ကရင်နီဒုက္ခသည်တွေ ဆောင်းရာသီအတွက် အကူအညီ လိုအပ်နေ

ကယားပြည်နယ်မှာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း နှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ခက်ခဲနေသလို အခု ဆောင်းတွင်းရာသီအတွက် စောင်နဲ့ အနွေးထည်အကူအညီ လိုအပ်နေပါတယ်။

ဖရူဆိုမြို့နယ်အတွင်းက တောတောင်ထဲရှိ ဒုက္ခသည်စခန်းမှာ နေထိုင်နေသူများကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist

ကယားပြည်နယ်မှာ အာဏာသိမ်းပြီးချိန်ကစပြီး ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံတွေဟာ ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ တောတောင်တွေထဲမှာ ယာယီမိုးကာတဲတွေနဲ့ ဖြစ်သလို နေထိုင်နေကြရဆဲဖြစ်ပါတယ်။

အဲဒီအထဲက ဖရူဆိုမြို့ အနောက်ဘက်ခြမ်း တောတွင်းတစ်နေရာက လူဦးရေ ၁၀၀ ခန့် ခိုလှုံနေတဲ့ ဒုက္ခသည် စခန်းမှာ ဆောင်းတွင်းရာသီကို ဖြတ်ကျော်ဖို့အတွက် အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ အဲဒီစခန်းမှာ ခိုလှုံနေတဲ့ အသက် ၅၀ ကျော်အရွယ် စစ်ဘေးဒုက္ခသည် ဒေါ်မီးမားက ပြောပါတယ်။

“ဒီလိုစစ်ရှောင်ရတာ အခုလည်း ဆောင်းရာသီရောက်ခဲ့ပြီ။ မိုးတွင်းတုန်းကလည်း မိုးမလုံ လေမလုံနဲ့ ဆောင်းတွင်းရောက်တော့လည်း မလုံမခြုံနဲ့ လေမလုံ မိုးမလုံနဲ့ ဖြစ်တော့ ကျန်းမာရေး အတွက်လည်း စိုးရိမ်ရတယ်။ အေးတဲ့ရာသီမှာ ကြာတော့ ကျန်းမာရေးက အမျိုးမျိုးဖြစ်လာတာပေါ့။ ခေါင်းတွေကိုက်လာတယ်။ ခါးတွေလည်း ကိုက်လာတယ်။ ဒူးတွေကိုက်လာတယ် လေးဖက်နာရောဂါလို ခံစားလာရတာပေါ့"

ဒုက္ခသည်တွေဟာ ဝါးတဲတွေနဲ့ ဖြစ်သလို နေထိုင်နေရတဲ့အတွက် အခု ဆောင်းရာသီ အတွက် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ အဲဒီစခန်းမှာခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် CDM ဆရာမ ဒေါ်ဂျိုးဝါနားက ပြောပါတယ်။

“ဆောင်းရာသီရောက်ပြီဆိုတော့ အကြီးမားဆုံး စိန်ခေါ်မှုက အအေးဒဏ်ပေါ့ အအေးဒဏ်က တခြားနေရာထက် ဒီနေရာက ပိုအေးတဲ့အတွက်ကြောင့် ကျမတို့အတွက် တအားလိုအပ်တာက စောင်ရယ် အနွေးထည်၊ ခြေစွတ် ခေါင်းစွတ်ပေါ့ အဲဒါတွေ ကူပေးနိုင်ရင်တော့ ကျမတို့အတွက် အများကြီးအကျိုးရှိပါတယ်”

အာဏာသိမ်း အချိန် ၂၁ လအတွင်း ကယားပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သိန်းတစ်သောင်း ဝန်းကျင်ရှိပြီး အဲဒီအထဲမှာ အများဆုံးဖြစ်တဲ့ လူရှစ်သောင်းကျော်ဟာ ဒီးမော့ဆိုမြို့နယ်က ဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။ ကျန်တဲ့သူတွေကတော့ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ရှားတော မြို့နယ်နဲ့ ရှမ်းပြည် တောင်ပိုင်းကမြို့နယ်တွေမှာ ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ဆန်းပိုင်းကစလို့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှာတောစတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က အင်အားတွေထပ်ဖြည့်ပြီး လွိုင်ကော် - မိုးဗြဲ လမ်းပိုင်းကိုပါ ထိန်းချုပ်ထားတာကြောင့် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး သယ်ယူရေး အပိုင်းမှာ အခက်အခဲတွေ ပိုများလာတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

"ကလေးတွေရဲ့ ကျန်းမာရေး အခြေအနေတွေမှာဆိုရင်လည်း ဆိုးဆိုးဝါးဝါး ရှိနေတာပေါ့။"

စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူခွင့်ကို ပိတ်ပင်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အတွက် ဆေးဝါး မလုံလောက်တဲ့ ပြဿနာကိုပါ ကြုံတွေ့နေရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“အခုလောလောဆယ် ကျနော်တို့ကြုံနေရတာက ကျန်းမာရေး အခြေအနေပေါ့နော် တချို့ရွာတွေနဲ့ ဒုက္ခသည် စခန်းတွေမှာဆိုရင် ကျနော်တို့ ကျန်းမာရေးဆိုင်ရာ ကုသမှုက ဆိုးဆိုးရွားရွား အခြေအနေတွေမှာ ရှိနေတယ်။ အထူးသဖြင့် ရာသီအကူးအပြောင်းနဲ့ ကလေးတွေရဲ့ ကျန်းမာရေး အခြေအနေတွေမှာဆိုရင်လည်း ဆိုးဆိုးဝါးဝါး ရှိနေတာပေါ့။ မလုံမလောက်တဲ့ ဆေးဝါးကုသမှုတွေနဲ့ ဆက်ပြီးတော့မှ သွားနေရတာပေါ့နော်”

လက်ရှိမှာ နိုင်ငံတကာ လူမှုအဖွဲ့အစည်းအချို့ကလည်း ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေးအပိုင်းမှာ ထိထိရောက်ရောက် မလုပ်ပေးနိုင်တာ တွေ့ရတယ်လို့လည်း ကိုဗညားက ပြောပါတယ်။

ဒါကြောင့် စစ်ဘေးဒုက္ခသည်တွေကတော့ ကိုယ်တိုင်စိုက်ပျိုးနိုင်သမျှ စိုက်ပျိုးကြပြီး ဆန်၊ ဆီနဲ့ ဆေးဝါးအတွက်ကိုတော့ အလှူရှင်တွေကိုသာ မျှော်နေကြရတယ်လို့ ဒုက္ခသည် စခန်းမှာ တစ်နှစ်ကျော်ကြာနေထိုင်ခဲ့တဲ့ ဖရူးဆိုမြို့ခံ ဦးလုကာက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းက တောတောင်ထဲရှိ ဒုက္ခသည်စခန်းမှာ နေထိုင်နေသူအချို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

“စစ်ရှောင်စခန်းမှာ အဓိကဆိုရင် စားဝတ်နေရေးပဲ ဒီစားဝတ်နေရေးအတွက်က ဘယ်လိုဖြစ်လဲဆိုရင် အလှူရှင်ပဲ မျှော်ရတာပေါ့။ အခုဆိုရင် ဆောင်းတွင်းလည်း ရောက်လာပြီ အနွေထည်၊ ဆောင်တွေလည်းလိုတယ်။ ခြုံပြီးပြောရရင် စားဝတ်နေရေးနဲ့ ကျန်းမာရေးပေါ့ အဲဒါတွေလို နေတာ”

ဖရူဆိုမြို့နယ်အတွင်းက ဒုက္ခသည်စခန်းမှာ ကလေးနှစ်ယောက်နဲ့အတူ ခိုလှုံနေရတဲ့ ကိုဂျေရုမ်း ကတော့ ရေရှည်အတွက် တွေးပူနေရတယ်လို့ ပြောပါတယ်။

“အထောက်အပံ့ကျတော့ ကျနော်တို့ စစ်ရှောင်ကနေ လာထောက်ပံ့တာတွေပဲရတာပေါ့။ ငွေရေးကြေးရေးပိုင်းမှာတော့ အခက်အခဲတွေက အများကြီး၊ အခုက ကလေး နှစ်ယောက်ဆိုတော့ ရေရှည်ကျတော့ နောက်တစ်နှစ်ဆိုရင် ဘယ်လိုထောက်ပံ့ ပေးနိုင်မလဲ ဆိုတာတော့ ကျနော်တော့ မပြောတတ်ဘူးပေါ့နော်"

စစ်ကောင်စီဘက်က ပွင့်လင်းရာသီမှာ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်တွေ တွေ့နေရတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ပြောခွင့်ရသူက ပြောပါတယ်။

“တိုက်ပွဲကတော့ မြေပြင်အနေအထားအရ ပိုပြီးတော့ ပြင်းထန်လာနိုင်ဖို့ပဲ ရှိတယ်လို့ ကျနော်တို့အနေနဲ့ မြင်တယ်ပေါ့။ စစ်ကြောင်းထိုးတာတွေ တချို့ရွာတွေမှာ တပ်စွဲတဲ့ ဟာတွေက တစ်ပြည်နယ်လုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ထပ်လုပ်လာတာတွေ တွေ့ရတာပေါ့။ နောက်ပိုင်း ပိုဆိုးတာက စစ်ကောင်စီဘက်က အရပ်သား ပြည်သူတွေကို စစ်ဘေးရှောင်ပဲဖြစ်ဖြစ်ပေါ့ အခုနောက်ပိုင်း တမင်တကာ ပစ်မှတ်ပြီး တိုက်ခိုက်လာတာ တွေ့လာရတာပေါ့။ ဒါကလည်း ကျနော်တို့ စိုးရိမ်ရတဲ့ အခြေအနေလေးတစ်ခုပေါ့”

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ စစ်ဘေးဒုက္ခသည်တွေ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးနိုင်မှုတွေမှာ ပိုမိုခက်ခဲလာနိုင်တယ်လို့ သူကဆိုပါတယ်။

ကယားပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကယားပြည်နယ်မှာ အာဏာသိမ်း ၂၁ လအတွင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား (၂၈၂) ဦးနဲ့ ထွက်ပြေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရတဲ့ အရပ်သား ၉၇ ဦး၊ စုစုပေါင်း ၃၇၉ ဦးအထိ ရှိနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF ရဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org