ပျောက်ဆုံးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ယိုးချောင်းဒေသက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိလက်နက်ကိုင်တွေက ခေါ်ယူသွားတာနဲ့ ပတ်သက်လို့ စုံစမ်းပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ဝ ကျော်က မြို့နယ်အုပ်ချုပ်ရေးမှူးကို မနေ့ကတောင်းဆို လိုက်ပါတယ်။

ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား ခဲ့တဲ့ ယိုးချောင်းဒေသက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိလက်နက်ကိုင်တွေက ခေါ်ယူသွားတာနဲ့ ပတ်သက်လို့ စုံစမ်းပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ဝ ကျော်က မြို့နယ်အုပ်ချုပ်ရေးမှူးကို မနေ့ကတောင်းဆို လိုက်ပါတယ်။

RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။

~~~~~~~~~~

ပျောက်ဆုံးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး

(မင်းသိန်းအောင်)

■ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ယိုးချောင်းဒေသက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိ လက်နက်ကိုင်တွေက ခေါ်ယူသွားတာနဲ့ ပတ်သက်လို့ စုံစမ်းပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄၀ ကျော်က မြို့နယ်အုပ်ချုပ်ရေးမှူးထံ မနေ့က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပေါင်း ၄၀ ကျော်က မြို့နယ် အုပ်ချုပ်ရေးမှူးထံကို မနေ့ကရက်စွဲနဲ့ပေးပို့လိုက်တဲ့စာထဲမှာ တောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းနုကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာနဲ့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို တိတိကျကျသိရှိနိုင်အောင် ဆောင်ရွက်ပေးဖို့ ဖော်ပြထားပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးထံကို စာပေးပို့လိုက်တာနဲ့ပတ်သက်လို့ ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသင်္ခါကျော်က အခုလို ပြောပါတယ်။

"တောင်မင်းကုလားအုပ်ချုပ်ရေးမှူးကို ဘယ်အဖွဲ့ကခေါ်မှန်းကို ကျနော်တို့က မသိဘူးဖြစ်နေတယ်။ တပ်ကခေါ်သွားသလား၊ AA ကခေါ်သွားသလား ကျနော်တို့က တိတိကျကျမသိဘူး။ ဘာကြောင့်ခေါ်သွားလဲဆိုတာကိုလည်း ကျနော်တို့က မသိဘူး။ အဲဒါကြောင့် ဒီကိစ္စကို ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးထံကို စုပြီးတင်ပြကြတာဖြစ်ပါတယ်။ ပျောက်သွားတာက ဇန်နဝါရီလ ၁၉ ရက်၊ ဒီနေ့ ၂၅ ဆိုတော့ ၆ ရက်လောက်ရှိသွားပြီ"

အသက် ၄၅ နှစ် အရွယ်ရှိတဲ့ တောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းနုဟာ မြိုတိုင်းရင်းသား တစ်ဦးဖြစ်ပြီး သံချောင်းကျေးရွာမှာ မိသားစုနဲ့အတူ နေထိုင်တာပါ။

သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က တောင်မင်းကုလားကျေးရွာမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းကနေ သူနေထိုင်တဲ့ သံချောင်းကျေးရွာကို ပြန်လာပြီးနောက် ည ၇ နာရီခန့်အချိန်မှာ အမည်မသိ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အခုဆိုရင် ဖမ်းဆီးခေါ်ဆောင်ခံရတာ အချိန် ၆ ရက်လောက်အထိ ဘာသတင်းအစအနမှမရဘဲ အချိန်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးပေါင်း ၄၀ ကျော်က မြို့နယ်အုပ်ချုပ်ရေးမှူးထံကို မနေ့က ပေးပို့တဲ့စာထဲမှာတော့ ဦးထွန်းနုအတွက် စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့ ရေးသားထားပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတာနဲ့ ပတ်သက်လို့ ဦးထွန်းနုရဲ့ ရပ်ကျေးစာရေးတစ်ဦးဖြစ်တဲ့ ဦးအောင်စံသိန်းကတော့ ဖမ်းဆီးသွားတဲ့သူတွေဟာ သေနတ်တွေကိုင်ဆောင်ပြီး ဗမာစကားနဲ့ ခေါ်ယူသွားတာဖြစ်တယ်လို့ ပြောပါတယ်။

"ခေါ်ဆောင်သွားတဲ့လူတွေက ပထမဆုံးအိမ်ထဲကို လူသုံးဦး ဝင်ပါတယ်။ သူတို့ဝတ်ထားတဲ့ဝတ်စုံက အပြောက်အကျားတွေနဲ့ပါ။ အကျီၤလက်မောင်းမှာလည်း အနီရောင်မှာ အဖြူရောင် ကြယ်ပွင့်နဲ့ဖြစ်ပါတယ်။ သူတို့မှာ မတိုမရှည် သေနတ်တစ်လက်လည်း ကိုင်ထားပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတာကို ကျနော်လည်း မခန့်မှန်းတတ်ပါဘူး။ သူတို့မှာ ပထမဆုံး သုံးဦးဝင်လာပြီးတော့ နောက်ထပ် နှစ်ဦး ဝင်လာပါတယ်။ အားလုံးစုစုပေါင်း ငါးဦးလို့ သူ့ရဲ့ဇနီးပြောပြချက်အရ သိရပါတယ်။ သူတို့က အဘနဲ့တွေ့ဖို့ အပြင်ကိုခဏလိုက်ခဲ့ပါဦးဆိုပြီးတော့ ခေါ်သွားတာပါ"

ဒီကိစ္စနဲ့ပတ်သက်လို့ မိသားစုတွေက သက်ဆိုင်ရာ ကန်စောက်နယ်မြေရဲစခန်းကို အကြောင်းကြားခဲ့ပြီးနောက် တပ်မတော် အရာရှိတစ်ချို့နဲ့ ရဲအရာရှိတစ်ချို့က လာရောက်စုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီနေ့အထိ ဘာသတင်းအစအနမှ မရတာကြောင့် အားလုံးစိုးရိမ်ကြောင့်ကြ နေကြရတယ်လို့လည်း ဆိုပါတယ်။

ကျောက်တော် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းဇော်ကတော့ ဖြစ်စဉ်ဖြစ်ကတည်းက စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

"ကျနော်တို့ဘက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရယ်၊ နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရယ်၊ ရပ်မိရပ်ဖတွေနဲ့ စုံစမ်းပြီးတော့မှ ခရိုင်တို့၊ ပြည်နယ်တို့ကို တင်ပြထားတာရှိပါတယ်။ ဖြစ်စဉ်ဖြစ်ကတည်းက ကျနော်တို့ ဆောင်ရွက်နေတာပါခင်ဗျ"

မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးပေါင်း ၄၀ ကျော် လက်မှတ်ရေးထိုး တင်ပြတဲ့ကိစ္စနဲ့ပတ်သက်လို့ ဘာတွေဆောင်ရွက်ဖို့ရှိသလဲ မေးမြန်းရာမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ယူထားတဲ့အတွက် သူ့အနေနဲ့ဖြေကြားခွင့် မရှိကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

တောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းနု ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ အဲဒီဒေသမှာရှိတဲ့ အစိုးရတပ်စခန်းတွေကို ဒေသခံတွေက မေးမြန်းစုံစမ်းရာမှာ ဖမ်းဆီးထားခြင်းမရှိကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော်(AA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က ဒီနေ့ညနေက မေးမြန်းရာမှာလည်း သူတို့ဘက်က ခေါ်ယူထားတာ မရှိဘူးလို့ ပြောပါတယ်။

တောင်မင်းကုလားကျေးရွာအုပ်စုမှာ တောင်မင်းကုလား၊ သံချောင်း၊ ကြိမ်ချောင်း၊ နပျိုးချောင်း၊ ရွှေပန်းခိုင်၊ မှင်းခူချောင်းစတဲ့ကျေးရွာ ၆ ရွာရှိပါတယ်။

ယိုးချောင်းအထက်ပိုင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် တောင်မင်းကုလားကျေးရွာမှာ စစ်ဘေးဒုက္ခသည် ၇၀၀ ကျော် ထွက်ပြေးခိုလှုံနေကြရပါတယ်ခင်ဗျာ။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org