မဘသ ညီလာခံကို တပ်မတော်က ငွေကြေးလှူဒါန်းတဲ့အပေါ် အမြင်များ

တရားမဝင် အဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကက ဆုံးဖြတ်ထားတဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)ရဲ့ ညီလာခံကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သတ်ပုံက ငွေကျပ် သိန်း ၃ဝဝ လာရောက် လှူဒါန်းခဲ့ပါတယ်။

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)ညီလာခံတွင် လှူဖွယ်များ လှူဒါန်းနေသော ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သတ်ပုံ။ Photo: RFA

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ဟာ တရားမဝင် အဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံရဲ့အမြင့်ဆုံး သံဃာ့ အဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က ၂ဝ၁၈ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ထားပါတယ်။ မဟနက မတရားအသင်းအဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) မဘသညီလာခံကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သတ်ပုံက မနေ့က ငွေကျပ်သိန်းသုံးရာ သွားရောက်လှူဒါန်းခဲ့တဲ့အတွက် မဘသအဖွဲ့နဲ့ တပ်မတော်အကြား ဆက်ဆံရေးကို အများက မေးခွန်းထုတ်လာကြပါတယ်။

တပ်မတော်အနေနဲ့ ငွေကြေးလှူဒါန်းတာဟာ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေ အပေါ်မှာ လှူဒါန်းတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

သွားရောက်လှူဒါန်းတဲ့ အတွက်လည်း ဘာတွေများ ထိခိုက်သွားလို့လဲ။ (ဗိုလ်မှူးချုပ် ဇော်မင်းထွန်း)

“ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဆိုတာဟာလည်း သံဃာတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်လို့ အခုဆုံတဲ့အချိန်မှာ ကျနော်တို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် အနေနဲ့ သွားရောက်လှူဒါန်းတာမျိုးပဲ ဖြစ်ပါတယ်။ သွားရောက်လှူဒါန်းတဲ့ အတွက်လည်း ဘာတွေများ ထိခိုက်သွားလို့လဲ။ ကျနော်တို့သွားလှူတာသည် ခုနကပြောသလို သံဃာ့အဖွဲ့အစည်း ဖြစ်တယ်၊ အမျိုးဘာသာသာသနာနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်တဲ့အတွက် သွားလှူတာ ဖြစ်တယ်။ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်တွေလည်း ပြောထားပြီးသား ဖြစ်တယ်။ သူတို့ရည်ရွယ်ချက်တွေ အပေါ်မှာ ကျနော်တို့ လှူဒါန်းတာဖြစ်တယ်”

ဒီအလှူငွေနဲ့ ပတ်သက်လို့ RFA က ဗုဒ္ဓဓမ္မပရဟိတအဖွဲ့ကြီးကို ဆက်သွယ်လျှောက်ထားရာမှာ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဗဟိုကော်မတီဝင် ဆရာတော် ဦးသောပါကက အခုလို မိန့်ပါတယ်။

“ဘုန်းကြီးဆိုတာ အလှူခံပုဂ္ဂိုလ်ပဲလေ၊ ဘယ်သူလှူလှူ လက်ခံမယ်။ NLD အစိုးရ လှူရင်လည်း လက်ခံတယ်၊ ကြံ့ခိုင်ရေးက လာလှူရင်လည်း လက်ခံတယ်၊ ဒေါ်အောင်ဆန်းစုကြည် လာလှူရင်လည်း မွေးနေ့ အထိမ်းအမှတ်အနေနဲ့ သိန်းပေါင်း ခုနှစ်သောင်းလေးထောင် အမျိုးဘာသာ သာသနာစောင့်ရှောက်ဖို့ လာလှူမယ်ဆိုရင်တောင်မှ တို့က လက်ခံသွားမှာပါ။ ဘယ်သူမဆို လာလှူလို့ရတယ်၊ RFA က လာလှူမယ်ဆိုရင်လည်း RFA ကိုလည်း တို့က ကျေကျေနပ်နပ် လက်ခံမှာပါ။ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း က တရားမဝင် အဖွဲ့အစည်း အမှန်အကန် ဖြစ်တယ်ဆိုရင် တပ်မတော်က လာပူးပေါင်းစရာ မရှိဘူး။ လှူတဲ့ပုဂ္ဂိုလ်က အမျိုးဘာသာ သာသနာအတွက် အားပေးနေတယ်၊ စောင့်ရှောက်နေတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကို တို့က ထောက်ခံသွားမယ်။ သာသနာဖျက်ဆီးတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ တို့က ထောက်ခံမှာမဟုတ်ဘူး၊ အခုလို ကန့်ကွက်သွားမှာပဲ”

မနေ့က ကျင်းပပြီးစီးခဲ့တဲ့ ညီလာခံအခမ်းအနားမှာ မဘသဦးဆောင်ဆရာတော်တွေက လွှတ်တော်အတွင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုဟာ နည်းနေသေးကြောင်း၊ နိုင်ငံတော် ကောင်းကျိုးအတွက် လုပ်ဆောင်တဲ့နေရာမှာ တပ်မတော်သားတွေနဲ့ မဘသ ဆရာတော်တွေဟာ အတူတူဖြစ်ကြောင်း မိန့်ကြားကြပါတယ်။

ဒီလို တပ်နဲ့မဘသ ဆရာ-ဒကာ ဆက်ဆံရေးခိုင်မာနေတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသခဲ့တာနဲ့ ပတ်သက်လို့ အများက ဘယ်လို မြင်ပါသလဲ။ မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသက အခုလိုမိန့်ကြားပါတယ်။

ဒီအဖွဲ့အစည်းရဲ့နောက်မှာ တပ်မတော်ရှိတယ် ဆိုတာကတော့ နဂိုကတည်းက သိပြီးသားပါ။

“ဒီအဖွဲ့အစည်းရဲ့နောက်မှာ တပ်မတော်ရှိတယ် ဆိုတာကတော့ နဂိုကတည်းက သိပြီးသားပါ။ အခုလို လူလုံးထွက်ပြလိုက်တော့ ပိုရှင်းသွားတာပေ့ါ၊ ဒါပါပဲ။ အဲဒါကတော့ ရှင်းရှင်းလေးပါ၊ သူတို့ဟာ ဒေဝဒတ်အုပ်စုပဲ ပြောရမှာပါပဲ၊ တိုင်းပြည်ကို ဂလန့်လုပ်နေတဲ့အုပ်စု၊ ဘယ်သံဃာမှ ကိုယ်စားမပြုဘူး။ ကိုယ်စားပြုတယ် ထင်လို့ရှိရင် နဖူးကို မဘသလို့ နဖူးစာတန်းပြီးတော့ ဆွမ်းခံကြည့်စမ်းပါလို့ အဲဒီလိုပဲ ပြောလိုက်ပါမယ်”

မနေ့က ဗုဒ္ဓဓမ္မအဖွဲ့ ကြေညာချက်မှာ ဦးဝီရသူကို တရားစွဲဆို ဖမ်းဝရမ်းထုတ်ထားတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ ဇွန်လ ၁၆ ရက်နေ့က သာသနာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ… အာဏာစက်နဲ့ အရေးယူခံထားရတဲ့ ဆရာတော်ကို “ဆရာတော်” လို့ မခေါ်ဆိုထိုက်ကြောင်း ထုတ်ပြန်ချက်အပေါ် ကန့်ကွက်ကြောင်းနဲ့ လက်ရှိအစိုးရကို ရတဲ့နည်းနဲ့ တွန်း လှန်ဖယ်ရှားဖို့ ရဟန်းရှင်လူပြည်သူ တွေကို တိုက်တွန်းကြောင်းစတဲ့ အချက်တွေ ပါဝင်ပါတယ်။

မနေ့က ညီလာခံကိုကြွရောက်လာတဲ့ သံဃာတော်တွေကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က နေ့ဆွမ်းလှူဒါန်းထားတယ်လို့ သိရပါတယ်။ ဦးစိုးထွန်းရှိန်ဟာ မေလ ၃၁ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသူဖြစ်ပါတယ်။

ဦးစိုးထွန်းရှိန်ဟာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့ (ဗဟို) ရဲ့ အတွင်းရေးမှူး တစ်ဦးဖြစ်ပြီး မဘသအဖွဲ့အစည်းကို ၂ဝ၁၅ ခုနှစ်က ရွှေစင်တစ်ပိဿာ လှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကို တပ်မတော်က ငွေလှူဒါန်းတာနဲ့ ပတ်သက်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ သဘောထားအမြင်ကို သိနိုင်ဖို့ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက မနေ့က နေ့ဆွမ်း ဆက်ကပ်တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

(RFA သတင်းထောက် အောင်သိင်္ခ စုစည်းတင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org