ကျိုက်မရောတိုက်ပွဲ အရပ်သား သုံးဦးအပါအဝင် ၁၃ ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေအကြား နိုဝင်ဘာလ ၂၁ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့က တွေ့ရစဉ်။ Photo: AFP

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေအကြား နိုဝင်ဘာလ ၂၁ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ အရပ်သား သုံးဦးသေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒ့ါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့သလို KNLA ပူးပေါင်းတပ်တွေဘက်က တစ်ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူနဲ့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။

တောင်ကလေးရွာက စစ်ကောင်စီရဲ့ တောင်ကလေးရဲစခန်းကို မနေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာပါ။

မနက် ၄ နာရီခွဲကနေ ၁၁ နာရီအထိ ခုနစ် နာရီနီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ခြင်္သေ့ကွန်မန်ဒို တပ်ရင်းဗျုဟာစစ်ကြောင်း (Lion Battalion Commando) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့က ဗျုဟာစစ်ကြောင်းက ရဲစခန်းကို ဝင်မယ်။ ပူးပေါင်းတပ်ဖွဲ့တွေရော၊ ကျနော်တို့ တပ်ဖွဲ့တွေရော နေရာအရင်ဆုံးချပြီး ဒီကောင်တွေ စစ်ကူလာနိုင်မှာကို ဖြတ်တောက်ဖို့ တစ်ဖွဲ့ချတယ်။ မနက် ၅ နာရီလောက်မှာ စတိုက်တာ ၁၁ နာရီ လောက်မှာ စခန်းသိမ်းနိုင်ခဲ့တယ်ပေါ့နော်။ ကျနော်တို့ စခန်းသိမ်းနိုင်ပြီလို့ သတင်းတက်သွားပြီး နောက် ၅ မိနစ်၊ ၁၀ မိနစ်လောက်ပဲကြာမယ်။ လေယာဉ်နဲ့ တောက်လျှောက် ရဲစခန်းပတ်ချာလည်ကို အကုန်ပစ်တာ။ သူတို့ဘက်က ၁၆ ယောက်လောက် ကျတယ်လို့ပြောတယ်။ ဒါပေမဲ့ အလောင်းတွေ့တာက ၁၀ လောင်းပေါ့။ ဘာကြောင့်လည်းဆိုတော့ တခြားအဖွဲ့တွေနဲ့လည်း ပူးပေါင်းတိုက်ခိုက်ရတဲ့ အခါကျတော့ ကျနော်တို့ ရခဲ့တဲ့အလောင်းက ၁၀ လောင်းပေါ့”

စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုအကြိမ် ၂၀ ပြုလုပ်ခဲ့သလို မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အင်အား၂၀၀ နီးပါးနဲ့ ပြန်လည်ထိုးစစ်ဆင်တာတွေ လုပ်ခဲ့တဲ့အတွက် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲအတွင်း ဒေသခံ သုံးဦးသေဆုံးပြီး ခြောက်ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းကလည်း တောင်ကလေးရွာက ဦးထွန်းနိုင်၊ မခိုင်သဇင်ဖြိုးနဲ့ ခရီးသွားတစ်ဦးဖြစ်တဲ့ မုဒုံမြို့က ဦးငမဲတို့ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

"လေယာဉ်နဲ့ တောက်လျှောက် ရဲစခန်းပတ်ချာလည်ကို အကုန်ပစ်တာ။"

ဒီအပြင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မွန်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

“နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့အချိန်မှာ အကြမ်းဖက် သောင်းကျန်းသူတွေနဲ့ ထိတွေ့ပစ်ခတ်တာ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် သုံးဦး ကျတယ်။ နှစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်။ စိုးရိမ်ရတယ်။ ၎င်းတို့ နှစ်ဦးကို မော်လမြိုင် စစ်ဆေးရုံကို ပို့တယ်။ ကျန်နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးပေါ့နော်။ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင် ခြောက်ဦး ကျဆုံးတယ်။ တစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်။ စိုးရိမ်ရတဲ့ အခြေအနေ ပေါ့နော်”

ဒီစခန်းမှာ ဒုရဲအုပ် ဝင်းကျော်နဲ့ ရဲတပ်သား ခြောက်ဦး၊ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ ၂၀၈ တပ်က ဗိုလ်ကြီး ဟိန်းစိုးထွန်းနဲ့ စစ်သား ငါးဦး တို့အပါအဝင် ၁၃ ဦးရှိခဲ့တယ်လို့ ဦးအောင်ကြည်သိန်းက ပြောပါတယ်။ စစ်ကူရောက်လာတဲ့အတွက် တောင်ကလေး ရဲစခန်းကို KNLA တပ်တွေ မသိမ်းယူနိုင်ခဲ့ဘဲ ပြန်ဆုတ်ခွာသွားတယ်လို့လည်း သူကပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပျက်စီးသည့် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာမှ နေအိမ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: CItizen Journalist)

စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲကြောင့် တောင်ကလေးရွာနဲ့ အနီးဝန်းကျင်က ဒေသခံသုံးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ဒေါကလူကွန်ရက် အထွေထွေ အတွင်းရေးမှူး ယအဲ့နက ပြောပါတယ်။

“ရဲစခန်းမှာ KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အချိန်မှာ သူတို့ရဲ့ နီးစပ်ရာ စခန်းကနေ လက်နက်ကြီး လှမ်းပစ်တာတို့၊ နီးစပ်ရာ စစ်ဖြစ်ပွားတဲ့ နေရာတစ်ဝိုက်ကို လက်နက်ကြီး လှမ်းထုတဲ့အခါကျတော့ အိုးအိမ်တွေ ထိခိုက်တာတွေတော့ ရှိတယ်ပေါ့နော်။ အဲဒီမှာ သူတို့ပြောတာ နှစ်ထောင်ကျော်၊ သုံးထောင်နီးပါးလောက် ရှောင်ရတဲ့ဒေသခံတွေ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ အတိအကျတော့ ပြောမနိုင်ဘူးပေါ့နော်။ ခန့်မှန်းပြောရတာပေါ့”

ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်မှာလည်း ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ စစ်အာဏာသိမ်းချိန်ကနေ ဒီနှစ် အောက်တိုဘာ လကုန်အထိ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေအကြား တိုက်ပွဲပေါင်း ၇၀၀၀ နီးပါးဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် အရပ်သားသုံးသိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တစ်သိန်းကျော်မှာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ KNU က နိုဝင်ဘာလ ၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org