လေးကေ့ကော် ဒုက္ခသည်တွေ သောင်ရင်းမြစ်ကမ်းမှာ ဆက်ခိုလှုံ
နေရပ်ပြန်ဖို့ခက်တဲ့ မြန်မာဒုက္ခသည် သုံးထောင်ကျော် ဟာ သောင်ရင်းမြစ်ကမ်းတလျှောက်မှာ ယာယီတဲတွေ နဲ့ ဆက်လက်နေထိုင်ရပါတယ်။
- 2022-01-31
-
-
-
ကရင်ပြည်နယ် လေးကေ့ကော်ဒေသ ဒုက္ခသည်တွေခိုလှုံနေတဲ့ ထိုင်းနိုင်ငံ မဲ့ကိုးကင်းနွားခြံ စစ်ဘေးဒုက္ခသည်စခန်းကို ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက အပြီးပိတ်သိမ်း လိုက်တာကြောင့် ဒုက္ခသည် သုံးထောင်ကျော်ဟာ နေရပ်ပြန်ဖို့ခက်နေပြီး၊ မြန်မာဘက် အခြမ်းက သောင်ရင်းမြစ်ကမ်းတလျှောက်မှာ ယာယီတဲတွေနဲ့ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေ က RFA ကို ဒီနေ့ပြောပါတယ်။
တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တာကြောင့် သူတို့ရဲ့ မူလနေရပ်တွေဆီကို မပြန်ရဲ သေးတာလို့ ဒုက္ခသည်အရေးကူညီနေတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) က ကိုရဲမင်းက ပြောပါတယ်။
“ဒီရက်ပိုင်းမှာပဲ မဲ့ကိုးကင်းနွားခြံ စစ်ရှောင်စခန်းကို ပိတ်သိမ်းတယ်ဆိုပြီးတော့ ထိုင်းဘက်ကနေပြီးတော့ ပိတ်သိမ်းတာပေါ့နော်။ ပိတ်သိမ်းတော့ အခုကလူက ကုန်သလောက်ဖြစ်သွားပြီ။ မပေးနေတဲ့အတွက် မနေတော့ဘူး။ ကိုယ့်စီအစဉ်နဲ့ကိုယ် သူတို့နဲ့လွတ်ကင်းရာ ချောင်းအပေါ်ပိုင်းကို ဆန်တက်ပြီးတော့ ကိုယ့်အစုအဖွဲ့နဲ့ ကိုယ်နေနေကြရတာ။ အဲဒီလိုလူတွေဟာ သုံးထောင် လေးထောင်လောက်ရှိတယ်။ သောင်းရင်း မြစ်အပေါ်ပိုင်းကို ပြန်ဆန်တက်ပြီးတော့ သွားနေကြရတာ။ ဘာဖြစ် လို့လဲဆိုတော့ သူတို့ရွာတွေကို မပြန်ရဲကြဘူး။ ကိုယ့်မြန်မာပိုင်နက် ချောင်းဘေး တလျှောက် ဒီမြက်ရိုင်းတောတွေဘာတွေ၊ အဲဒီချောင်းဘေးမှာပဲ မိုးကာလေးတွေ တဲလေးတွေနဲ့ တရွေ့ရွေ့နဲ့ ရွှေ့ပြောင်းပြီးတော့ ရွှေ့သွားတဲ့သဘောပဲပေါ့”
သောင်ရင်းမြစ်ကမ်းတလျှောက်က အဲဒီဒုက္ခသည် သုံးထောင်ကျော် အပါအဝင် မြန်မာ ဘက်ခြမ်းက ရွာတွေမှာ ကိုယ့်အစုအဖွဲ့လိုက် ထွက်ပြေးခိုလှုံနေကြရတဲ့ ဒုက္ခသည် တစ်သောင်းဝန်းကျင် ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။
တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်ကဆိုရင် စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ထိုင်းနဲ့ မြန်မာဘက်ခြမ်း နှစ်ခုပေါင်း နှစ်သောင်းကျော်ထိရှိခဲ့တာပါ။
အခုနောက်ပိုင်းမှာတော့ တချို့ကလည်း နေရပ်ကိုပြန်တာရှိသလို တချို့ကလည်း ထိုင်းနိုင်ငံဘက်ခြမ်း ဒုက္ခသည်စခန်းမှာမဟုတ်ဘဲ ထိုင်းရွာသားတွေ အကူအညီနဲ့ နေထိုင်ကြတာလည်းရှိတယ်လို့ ဆိုပါတယ်။
ထိုင်းရွာသားတွေရဲ့ အကူအညီနဲ့ ထိုင်းဘက်ခြမ်းကျန်ခဲ့တဲ့သူတွေကို စာရင်းကောက်ယူဖို့ ခက်ခဲတဲ့အတွက် လူဦးရေအတိအကျမသိရဘူးလို့ ဒုက္ခသည်တွေရော၊ ဒုက္ခသည်အရေး ကူညီပေးသူတွေကပါ ပြောပါတယ်။
သောင်ရင်းမြစ်ဘေးတလျှောက် ယာယီတဲတွေနဲ့ နေထိုင်ကြသူတွေဟာ သောက်သုံးရေ ပြဿနာ၊ အိမ်သာမလုံလောက်တဲ့ ပြဿနာတွေ ကြုံတွေ့နေရပြီး၊ တချို့လည်း ဝမ်းပျက် ဝမ်းလျှောဖြစ်တာတွေရှိတယ်လို့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ယောက်က RFA ကို ပြောပါတယ်။
“အခုလောလောဆယ်ကတော့ သောက်သုံးရေ ပြဿနာပေါ့နော်။ နောက်တစ်ခုက မိုးက ရာသီချိန် မဟုတ်ဘဲ ရွာလို့ ကလေးသူငယ်တွေဖျားတာ။ နောက် အစာအာဟာရ၊ မသန့်ရှင်းတဲ့ရေတွေကြောင့် ဝမ်းပျက်တာတွေရှိတယ်။ ဒီဘက်မှာရော ဟိုဘက်မှာရော ပေါ့နော် သောင်ရင်းမြစ် မြန်မာဘက်ခြမ်းရော ထိုင်းဘက်ခြမ်းမှာရော၊ မြစ်ဆိပ်မှာနေတဲ့ သူတွေကကျတော့ အခက်အခဲကတော့ အများကြီးပဲ သောက်သုံးရေပြဿနာ၊ အိမ်သာ ပြဿနာတွေပေါ့။ တဲတွေထိုးနေတော့ မိုးရွာလို့ရှိရင် ရေဝင်တာတွေပေါ့နော်။ တချို့ ကျတော့လည်း တွင်းတွေတူးပြီး တွင်းတွေထဲမှာ နေကြတာမျိုးတွေရှိတယ်”
ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ညနေ ၄ နာရီလောက်အထိ အကြောင်းမပြန်သေးပါဘူး။
"သောင်းရင်းမြစ်အပေါ်ပိုင်းကို ပြန်ဆန်တက်ပြီးတော့ သွားနေကြရတာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရွာတွေကို မပြန်ရဲကြဘူး"
ကရင်မျိုးသားအစည်းအရုံး KNU ကတော့ စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ ယာယီဒုက္ခသည်စခန်းတွေ ဆောက်ပေးနေတယ်လို့ KNU ရဲ့ နိုင်ငံခြားရေး ဌာန တာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
“ဒုက္ခသည် ကူညီစောင့်ရှောက်ရေးဘက်မှာလည်း ကျနော်တို့ ကော်မတီတွေရှိတယ်လေ။ အဲဒီဟာတွေကနေလည်း သူတို့ အရေးပေါ် စားဖို့သောက်ဖို့ ကျနော်တို့ ကြံဖန်ရလုပ် ဆောင်ရတဲ့အပိုင်းတွေရှိတယ်။ နောက်ပြီးတော့ ယာယီထားမယ့်နေရာ စခန်းလိုဟာ မျိုးပေါ့နော် IDP လိုဟာမျိုး လေးငါးခုတော့ အနည်းဆုံးရှိပါတယ်။ လူသားချင်း စာနာထောက်ထားမှုအရ သူတို့လိုအပ်တဲ့ အရေးပေါ် စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ လုပ်ရမှာဖြစ်သလို ကျန်တာတစ်ခုကတော့ သူတို့ရဲ့ အကာကွယ်ပေးမှုအပိုင်းပေါ့၊ ဒီအတိုင်း အကာကွယ်ပေးမှုအပိုင်းမရှိဘဲ သူတို့လုံခြုံစိတ်ချရတဲ့နေရာဒေသကို မဖော်ထုတ်နိုင်သရွေ့ကတော့ ဒီပြဿနာတွေကတော့ ကျနော်တို့ ဆက်ရင်ဆိုင်ရမှာပဲ”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က လေးကေ့ကော်မြို့သစ်မှာ ခိုလှုံနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်တချို့အပါအဝင် CDM ဝန်ထမ်းတွေကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ရာကနေ KNU လက်အောက်ခံတပ်တွေ၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ကြတာပါ။
ဒီတိုက်ပွဲတွေအတွင်းမှာ စစ်တပ်က လက်နက်ကြီးတွေအပြင် လေကြောင်းကိုပါ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။
လေးကေ့ကော်မြို့သစ်အပြင် အဲဒီတဝိုက်ကရွာတွေဖြစ်တဲ့ မယ်ထော်သလေး၊ ဖလူးကြီး၊ ဖလူးလေး၊ ထီးမယ်ဝါးခီး၊ ပဟိကလော် စတဲ့ရွာတွေမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန် ခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း ပျက်စီးသွားတဲ့နေအိမ်တွေ၊ စိုက်ခင်းတွေနဲ့ အခြားလုပ်ငန်းတွေ အပြင် လူမရှိတော့တဲ့အိမ်တွေထဲက ပစ္စည်းတွေကိုပါ စစ်ကောင်စီတပ်သားတွေက ယူဆောင်သွားကြတာကြောင့် နေရပ်ပြန်ရမယ်ဆိုရင်တောင် ပြန်လည်ထူထောင်ဖို့ ခက်ခဲနေဦးမယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။