး"
ကိုဟိန်းခန့်ကျော် လိုပဲ အဝေးသင်တက်သူ အများအပြားဟာ ဝင်ငွေရတဲ့ အချိန်ပြည့်အလုပ်တခုခုကို လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။
ပထမနှစ်ကျောင်းသူတစ်ယောက်ဖြစ်တဲ့ မဖြူဖြူဖွေးကလည်း ဆယ်ရက်တက်ရမယ့် စနစ်ဟောင်းကိုသာ သဘော ကျပြီး ခွင့်နှစ်ခါယူမယ်ဆိုရင် သူ့အလုပ်ကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
"လုပ်ငန်းလုပ်ရတဲ့သူတွေအတွက်တော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာလည်း ပြဿနာတွေ ဖြစ်လာနိုင် တယ်။ ဒါကြောင့် ငါးရက်တက်ရမှာက အဆင်မပြေဘူး၊ မတက်ရဖို့ တောင်းဆိုချင်တယ်"
အဝေးသင်ပညာရေးစနစ်သစ်ပြောင်းလဲဖို့အတွက် အခုနှစ်ဧပြီလကတည်းက ပညာရေးဝန်ကြီးဌာနက စတင် လုပ်ဆောင်နေတာဖြစ်ပါတယ်။
နှစ်ခါခွဲတက်ရရင် ငွေကြေးအခက်အခဲရှိမယ်၊ အလုပ်အခက်အခဲရှိမယ်
ဒီလိုလုပ်ဆောင်ချက်ကို ဆရာများသမဂ္ဂအချို့နဲ့ ကျောင်းသား သမဂ္ဂအချို့က ကန့်ကွက်ခဲ့ပြီးနောက်မှာ အနီးကပ်သင်တန်းကို အရင်ပုံစံအတိုင်းကျင့်သုံးဖို့ ပညာရေးဝန်ကြီးဌာန ညွန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းဝင်းက အမြဲတမ်းအတွင်းဝန်ထံကို ဇွန်လ ၂ ရက်နေ့မှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
ပြောင်းလဲမယ့်ပညာရေးစနစ်က ကျောင်းသားတွေ အကျိုးအတွက်ဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာ ဌာနက ကထိကဆရာ ဦးသုတ က ပြောပါတယ်။
"နှစ်ကြိမ် ခွဲတက်တဲ့အတွက် ကျောင်းသားတွေ သူတို့ဘာသာရပ်ကို ပထမဦးဆုံးမိတ်ဆက်တဲ့အတွက် ဘာသာရပ်ရဲ့ ဖြေပုံဖြေနည်းတွေ လေ့လာပုံလေ့လာနည်းတွေ ဆရာတွေနဲ့ စနစ်တကျရမယ့်အတွက် ကောင်းကျိုးရှိမယ်"
ဝန်ကြီးဌာနကတော့ ဒီစနစ်သစ်အရ ကျောင်းသူကျောင်းသားတွေ ခွင့်ရက်ရှည်ယူစရာ မလိုတာကြောင့် အဝေးသင်တက်နေတဲ့ ရုံးဝန်ထမ်းတွေ ခွင့်ရရှိဖို့ အခက်အခဲလည်း ပြေလည်သွားလိမ့်မယ်လို့ ယူဆနေပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ရမှာ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က စနစ်သင်ကြောင့် သင်တန်း နှစ်ကြိမ်ခွဲတက်တဲ့အတွက် ကျောင်းသားတွေ အရည်အသွေးပိုင်း တိုးတက်လာမယ်လို့ လန်ဒန်တက္ကသိုလ်တစ်ခုက သုတေသနပြုပြီး အကြံပေးထားကြောင်း ပြောပါတယ်။
အဝေးသင်တက်နေတဲ့ ကျောင်းသား ကျောင်းသူတွေဟာ စာစဉ်လို့ခေါ်တဲ့ စာမေးပွဲအဖြေလွှာတွေကို အပြင်က ဝယ်ယူပြီး ကူးယူဖြေကြတာမျိုးတွေ၊ ဆရာလို့ လိမ်လည်ပြီး ငွေကြေး ဆုံးရှုံးတာတွေ၊ ကျောင်းအပ်ပေးမယ်ဆိုပြီး လိမ်သွားလို့ ကျောင်းတက်ခွင့် ဆုံးရှုံ့းနစ်နာတာတွေ ကြုံရလေ့ရှိတယ်လို့ သိရပါတယ်။
တဖက်ကလည်း လုပ်ငန်းခွင်တွေမှာ ခွင့်ရက်အများအပြား မပေးချင်တဲ့ အလုပ်ရှင်တွေက အလုပ်ခေါ်ကြတဲ့အခါ ပညာရေးကင်းရှင်းရမယ်ဆိုတဲ့ စည်းကမ်းချက် ကန့်သတ်ထားတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံ ပညာရေးစနစ်မှာ အရင်က စာပေးစာယူဆိုပြီး စာသင်နှစ် တစ်နှစ်ကို အချိန် နှစ်ပတ်ခန့် နှစ်ကြိမ် တက်ကြရတဲ့စနစ်ကို ကျင့်သုံးခဲ့ဖူးပါတယ်။
အခုအစိုးရ ပြောင်းလဲကျင့်သုံးမယ့် ကျောင်းတက်ရက်စနစ်သစ်ဟာ ခြောက်သိန်းကျော်ရှိတဲ့ အဝေးသင် ကျောင်းသား ကျောင်းသူတွေအတွက် လုပ်ငန်းခွင်မှာ အခက်အခဲတွေ ကြုံတေ့ွရစေတယ်လို့ ပြောကြပါတယ်။