ထိုင်း-မြန်မာနယ်စပ်က ပူလူတူ စစ်ကောင်စီတပ်စခန်းကို KNU သိမ်းပိုက်

Update: 3: 25 PM, Mar 14, 2025

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်း စစ်ကောင်စီရဲ့ ပူလူတူစခန်းကုန်းကို သိမ်းယူနိုင်ပြီလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို စောကလယ်စေးက မတ်လ ၁၄ ရက် ဒီနေ့ RFA ကို အတည်ပြု ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်အနီးမှာရှိတဲ့ အဲဒီစခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တာလို့ သူက ပြောပါတယ်။

“အဲဒီသတင်းကတော့ အတည်ပြုလို့ရပြီပေါ့နော်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်အနေနဲ့ ကျွန်တော်တို့ အနေနဲ့ ဘာမှပြောလို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းက မပြီးမပြတ်သေးတဲ့ ရှင်းလင်းမှုတွေ လုပ်နေရတဲ့အပေါ်မှာပေါ့နော် အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ အတည်ပြုလို့တော့ရတယ်။ အသေးစိတ်အချက်အလက်ကတော့ ကျွန်တော်တို့ ဘာမှမသိရသေးဘူးပေါ့နော်။ ဒါပေမဲ့ စစ်ပွဲကတော့ ရပ်စဲသွားတဲ့အနေအထားရှိပြီလို့ ပြောလို့ရတာပေါ့”

အဲဒီစခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

“ဒီမနက် အစောကြီးပေါ့ သိမ်းလို့ရပြီ။ စခန်းရှင်းနေတုန်းပါ။ သူတို့တပ်ခွဲမှူးနဲ့ စစ်သားဆယ်ယောက်ကျော် ထိုင်းဘက်ကမ်း ထွက်ပြေးသွားတယ်။ ထိုင်းစစ်တပ်က ခေါ်ထားတယ်"

စခန်းသိမ်းတိုက်ပွဲ ၁၇ ရက်တာ ကာလအတွင်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ အကြိမ် နှစ်ဆယ်ကျော် ရှိခဲ့တယ်လို့ တိုက်ပွဲအခြေအနေကိုသိတဲ့ နောက်ထပ် KNLA စစ်ရေးသတင်း အရင်းအမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီစခန်းက စစ်ကောင်စီတပ်သား ဆယ်ဦးကျော်လည်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားတယ်လို့ KNLA တာဝန်ရှိသူနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်က RFA ကို ပြောပါတယ်။

ဆက်နွှယ်သောသတင်းများ

ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲကြောင့် ဒေသခံ လေးရာကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးOpens in new window ]

မြန်မာနယ်စပ်ကို မသွားဖို့ မယ်ဟောင်ဆောင်ခရိုင်မှူး သတိပေးOpens in new window ]

ကရင်ပြည်နယ်နဲ့ တနင်္သာတိုင်းမှာ တိုက်ပွဲပြင်းထန်နေOpens in new window ]

ပူလူတူစခန်းကုန်းဟာ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၃၁) က စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့အထဲမှာ တပ်ခွဲမှူးလည်း ပါဝင်တယ်လို့ အဲဒီစစ်ရေးသတင်း အရင်းအမြစ်က ပြောပါတယ်။

“ဒီမနက် အစောကြီးပေါ့ သိမ်းလို့ရပြီ။ စခန်းရှင်းနေတုန်းပါ။ သူတို့တပ်ခွဲမှူးနဲ့ စစ်သားဆယ်ယောက်ကျော် ထိုင်းဘက်ကမ်း ထွက်ပြေးသွားတယ်။ ထိုင်းစစ်တပ်က ခေါ်ထားတယ်။ ဒီဘက်မှာက စကစဘက်က စစ်သားတွေ အရှင်မိတာ။ အသေမိတာတွေ ရှိတယ်။ KNLA ဘက်ကလည်း ကျဆုံးတာ ထိခိုက်တာ ရှိတယ်။ စခန်းကုန်းနဲ့ အောက်ဘက်တွေကို ဆက်ရှင်းနေတယ်။ နောက်တော့ သတင်းထုတ်ပြန်မယ် ပြောတယ်”

စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက်က ထိုင်းနိုင်ငံထဲ ဆုတ်ခွာထွက်ပြေးလာတဲ့အကြောင်း ထိုင်းသတင်းဌာနတွေကလည်း ဖော်ပြပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဒီနေ့ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

ဒီစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်သူ ဗိုလ်ကြီးဇင်ယော်က KNLA အနေနဲ့ စစ်ကောင်ရဲ့ ခြေကုပ်စခန်းတွေကို တဖြည်းဖြည်းချင်းရှင်းထုတ်နေတယ်လို့ သုံးသပ်ပါတယ်။

“ဒီလှိုင်းဘွဲ့မှာဆိုလည်း သူ့(စစ်ကောင်စီ)ရဲ့ တပ်ရင်းဌာနချုပ်တွေပဲကျန်အောင် ပြီးရင် တောထဲက ဒီစခန်းတွေပေါ့နော် တောထဲက စစ်ဆင်ရေးခြေကုပ်စခန်းတွေကို ဖြည်းဖြည်းချင်းရှင်းထုတ်တဲ့ အနေအထားမျိုး အဆင့်တော့ အနေအထားအခြေအနေတစ်ရပ်ရှိတယ်လို့ပဲ ခန့်မှန်းရပါတယ် ခင်ဗျ”

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ ကလေးဖိုးကလိုးကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (Karen Information Center -KIC)
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ ကလေးဖိုးကလိုးကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (Karen Information Center -KIC)

ပူလူတူ စစ်စခန်းသိမ်း တိုက်ပွဲကြောင့် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံ မြို့နယ်ခွဲ ထိုင်း-မြန်မာ နယ်စပ်နားက ကလေဖိုး ကလိုးကျေးရွာ အပါအဝင် မယ်ကဲ့၊ ကလေမိုးခီးရွာဘက်က ဒေသခံ ငါးရာဝန်းကျင် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒို စောကလယ်စေးကတော့ ထွက်ပြေးနေရတဲ့ ဒေသခံအရေအတွက်ကို စာရင်းပြုစုနေဆဲဖြစ်တာကြောင့် ဒီအရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

ပူလူတူ စစ်စခန်းကုန်းသိမ်းခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာတာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်မေးမြန်းရာမှာလည်း လက်ခံဖြေကြားတာ မရှိပါဘူး။

(မှတ်ချက် - ဤသတင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၊ CDM ဗိုလ်ကြီးဇင်ယော် တို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)