KNU တပ်မဟာ ၆ နယ်မြေမှာ လူငယ်အများစုနဲ့ စစ်အာဏာရှင်ကို တော်လှန်နေ
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ KNU ထိန်းချုပ်နယ်မြေတွေကို လူငယ်အများအပြားရောက်လာတဲ့အတွက် ဘုံရန်သူကိုပြန်တိုက်ဖို့ လက်တွဲလုပ်ဆောင်ရမယ့်မူဝါဒရှိတယ်လို့ ပဒိုစောတောနီး က ပြောပါတယ်။
-
RFA Burmese
2023-06-09 -
-
-
KNU တပ်မဟာ ၆ နယ်မြေထဲမှာ ဘယ်သူ့ကိုမှအဖွဲ့အစည်းအသစ်ဖွဲ့ခွင့်ပေးမထားဘဲ လူငယ် စစ်ကြောင်းအများစုနဲ့ စစ်အာဏာရှင်ကိုတိုက်နေတယ်လို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ KNU ထိန်းချုပ်နယ်မြေတွေကို လူငယ်အများအပြားရောက်လာ တဲ့အတွက် ဘုံရန်သူကိုပြန်တိုက်ဖို့ လက်တွဲလုပ်ဆောင်ရမယ့်မူဝါဒရှိတယ်လို့ ပဒိုစောတောနီး က ပြောပါတယ်။
“၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဆီကို လူငယ် လူရွယ်တွေအများကြီး ရောက်ချလာတယ်။ ရောက်လာတဲ့အခါကျတော့ သူတို့ကလည်း စစ်တအားတိုက်ချင်တယ် ရန်သူကိုပြန်ပြီးတော့ တိုက်ချင်တယ်ဆိုပြီးတော့ သူတို့တောင်းဆိုတယ်၊ ကျွန်တော်တို့ကလည်း ဘုံရန်သူကို တိုက်ဖို့ဆိုတော့ ကျွန်တော်တို့လက်တွဲရမယ်ဆိုတာက ဒါ မူဝါဒရှိပြီးသားပေါ့ ကျွန်တော်တို့ သင်တန်းတွေ အများကြီးပေးတယ်”
အခုတစ်ကြိမ်မှာတော့ ၁၉၈၈ နဲ့ မတူတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
“ဒီတစ်ခါတော့ ထူးခြားမှုရှိတာက ၁၉၈၈ နဲ့မတူတဲ့ဟာကျတော့ သူတို့ကိုဘယ်အဖွဲ့အစည်းသစ်မှ ဖွဲ့ခွင့်မပေးဘူး၊ ကျွန်တော်တို့ရဲ့ ကွပ်ကဲမှုအမိန့်စီးဆင်းမှုအောက်မှာပဲ သူတို့နေရမယ်၊ ဒီအခု လက်ရှိ တွေ့နေရတဲ့ စစ်ကြောင်းတွေ ကော်ဘရာတို့ ဘာတို့ဆိုတာ အများအားဖြင့် ပြည်တွင်းက လူငယ်တွေပဲ များတယ်၊ ဒါပေမဲ့ သူတို့ဟာ ကျွန်တော်တို့ရဲ့ ဦးစီးကွပ်ကဲမှုအောက်မှာပဲ ရှိနေတဲ့အခါကျတော့ KNLA ရဲ့ ယူနီဖောင်းကိုပဲ ဝတ်ဆင်ကြတယ် ”
ကျုံဒိုးမြို့နယ်အတွင်း စစ်တပ်ထိန်းချုပ်တဲ့နေရာတွေကို တိုက်ခိုက်နေတဲ့ ဂဠုန်စစ်ကြောင်း တာဝန်ခံ ရဲဘော် ဘဲဥ ကလည်း သူတို့ဟာ KNU နဲ့ NUG အစိုးရရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်နေတာလို့ ပြောပါတယ်။
“BGF ကြီးပဲရှိနေရင် ကျွန်တော်တို့ တိုက်ခိုက်မှုတွေမရှိပါဘူး၊ စကစနဲ့ပေါင်းမှ ကျွန်တော်တို့ တိုက်ခိုက်တာတွေရှိပါတယ်ခင်ဗျ၊ NUG အစိုးရ MOD နဲ့ KNU ရဲ့ဗဟိုအဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ သဘောတူညီချက်နဲ့ သူတို့ရဲ့ စစ်ရေးဦးဆောင်မှုအောက်ကနေပြီးတော့ ကျွန်တော်တို့သွားနေပါတယ်”
အလားတူ Lion Battalion Commando ဗျူဟာစစ်ကြောင်းအနေနဲ့ စစ်ပွဲတွေမှာ တပ်မဟာ ၆ နဲ့ ပူးပေါင်းတိုက်ခိုက်တာပဲရှိတယ်လို့ စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော် အညာသား က ပြောပါတယ်။
“ ကျွန်တော်တို့ဆိုတာကလည်း တပ်မဟာ ၆ နဲ့ ခွဲသွားလို့ရတယ်လို့လည်းမဟုတ်ပါဘူး၊ ကျန်တဲ့ လူကြီးပိုင်းတွေနဲ့ အတူတူကလည်း ကျွန်တော်တို့ ပူးပေါင်းပါဝင်တာတွေ ဒီစည်းမျဉ်းစည်းကမ်းတွေက အစမို့ လို့ပေါ့နော် ကျွန်တော်တို့အလွန်အကျွံ လုပ်ခဲ့တာတစ်ခုမှမရှိပါဘူး”
လက်ရှိကာလမှာတော့ NUG အစိုးရရဲ့ စီစဉ်ထောက်ပံမှုတွေနဲ့အတူ PDF တွေလို့ လူသိများတဲ့ လူငယ် စစ်ကြောင်းတွေဟာ KNLA တပ်ရင်း ၂၇ လက်အောက်ကနေ အခု တပ်ရင်း ၂၈ အထိ တိုးချဲ့ ဖွဲ့စည်းပြီး တိုက်ပွဲဝင်နေကြပြီလို့ ပဒိုစောတောနီး က ပြောပါတယ်။
“ကျွန်တော်တို့ NUG နဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့ နီးနီးကပ်ကပ်လက်တွဲတယ်၊ စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ မှာ ကျွန်တော်တို့ တပ်မဟာ ၆ မှာ ဖွဲ့စည်းလာတဲ့ တပ်ရင်းအသစ်ဖြစ်တဲ့ တပ်ရင်း ၂၇ ကနေ ပေါက်ဖွားလာတဲ့ စစ်ကြောင်းတွေပဲ ဖြစ်တယ်၊ အခုဆိုရင် တပ်ရင်း ၂၇ တောင်မှ မဟုတ်တော့ဘူး အခုဆို တပ်ရင်း ၂၈ တောင် ဖွဲ့နိုင်ပြီး အဲလိုစစ်ကြောင်းတွေက ဒီတပ်ရင်းကြီးတွေနဲ့ အနီးကပ်နေပြီးတော့ ကျွန်တော်တို့ရဲ့ ကွပ်ကဲမှု အောက်မှာပဲနေကြတာဖြစ်ပါတယ်”
လက်တလောမှာတော့ KNLA ပူးပေါင်း ကော်ဘရာစစ်ကြောင်းအနေနဲ့ တပ်မဟာ ၆ ရဲ့ စစ်ရေး ဦးဆောင်မှုအောက်မှာ အခု ဇွန်လ ၉ ရက်အထိ မဲကနယ်၊ လက်ခတ်တောင်၊ ကျောက်မိုင်းဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ BGF ကင်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီး တိုက်ပွဲတွေမကြာခဏ ဖြစ်နေတာ နှစ်လ ကျော်လာပြီလို့ ကော်ဘရာစစ်ကြောင်းက ပြောပါတယ်။
တစ်ဖက်မှာလည်း အခု ဇွန်လ ၉ ရက် မနက်မှာ ကော့ကရိတ်မြို့ ခရင်းကုန်း၊ ဆေးရုံကုန်း၊ ရွာသစ်ကုန်း နေရာတွေကို စစ်ကောင်စီလက်အောက်ခံ ခလရ ၉၇ တပ်၊ လှိုင်ဝအမြှောက်တပ်က လက်နက်ကြီးတွေ နဲ့ပစ်ခတ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ ကော့ကရိတ်မြို့ခံတွေက RFA ကိုပြောပါတယ်။
စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေ တစ်နိုင်ငံလုံးတိုက်ပွဲပေါင်း ၉၃၄၇ ထက်မနည်း ဖြစ်ခဲ့ပြီး ကရင်ပြည်နယ်အတွင်းမှာတင် တိုက်ပွဲပေါင်း အကြိမ်ရေ ၅၀၀၀ ကျော်ဖြစ်ခဲ့တယ်လို့ မြန်မာမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ စစ်တမ်းထုတ်ပြန်ချက်အရ သိရပါတယ်။