မန္တလေးမှာ နှာခေါင်းစည်းမတပ်ရင် ဈေးထဲဝင်ခွင့်မပြု
မန္တလေးမြို့က စည်ပင်သာယာရေးကော်မတီ လက်အောက်မှာရှိတဲ့ ဈေးတွေထဲကို ဈေးရောင်း၊ ဈေးဝယ်ကြသူအားလုံး နှာခေါင်းစည်းတွေမပါရင် ဝင်ခွင့်မပြုဘူးလို့ ကော်မတီက အသိပေးထားပါတယ်။
-
ခေမဏီဝင်း
2020-04-16 -
-
-
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာဈေးမှာ ကုန်စိမ်းရောင်းနေသူတစ်ဦးကို ၂၀၂၀ ဧပြီ ၁၅ ရက်နေ့ကတွေ့ရစဉ်
Photo: Khaymani Win/RFA
မန္တလေးမြို့က စည်ပင်သာယာရေးကော်မတီ လက်အောက်မှာရှိတဲ့ ဈေးတွေထဲကို ဈေးရောင်း၊ ဈေးဝယ်ကြသူ အားလုံး နှာခေါင်းစည်းတွေမပါရင် ဝင်ခွင့်မပြုဘူးလို့ ကော်မတီက အသိပေးထားပါတယ်။
ဈေးသည်တွေ နှာခေါင်းစည်းမပါဘဲ ဈေးရောင်းတာကို စစ်ဆေးတွေ့ရှိရင် ပထမအကြိမ်အဖြစ် ဈေးရောင်းချခွင့် သုံးရက်ပိတ်မယ်၊ ဒုတိယအကြိမ် ခုနှစ်ရက်ပိတ်မယ်၊ နောက်တစ်ကြိမ်မှာတော့ နေရာပိတ်သိမ်းတဲ့အထိ အရေးယူ သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
လူအဝင်အထွက် ထိထိရောက်ရောက် စိစစ်နိုင်ဖို့ ဈေးရဲ့ဝင်ပေါက်တချို့ကို ပိတ်ထားမယ်လို့ ချမ်းမြသာစည် မြို့နယ် အောင်သာယာဈေးတာဝန်ခံ ဒေါ်ယုယုလွင်က ပြောပါတယ်။
“ပြည်သူတွေ စားသောက်ကုန်တွေ မပြတ်အောင်လုပ်ပေးနေတာဆိုတော့ ဈေးပေါက်ဝတွေမှာ ကြော်ငြာတွေ ကပ်တယ်။ မြင်သာအောင်လုပ်တယ်။ တချို့ကတော့ မသိသေးတော့ တချို့ဈေးလာတဲ့သူတွေကို ဒါနလုပ်ပါတယ်၊ တတ်နိုင်သလောက်ပေါ့”
ဈေးတွေအားလုံးမှာ နှာခေါင်းစည်း မဖြစ်မနေတပ်ကြရမယ် ဆိုတဲ့ စည်းကမ်းချက်ကို မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၁၃ ရက်နေ့ ကတည်းက သူ့ရဲ့ဖေ့စ်ဘွတ်မှာ အသိပေးထားတာပါတယ်။
အန္တရာယ်ကာကွယ်ဖို့ အဲဒီထုတ်ပြန်ချက်ကို လိုက်နာကြရမယ်လို့ အောင်သာယာဈေးမှာ နို့ထမင်းရောင်းတဲ့ ဒေါ်ခင်စန်းဝင်းက ပြောပါတယ်။
“နှာခေါင်းစည်တွေ တပ်ရပါတယ်။ လက်အိတ်တွေစွပ်ပြီး ဈေးရောင်းရတယ်”
ကုန်စိမ်းရောင်းတဲ့ ဒေါ်သန်းတင်က အသက် ၇၀ ကျော်အထိ နှာခေါင်းစည်း မတပ်ဖူးတာကြောင့် အခု နှာခေါင်းစည်းတပ်ထားရတာ နေထိုင်ရခက်တယ်လို့ ပြောပါတယ်။
“ဈေးတွေကိုရှေ့တိုးပြီး မရောင်းဖို့ပြောတယ်။ နှားခေါင်းစည်းတပ်ဖို့ပြောတယ်။ မတပ်ရင် အရေးယူမယ်တဲ့၊ နှားခေါင်းစည်းကတပ်ရတာ သိပ်တော့ အဆင်မပြေဘူး၊ တပ်စမရှိတော့ မွန်းတယ်။ အိပ်ရောက်ရင်တာ့ မတပ်တော့ဘူး”
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပြန်လျှော်ပြီးသုံးလို့ရတဲ့ နှာခေါင်းစည်းတွေကို နေရာတချို့မှာ အခမဲ့ဖြန့်ဝေပေးနေသလို လူမှုရေးအဖွဲ့တွေကလည်း လှူဒါန်းနေကြတာ တွေ့ရပါတယ်။
ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြအောင် ဆောင်ရွက်ရတဲ့အခါမှာ ဈေးဝယ်လာသူတွေနဲ့ ပတ်သက်ရင် အခက်အခဲတချို့ တွေ့ကြုံရတယ်လို့ အောင်သာယာဈေးတာဝန်ခံ ဒေါ်ယုယုလွင် က ပြောပါတယ်။
“ဈေးသည်ကတော့ ဝန်ထမ်းနဲ ထိတွေ့နေတော့ ဘာလုပ်လို့ပြောရင် လုပ်ပါတယ်။ ပြည်သူကျတော့မရဘူး၊ လက်ဆေးကန်တွေ ထားပေးထားတယ်။ ဈေးသည်တွေကတော့ လက်လည်း ဆေးကြပါတယ်”
မန္တလေးမြို့မှာဆိုရင် အခုရက်ပိုင်းတွေမှာ အများစုဟာ နှာခေါင်းစည်းတွေတပ်ပြီး သွားလာကြတာကို တွေ့ မြင်ရပါတယ်။
အရင်က တစ်ခုမှ ကျပ် ၁၀၀ လောက်သာရှိတဲ့ သာမာန်နှာခေါင်းစည်းတစ်ခုကို ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ဖြစ် ပွားချိန်လောက်က ကျပ် ၅၀၀ လောက်ထိ ရောင်းချနေကြရာကနေ ဒီရက်ပိုင်းမှာတော့ တစ်ခုကို ကျပ် ၃၀၀ လောက်ထိ ဈေးကျလာပါတယ်။