သုံးနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် မကွေးတိုင်းမှာ လူပေါင်း ၂၆၅ ဦးထိခိုက်
မကွေးတိုင်းမှာ စစ်အာဏာသိမ်းပြီး သုံးနှစ်တာကာလအတွင်း မြေမြှုပ်မိုင်းကြောင့် လူပေါင်း ၂၆၅ ဦး ထိခိုက်ခဲ့ရသလို အဲဒီထဲမှာ သေဆုံးသူတွေလည်း ရှိနေပါတယ်။
-
RFA Burmese
2024-03-08 -
-
-
စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်တာ ကာလအတွင်း စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ချင်းနဲ့ စစ်ကိုင်းတိုင်းအစပ်က မြို့နယ်တွေဖြစ်တဲ့ ဆော၊ ထီးလင်း၊ ဂန့်ဂေါ၊ ပေါက်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်တွေမှာ မြေမြှုပ်မိုင်းဒဏ်ကို အများဆုံးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဆောမြို့နယ်မှာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်း အရပ်သား ၁၂ ဦး ထိခိုက်ခဲ့ပြီး လေးဦးက သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဆောမြို့နယ်က အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်ထွေးကြည်ဟာ သူ့ယာခင်းကို စပါးသိမ်းဖို့အသွား မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။
"မိုင်းကိုလည်း ဘယ်လိုဟာမှန်းကို မသိတော့ ကျွန်မ ဘယ်လိုမှန်းကိုမသိဘူး၊ တိုက်မိတာလား၊ နင်းမိတာလားကို မသိဘူးရှင့်။ ကျွန်မသတိရတော့ ပခုက္ကူဆေးခန်းမှာ။ ခြေထောက်က အတုမတပ်နိုင်သေးဘူး။ အတုတော့ တပ်တော့တပ်ချင်တယ်၊ ငွေအင်အားမတတ်နိုင်လို့ မတပ်နိုင်ဘူး။ ချိုင်းထောက်နဲ့ပဲ သွားနေရတယ်"
ဒီမိုင်းကို ဘယ်အဖွဲ့ဘက်က ထောင်ခဲ့တယ်ဆိုတာ သူလည်း မသိဘူးလို့ ပြောပါတယ်။ ဂန့်ဂေါမြို့နယ် ကန်ရွာမှာ ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးသူ ဆယ်ဦး မြေမြှုပ်မိုင်း ထိခဲ့ပြီး အဲဒီထဲက သုံးဦးက စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အတုတော့ တပ်တော့တပ်ချင်တယ်၊ ငွေအင်အားမတတ်နိုင်လို့ မတပ်နိုင်ဘူး။ ချိုင်းထောက်နဲ့ပဲ သွားနေရတယ်"
ဖေဖော်ဝါရီလ ၁၇ နဲ့ ၁၈ နှစ်ရက်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီထဲက သုံးဦးဟာ ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရတယ်လို့ စန်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
မြိုင်မြို့နယ်မှာ သုံးနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၉ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၁ ဦး ထိခိုက်ခဲ့ပါတယ်။ ဒီလိုထိခိုက်ခဲ့တဲ့ ဒေသခံအရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထဲက အယောက် လေးဆယ်ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထဲမှာ ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရသူတွေရှိပြီး သူတို့အတွက် ခြေတု၊ လက်တုတွေ လိုအပ်တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်လက်ျာက ပြောပါတယ်။
"ခြေပြတ်လက်ပြတ်၊ ခြေတုလက်တုတွေ မတပ်နိုင်တာတွေ တစ်ပုံကြီးရှိတယ် ကျွန်တော်တို့ အဖွဲ့တွေထဲမှာ။ ကျန်းမာရေးအဖွဲ့တွေကလည်း ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့တွေကို တော်တော်များများ ဦးစားပေး ကုပေးပါတယ်။ ကျန်းမာရေး ကုတာက အဆင်ပြေတယ် ပြောရမှာပေါ့။ ဒါပေမဲ့ အခက်အခဲကတော့ ခြေတုလက်တု မတပ်နိုင်သေးတဲ့ အခက်အခဲတော့ ရှိတာပေါ့"
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေရဲ့ အနီးပတ်ဝန်းကျင်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ PDF တွေ သွားလာတတ်တဲ့ လမ်းကြောင်းတွေမှာ မိုင်းထောင်လေ့ရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။
အန္တရာယ်ကြီးမားတဲ့ မြေမြှုပ်မိုင်းပညာပေးအစီအစဉ်တွေကို သက်ဆိုင်ရာပညာပေးအဖွဲ့တွေက နီးစပ်ရာကျေးရွာတွေကို လိုက်လံမျှဝေပေမယ့်လည်း နေရာတိုင်းကို ရောက်ဖို့ အခက်အခဲ ရှိနေပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း စစ်ကောင်စီကို တိုက်ခိုက်ဖို့ မိုင်းထောင်လေ့ရှိပြီး မိုင်းထောင်တဲ့အခါ ရပ်ရွာကို အသိပေးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေထောင်ထားတဲ့ မိုင်းကြောင့်လည်း ဒေသခံအချို့ ထိခိုက်တာတွေ ရှိတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ကိုဝေကြီးက ပြောပါတယ်။
"မိုင်းဆိုတဲ့အမျိုးလည်း ဖြစ်တယ်ပေါ့နော်၊ အန္တရာယ်လည်းများတယ် ဆိုတော့လေ။ ရည်ရွယ်တာကတော့ ကျွန်တော်တို့ စစ်ကောင်စီကိုပဲ ရည်ရွယ်တယ်ပေါ့နော်။ သို့ပေမယ့်လည်း (Error) အမှားအယွင်း မတော်တဆဆိုတာက ရှိသေးတာကို။ ကျွန်တော်တို့မှာလည်း ရှိတဲ့အားနဲ့ တတ်နိုင်တဲ့ ငွေကြေးနဲ့ လုပ်ရတဲ့အခါကျတော့ နည်းပညာကလည်း အဲလောက်ကြီး ကာကွယ်ရေးအဖွဲ့တွေတိုင်းမှာ မခိုင်မာတဲ့အခါကျတော့ Error တက်ပြီးတော့ ပြည်သူလူထု ထိတ်လန့်ရတာမျိုး ထိမှန်တာမျိုးတွေလည်း ဖြစ်တယ်ဗျ"
စစ်ကောင်စီတပ်တွေက နင်းမိုင်း၊ ဆွဲမိုင်းတွေကို အသုံးပြုသလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကတော့ ဆွဲမိုင်းကို အသုံးပြုတိုက်ခိုက်ပါတယ်။ စစ်ကောင်စီသုံးလေ့ရှိတဲ့ နင်းမိုင်းအမျိုးအစား နှစ်ခုရှိပြီး တစ်မျိုးက လူသေစေနိုင်သလို နောက်တစ်မျိုးကတော့ လူမသေပေမယ့် ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံးရပါတယ်။ ဆွဲမိုင်းကတော့ လူကို အသက်အန္တရာယ် ထိခိုက်သေဆုံးစေပါတယ်။
မကွေးတိုင်းအတွင်း အရပ်သားတွေ မြေမြှုပ်မိုင်းအန္တရာယ်ကြုံနေရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဖုန်းခေါ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေနေတဲ့နေရာတွေမှာ တပ်မတော်က မြေမြှုပ်မိုင်းထောင်လေ့မရှိဘူးလို့ အရင်က ငြင်းဆိုထားဖူးပါတယ်။
(Landmine & Cluster Munition Monitor) မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ၂ဝ၂၃ ဒီဇင်ဘာလ နောက်ဆုံးပတ်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ ကျော်ထဲက ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေကြောင့် ၂၀၂၃ ခုနှစ် ကိုးလတာကာလအတွင်း နိုင်ငံတစ်ဝန်းမှာ လူပေါင်း ၈၅၈ ဦး ထိခိုက်ခဲ့တယ်လို့ နိုဝင်ဘာလက ထုတ်ပြန်ထားပါတယ်။