ဒေါက်တာဇော်မြင့်မောင် အကျိုးဆောင်ရှေ့နေ အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ခံရ
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ NLD ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်လိုက်ပါတယ်။
- 2022-04-29
-
-
-
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ NLD ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ချမ်းအေးသာစံ ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်လို့ ဒေါ်ရွက်နုအောင်ရဲ့ လုပ်ဖော် ကိုင်ဖက် ရှေ့နေတွေက ပြောပါတယ်။
ဒေါ်ရွက်နုအောင်ကို ဧပြီ ၂၇ ရက် ညက သူ့ရဲ့ နေအိမ်ကိုလာပြီး စစ်ကောင်စီက ဖမ်းဆီး သွားတာပါ။ ဧပြီ ၂၈ ရက် မနေ့ကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ပြီး ချမ်းအေးသာစံမြို့နယ် တရားရုံးမှာပဲ ရမန်ယူလိုက်တယ်လို့ ဒီအကြောင်းကို သိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက ပြောပါတယ်။
“ ၂၇ ရက် ညပိုင်းက ဖမ်းတယ်၊ ၂၈ ရက် မနက် ၄ နာရီထိုးမှာ သူ့ရုံးခန်းကို သူ့ကို ခေါ်လာပြီးတော့ အချက်အလက်တွေယူတယ်။ အမှုဖွင့်တယ်။ ပုဒ်မတပ်တယ်။ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာပေါ့၊ ၅၀ ညဆိုတော့ ခရိုင်တရားရုံးမှာ အမှုရင်ဆိုင် ရမှာပေါ့၊ သူတို့ကတော့ ပြည်သူကို သူတို့ကြိုက်တာနဲ့ စွဲနေတာပဲ၊ လုပ်လုပ်၊ မလုပ်လုပ် လက်ရှိ အိုးဘိုထောင်ထဲမှာ ရင်ဆိုင်နေရတဲ့သူတွေ အများကြီးပဲ"
အခုတော့ စစ်ကောင်စီက ဒေါ်ရွက်နုအောင်ကို နန်းတွင်းစစ်ကြောရေးကို ပို့ဆောင် ထားတယ်လို့လည်း သူက ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဆိုတာက အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု ဆိုင်ရာ ပြစ်မှုဖြစ်ပါတယ်။ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ် ကနေ အများဆုံး ထောင်ဒဏ်တစ်သက်ထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်တယ်လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေမှာ ဖော်ပြထားပါတယ်။
ဒေါ်ရွက်နုအောင်ဟာ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်လို့ မန္တလေးမြို့ခံ ရှေ့နေတွေက သုံးသပ်ကြပါတယ်။
ဒေါ်ရွက်နုအောင် အခုလို ဖမ်းဆီးခံရတဲ့အပေါ် စိုးရိမ်တယ်လို့ သူ့ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
“ ၅၀ ည နဲ့ ခရိုင်မှာ ရမန်ယူသွားတယ်။ ၁၂ ရက်နေ့ ရုံးထုတ်မယ်ကြားတယ်။ အစ်မက ဥပဒေအတိုင်း သွားတာပါပဲ၊ ဘောင်ထဲကအတိုင်း သွားတယ်။ သူများဆိုရင်လည်း ကူညီချင်တယ်။ ဘယ်သူပဲဖြစ်ဖြစ် ဥပဒေနဲ့ ပတ်သက်ရင် ကူညီပေးတာပဲ၊ ဒီကာလမှာ ကြောက်ကြောက်နဲ့ လုပ်နေတာပဲ၊ ဘယ်နေ့ ငါ့အလှည့်ကျမလဲဆိုပြီး နေနေတာပါ၊ ဒါပေမဲ့လည်း မလုပ်လို့က မရဘူးလေ၊ သူ့ခေါင်းပေါ် တာဝန်တွေ ကျလာတယ်။ အဲဒီတော့ သူ လုပ်ရတာပေါ့၊ သူက လူသိလည်းများတော့ သူ့အတွက် တစ်ခုခုဖြစ်မှာ၊ အသက်အန္တရာယ်ဖြစ်မှာ စိုးရိမ်တယ် ”
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ကို ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူတဲ့အပေါ် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ RFA ကို အခုလိုပြောပါတယ်။
"ဒေါ်ရွက်နုအောင်ကတော့ ငါတို့ဆီက ဖမ်းထားတာ ဟုတ်တယ်။ သူကတော့ အကြမ်းဖက် PDF အဖွဲ့ထဲကနေ တစ်ယောက်မိထားတာရှိတယ်။ သူ့ရဲ့ထွက်ချက်အရ သူတို့ကို ငွေရေးကြေးရေးထောက်ပံ့တဲ့ ဟာထဲမှာ ပါတယ်။ ဒါကြောင့်မို့ အဲဒီအမှုနဲ့ အမှုဖွင့်ပြီး အရေးယူဆောင်ရွက်နေတယ် "
စစ်ကောင်စီဖမ်းဆီးထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးစည်သူဟာ မန္တလေးမြို့မှာ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်မှုတွေလုပ်တဲ့ Nation Defense Army အဖွဲ့ဝင် တစ်ဦးဖြစ်တယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ထားပါတယ်။
"သူက လူသိလည်းများတော့ သူ့အတွက် တစ်ခုခုဖြစ်မှာ၊ အသက်အန္တရာယ်ဖြစ်မှာ စိုးရိမ်တယ်"
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်း ဝန်ကြီးတွေနဲ့ ပါတီဝင်တွေကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတွေနဲ့ သဘာဝဘေးနဲ့ စွဲဆိုထားတဲ့အမှုတွေအတွက် တရားလွှတ်တော်ရှေ့နေတွေဖြစ်တဲ့ ဦးသိန်းသန်းဦး၊ ဦးကျော်ညွန့်နဲ့ ဦးမျိုးအောင်တို့နဲ့အတူ ဒေါ်ရွက်နုအောင်က လိုက်ပါဆောင်ရွက် ပေးနေတာပါ။
အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို အခုလိုဖမ်းဆီးတာဟာ တရားခွင်မှာ မေးသင့်၊ မေးထိုက်တာတွေ မေးဖို့ကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်သွားနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက ဝေဖန်ပါတယ်။
“ ဒီလိုမျိုး အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေကို အကြောင်းတစ်ခုခုကို ပြပြီးတော့ ၅၀ ည တို့၊ ဘာတို့တပ်ပြီး စွဲဆိုခံနေရတယ်။ ဒါကတော့ တကယ် ပြောရင်တော့ မဖြစ်သင့်ဘူး၊ တရားစီရင်ရေးက လွတ်လွတ်လပ်လပ် ရှိသင့်တယ်။ အဖမ်းခံရတဲ့သူတွေရဲ့ ကာကွယ်ခုခံပိုင်ခွင့်ကို ဥပဒေနဲ့အညီ လိုက်ပါ ဆောင်ရွက်နေတဲ့ အမှုလိုက် ရှေ့နေတွေကို တရားစွဲဆိုတာဟာ တစ်နည်းအားဖြင့် ခြိမ်းခြောက်မှု တစ်ခုဖြစ်တယ် "
ဒေါ်ရွက်နုအောင်ဟာ NLD ပါတီ ဥပဒေအကြံပေးနဲ့ မန္တလေးတိုင်း အလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၂၀ ပြည့်နှစ် မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်အဖြစ်လည်း ဆောင်ရွက် ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေနဲ့ ပါတီဝင် စုစုပေါင်း ၈၃၂ ဦး ဖမ်းဆီးခံထားရတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက မတ်လ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။