စစ်ကိုင်းတိုင်းမှာ နှစ်ပတ်အတွင်း ၃၃ ဦး အသတ်ခံရ
လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ပုလဲ၊ ဝက်လက်နဲ့ မြောင်မြို့နယ်တွေမှာ အောက်တိုဘာ ၈ ရက် ကနေ ၂၂ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကြောင့် လူ ၃၃ ဦး အသက်ဆုံးခဲ့ပါတယ်။
- 2022-10-27
-
-
-
အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ အောက်တိုဘာ ၈ ရက်ကနေ ၂၂ ရက်အထိ သီတင်းနှစ်ပတ်အတွင်းမှာ ဒေသ ကာကွယ်ရေး တပ် PDF အဖွဲ့ဝင် ၁၁ ဦးနဲ့ အရပ်သား ၂၂ ဦး စုစုပေါင်း ၃၃ ဦး အသတ်ခံခဲ့ရပါတယ်။ RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ဖြစ်ပြီး ဒီအထဲမှာ ရက်ရက် စက်စက် ခေါင်းဖြတ်အသတ်ခံရမှုနဲ့ လူ ၁၀ ဦး တစ်ရက်တည်း တစ်နေရာတည်းမှာတင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရတာမျိုး ပါဝင်ပါတယ်။
အောက်တိုဘာ ၂၁ ရက် မနက်အစောပိုင်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရွှေလှံရွာက နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ မုံရွာခရိုင်တပ်ရင်း ၁၃ (အောင်ဆန်းမျိုးဆက်) အဖွဲ့ဝင် PDF ကိုးဦး နဲ့ အရပ်သားတစ်ဦး စုစုပေါင်း ၁၀ ဦးကို သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ အဲဒီ ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“မနက် ငါးနာရီ ၁၀ မိနစ်မှာ သူတို့က အသံပေးတာခင်ဗျ။ ဟေ့ကောင်တွေ မလှုပ်နဲ့ ထဆိုပြီး။ ကျနော်တို့ရဲဘော်တွေ အကုန်လုံး ကမန်းကတန်း ထလာကြတယ်။ ထလာပြီးတော့ လှုပ်တဲ့ကောင် ပစ်မှာနော် ဆိုပြီးတော့ ဘာမပြော ညာမပြောနဲ့ တောက်လျှောက် ဆွဲပစ်သွားတာဗျ။ ကျနော်က သူတို့နဲ့ အနီးကပ်မှာပဲ ရှိတယ်။ ကျနော်တို့ လွတ်မြောက်လာတာက သူတို့ တောက်လျှောက်ပစ်နေတဲ့အချိန် ကျည်ဘောက်ချိန်းတဲ့အချိန်မှာ ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆွဲခေါ်ပြီးတော့ လွတ်တဲ့နေရာ အထိပြေးလာရတာ”
စစ်ကောင်စီတပ်ဖွဲ့က အသတ်ခံရသူ ၁၀ ဦး စလုံးကို အဲဒီအိမ်ထဲမှာပဲ စုပုံပြီး မီးရှို့ ခဲ့တာလို့လည်း ပြောပါတယ်။
အိမ်ခြေ နှစ်ရာနီးပါးရှိတဲ့ ရွှေလှံရွာမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းချိန် ဒေသခံ တွေက ခြေဦးတည်ရာကို ထွက်ပြေးခဲ့ရပြီး နေအိမ် ရှစ်လုံးလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့မှာပဲ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပုထိုးသာကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာအနီးမှာ အသက် ၃၆ နှစ်အရွယ် ဒေါင်းမင်း ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုစက္ကနဲ့ အသက် ၂၅ နှစ်အရွယ် အဖွဲ့ဝင် ကိုရဝေ တို့ကို စစ်ကောင်စီတပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်းပြီးမှ ရက်ရက်စက်စက် သတ်ဖြတ်ထားတာကို တွေ့ရတယ်လို့ ပုလဲမြို့နယ်အခြေစိုက် ဂဠုန်ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
“ကိုစက္က တပည့်ကျတော့ ခြေသလုံးမှာ သေနတ်ဒဏ်ရာရှိတယ်။ ကိုစက္ကကျတော့ ညာဘက်ပေါင်မှာ သေနတ် ဒဏ်ရာရှိတယ်။ သူတို့မပြေးနိုင်တော့တဲ့အချိန်မှာ မိသွားတဲ့ သဘောမျိုးပါပဲ။ သူတို့ရုပ်အလောင်းတွေ့ကို ပြန်တွေ့တော့ ခေါင်းဖြတ်ပြီးတော့ သတ်တာဗျ။ မသတ်ခင်မှာ ညှဉ်းပန်းနှိပ်စက်ထားတယ်ဗျ။ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်၊ ထိုးနှက်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်။ နှစ်ယောက်လုံးကို ဗိုက်တွေကို ခွဲသွားတယ်။ အူတွေလည်း ဒီတိုင်းထွက်နေတာ။ ကိုစက္ကရဲ့တပည့်ဆိုရင် ငယ်ပါတောင် ဖြတ်သွားတယ်ဗျ”
အောက်တိုဘာ ၂၀ ရက်နေ့တုန်းကလည်း ယင်းမာပင်မြို့နယ် နှုံးတန်းရွာနဲ့ ပျားအိုကျေးရွာ အနီးမှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
"မသတ်ခင်မှာ ညှဉ်းပန်းနှိပ်စက်ထားတယ်ဗျ။ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်"
ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေကို စစ်ကြောင်းထိုးခဲ့တာဟာ စစ်ကောင်စီတပ် တပ်မ - ၇၇ နဲ့ တပ်မ - ၉၉ တို့ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ RFA အနေနဲ့ ဒီပြောဆိုချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသလို ဒီလိုသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဒီသတ်ဖြတ်မှုတွေကို စစ်တပ်က လုပ်တယ်ဆိုရင် ခိုင်လုံတဲ့ သက်သေအထောက်အထား ပြသဖို့လိုမယ်လို့ RFA ကိုပြောပါတယ်။
“အဲဒါကတော့ သေဆုံးမှုဆိုတာ အမျိုးစုံ ရှိနိုင်တယ်။ အလောင်းပုံထွက်လာရုံနဲ့တော့ တပ်ကလုပ်တယ်၊ မလုပ်ဘူးဆိုတာ ဆုံးဖြတ်ချက်ချဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ခိုင်လုံတဲ့ သက်သေအထောက်အထား (Strong evidence) ရှိဖို့လို အပ်တယ်။ အဲတာမျိုး မဟုတ်ရင်တော့ ဆိုလိုတာက စစ်မြေပြင်တစ်ခုဆိုတာ လက်နက်ကိုင် ပဋိပက္ခတစ်ခုဖြစ်လာပြီ ဆိုလို့ရှိရင် စစ်ပွဲသဘောတရားအရာတော့ စစ်ပွဲရဲ့မြူမှုန်အရ ဘယ်သူလုပ်တယ်၊ ဘယ်ဝါလုပ်တယ်ဆိုတာ တော်ရုံတန်ရုံ တိတိကျကျ ခွဲခြားဖို့ဆိုတာ အရမ်းခဲယဉ်းတယ်။ အဲတော့ ဒါနဲ့ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေအထောက်အထား (Strong evidence) ရှိရင်တော့ တပ်နဲ့ပတ်သက်ပြီးတော့ ပြစ်တင်စရာတွေ၊ ထောက်ပြစရာတွေ ရှိလာမှာပေါ့။ အဲလိုမှ မဟုတ်ဘဲနဲ့ သံသယ အဆင့်နဲ့ ဖြစ်ရုံနဲ့လောက်တော့ တပ်ကလုပ်တာပါလို့ စွပ်စွဲမှု သေချာမလုပ်နိုင်ဘဲနဲ့ ဒီလိုမျိုး အပြစ်တင်ရုံ၊ သံသယနဲ့ ပြောရုံနဲ့တော့ ဖြေရှင်းဖို့က ရှိမယ်မထင်ပါဘူး။”
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာတော့ အောက်တိုဘာ ၈ ရက်ကနေ ၂၃ ရက်အထိ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် ဒေသခံ ၁၃ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ထနောင်းကိုင်းရွာက နှစ်ဦး၊ မင်းကုန်းက တစ်ဦး၊ သမန်းကျင်းက နှစ်ဦး၊ ဘုရားလေးကုန်းက သုံးဦး၊ ရွာတော်က သုံးဦးနဲ့ ဒူသင်တောင်ခြေ ဘုန်းကြီး ကျောင်းက နှစ်ဦး တို့ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သမန်းကျင်းရွာမှာနေထိုင်တဲ့ အသက် ၆၀ အရွယ် ဦးအောင်ငွေ သေဆုံးခဲ့မှုမှာ စစ်ကောင်စီ တပ်ဖွဲ့တွေက ပစ်သတ်ခဲ့တာလို့ GZ Special Task Force – Wetlet တာဝန်ခံက RFA ကို ပြောပါတယ်။
“ သမန်းကျင်းတော တိုက်ထဲမှာနေတဲ့ ပြည်သူတွေပေါ့၊ သူတို့က တိမ်းမလို့ (ရှောင်မလို့) ထွက်မလို့ လုပ်နေတုန်းမှာပဲ အပစ်ခံရတာ။ ညနေပိုင်းမှာ၊ သူ့ယောကျ်ားကတော့ အသက် ၆၀ ဝန်းကျင် ရှိတယ်။ ဆုံးသွားတယ်။ ကျည်ဆန်မှန်ပြီးတော့၊ မိန်းမကျတော့ စိုးရိမ်ရတဲ့ အခြေအနေပေါ့။ ဒဏ်ရာက လက်ပြင်တစ်ချက် မှန်တယ်။ ပေါင်တစ်ချက် မှန်တယ်။”
အဲဒီရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဒေသခံ ရှစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စားနပ် ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေဘုံသာရွာမှာ အသက် ၄၅ နှစ်အရွယ် မသန်စွမ်း အမျိုးသားတစ်ဦး၊ အောက်တိုဘာ ၂၂ ရက်နေ့မှာ ရွေပေါက်ပင်ရွာက အရပ်သား ငါးဦး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီလို စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး သက်သေအချက်အလက်တွေ ခိုင်ခိုင်မာမာ ရရှိထားပြီး ဖြစ်တာကြောင့် အပြစ်ပေးအရေးယူနိုင်အောင် ဆက်လုပ်မယ်လို့ RFA ကို ပြောပါတယ်။
“သူတို့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတင်မကဘဲ ရာဇဝတ်မှုကို ကျူးလွန်တဲ့ ရာဇဝတ်သားတွေဖြစ်ပါတယ်။ ရာဇဝတ်သားတွေကို ရပ်ပါလို့ကျနော်တို့ မတောင်းချင်ဘူး။ ရာဇဝတ်သားတွေအနေနဲ့ ဒီဟာနဲ့ထိုက်တန်တဲ့ အပြစ်ပေး အရေးယူမှုတွေ ခံစားဖို့အတွက်ပဲ ကျနော်တို့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။"
စစ်ကောင်စီကို လက်နက်ပိတ်ဆို့တာနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့အပြင် နိုင်ငံတကာ တရားရုံးတွေမှာပါ တရားစွဲနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေ ဘက်က အခုထက်ပိုပြီး ခုခံတွန်းလှန်နိုင်မှ စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို ရပ်တန့်နိုင်မယ်လို့ RFA ကို ပြောပါတယ်။
“တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေ သုံးစွဲပြီးတော့မှ တည်ဆောက်လာတဲ့ ဗမာ့တပ်မတော် ဆိုတဲ့ စစ်တပ်မှာ ကြည်း၊ ရေ၊ လေ လက်နက်အင်အား အပြည့်အစုံရှိပါတယ်။ အခုပြည်သူတွေက ဒီအင်အားစုကို တူမီးတွေ လက်လုပ်သေနတ်တွေနဲ့ ခုခံနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေကို ကျော်လွှားဖို့အတွက်တော့ လက်နက် အင်အား မမျှတဲ့အတွက် အချိန်တစ်စုံတစ်ရာ ပေးရမှာပါ။ စစ်ကောင်စီရဲ့ လုံခြုံရေး အင်အားတွေကို အပြတ်အသတ် မတိုက်နိုင်ဘဲနဲ့ ဒီပြဿနာဖြေရှင်းလို့ မရဘူးလို့ ကျနော် ပြောချင်ပါတယ်။”
နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ကောင်စီကို တားဆီးပိတ်ဆို့မှုတွေ အခုထက်ပိုပြီး လုပ်နိုင်ရင် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်မှုတွေကို မြန်မြန် ရပ်တန့်နိုင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP - Myanmar) ကတော့ စစ်အာဏာသိမ်းပြီး ၂၁ လအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၁,၅၁၂ ဦး သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။