နေအိမ်ဆုံးရှုံးခဲ့တဲ့ ကရင်နီ စစ်ဘေးဒုက္ခသည်တွေရဲ့ သောက

ကရင်နီလို့ ခေါ်တဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KNDF၊ KA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတာ တစ်နှစ်နီးပါးရှိပါပြီ။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြင်တွေ့ရသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်းက ကျေးရွာတစ်ရွာအား တွေ့ရစဉ် Photo: KNDF

ကရင်နီလို့ ခေါ်တဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KNDF၊ KA ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲတွေဖြစ်နေတာ တစ်နှစ်နီးပါးရှိပါပြီ။

ကယားပြည်နယ် ဒီးမော့ဆို၊ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ လက်နက်ကိုင်ခုခံမှုတွေဟာ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

ဒီ့နောက်မှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး ချေမှုန်း တိုက်ခိုက်မှု၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ဖြစ်လာပါတယ်။

"အိမ်မီးလောင်သွားတာ နောင်တစ်ချိန် ပြန်လုပ်ဖို့ကလည်း မလုပ်နိုင်တော့ပါဘူး"

ဒီတစ်နှစ်ကျော်အတွင်း သေဆုံးသူ ၂၆၂ ဦး၊ ဖမ်းဆီးခံရသူ ၂၃၁ ဦးနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံးပေါင်း ၁၀၁၀၊ ဘာသာရေးအဆောက်အအုံ ၁၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က မေလ ၁ ရက်နေ့က သတင်းထုတ် ပြန်ပါတယ်။ အဲဒီအထဲမှာ ဒီးမော့ဆိုမြို့နယ်က ၅၆၄ လုံးနဲ့ ပျက်စီးမှု အများဆုံးပါ။

ဒီးမော့ဆိုမြို့နယ်၊ ပါဒေါဒူကျေးရွာက ကလေးသုံးယောက်မိခင် ဒေါ်မူထာက နေအိမ်မီးရှို့ ခံရတဲ့အထဲ ပစ္စည်းအားလုံး ပါသွားတာမို့ ရူးမတတ် ခံစားရတယ်လို့ RFA ကို ပြောပါတယ်။

“အရာအားလုံးက အပူအပင်တွေချည်းပဲ တွေ့ကြုံခဲ့ရတယ်။ သားသမီးတွေကတစ်ဖက်၊ ဘေးပတ်ဝန်းကျင်တွေနဲ့ အပြောအဆိုမတည့်တဲ့အခါမျိုးဆို စိတ်ကအရင်လို ပုံမှန် မဟုတ်တော့ဘူး။ ရူးမတတ် ခံစားရတယ်။ မပြောတတ်တော့ဘူး။ မိခင်ဆိုလည်း ကျမပဲ၊ ဖခင်ဆိုလည်း ကျမပဲ ကလေးတွေကို အစစအရာရာ ကြည့်ရှု၊ စားဖို့၊ သောက်ဖို့ ရှာဖွေ ကျွေးမွေး ပြုစုစောင့်ရှောက်နေရတယ်။ ကုန်သွားရင် ဘာဆက်စားရမလဲဆိုတာလည်း ရှာဖွေစဉ်းစားနေကြရတယ်။ ပစ္စည်းဆိုလည်း ဘာမှမကျန်တော့ဘူး။ အိမ်မီးလောင်သွား တဲ့အထဲ အကုန်ပါသွားကုန်တယ်။ စားစရာရော ဘာမှမသယ်နိုင်ခဲ့ဘူး။ အင်္ကျီတစ်ထည် လိုရင်တောင် ဝယ်ရတယ်။ စောင်တစ်ထည်လိုရင် ဝယ်ရတယ်။ အရမ်းကို နာကျင်ခံစား နေရတယ်”

ဒေါ်မူထာက သူ့ကလေး သုံးယောက်ကို စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာထားပြီး တစ်ယောက်တည်း ရုန်းကန်ရှာဖွေပြီး ကျွေးမွေးစောင့်ရှောက်နေတာပါ။

ပြီးခဲ့တဲ့နှစ် မေနဲ့ ဇွန်လတုန်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က သူ့ရဲ့ဇာတိ ပါဒေါဒူရွာလေးထဲ ဝင်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေါ်မူထာက ပြောပါတယ်။

တစ်ရွာတည်းနေတဲ့ ပါဒေါဒူရွာသူ ဒေါ်စီစီးလျာကတော့ မီးလောင်ပျက်စီးသွားတဲ့ သူရဲ့ နေအိမ်ကို သူတို့ဇနီးမောင်နှံ အိမ်ထောင်သက် ဆယ်နှစ်ကျော် ရုန်းကန်စုဆောင်းပြီး ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတာလို့ ပြောပါတယ်။

“ဘယ်လောက်ထိ ရုန်းကန်ရလဲဆိုရင် ကျမတို့ အိမ်ထောင်သက်က ဆယ်နှစ်ကျော်ပြီ၊ အဲဒီအိမ်တစ်လုံး ဆောက်ရဖို့က အခုထိ ရုန်းကန်နေရတုန်းပဲ။ ဘယ်လောက်ရုန်းကန် ခဲ့ရလဲဆိုရင် လယ်တစ်ကွက်ပေါင်ရတယ်၊ နွားတစ်ကောင် ရောင်းရတယ်။ အဲဒီနွား သစ်နဲ့ လဲရတယ်။ တစ်နှစ်နည်းနည်း အဲလိုဆောက်ခဲ့ရတယ်။ အိမ်တစ်လုံးပြန်ဆောက် နိုင်ဖို့ဆိုတာ ကျမ မျှော်လင့်ချက် မရှိတော့ဘူး။ မိုးကာအောက်မှာပဲ ပြန်နေရတော့မလား စဉ်းစားနေရတာ။ ကျမကလေးဆိုရင် အကုန်လုံး ၁၈ နှစ်အောက်တွေပဲဆိုတော့ ဘာမှ မလုပ်နိုင်ဘူး။ သူတို့ရဲ့ ရှေ့ရေးကို ဘယ်လိုရှေ့ဆက်နိုင်တော့မလဲ၊ မတွေးတတ်တော့ဘူး။ မျှော်လင့်ချက်လည်း မဲ့နေတယ်။ ကျမတို့တွေက ဆင်းရဲသထက် ဆင်းရဲတယ်။ အငယ်ဆုံးတစ်ယောက်ဆို လေးနှစ်ပဲရှိသေးတယ်။ မူကြိုတောင် မတက်ရသေးဘူး။ ဘာမှ မတက်ရသေးဘူး။ ပညာရေးလည်းအများကြီး ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရတယ်”

ဒေါ်စီစီးလျာနဲ့ သူ့ခင်ပွန်းမှာ ကလေးခြောက်ယောက်ရှိတာမို့ နေစရာမရှိ၊ စားစရာမရှိနဲ့ ခက်ခဲလှတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲမှာ ပါဒေါဒူရွာလိုပဲ ငွေတောင်ရွာလည်း ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီ တပ်ရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရပါတယ်။

ထမင်းစားဖို့အတွက် တောင်ယာထဲ အလုပ်သွားလုပ်နေတုန်း ရွာမီးရှို့ခံရတာကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတယ်၊ ဘာပစ္စည်းမှ မကျန်တော့ဘူးလို့ ငွေတောင်ရွာသူ ဒေါ်ဌေးမိုးက ပြောပါတယ်။

“ကျမတို့က တောင်ယာကနေ ပြန်လာကြတဲ့အချိန် သူများတွေက အကုန်ပြေးလာနေ ကြတော့ ကျမတို့ကလည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ပြေးခဲ့ကြတာ။ ဘာပစ္စည်း မှ မယူခဲ့နိုင်ဘူး။ အကုန်မီးလောင် ပျက်စီးသွားခဲ့ရတယ်။ အရှေ့ရောက်တော့ သူများဟာ တွေနဲ့ပဲ သွားစားသောက်နေရတယ်။ အခုလည်း မိုးကာအောက်မှာပဲ လာနေပြီးတော့ နေလည်းပူ၊ ရေနဲ့လည်းဝေးတော့ ဘာတစ်ခုမှ အဆင်မပြေပါဘူး။ အိမ်မီးလောင်သွား တာ နောင်တစ်ချိန် ပြန်လုပ်ဖို့ကလည်း မလုပ်နိုင်တော့ပါဘူး။ ရင်ထဲ အရမ်းခံစားနေ ရတယ်”

အခုနှစ် ဧပြီလပထမပတ်တုန်းက ဒီးမော့ဆို-ဖရူဆို ကားလမ်းတစ်လျှောက်မှာ လှုပ်ရှားနေ တဲ့ ဒေသကာကွယ်ရေးတပ်တွေကို စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက် ခိုက်ချိန် ဖရူဆိုမြို့နယ် ကျေးရွာတွေက နေအိမ် ၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။ လက်နက်ကြီးကြောင့် နောက်ထပ် နေအိမ် ကိုးလုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကမှ မီးရှို့ဖျက်ဆီးခံရတဲ့အထဲ ဖရူဆိုမြို့နယ်က ငွေတောင်ရွာသစ်ကျေးရွာ လည်း ပါဝင်ပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ)

တိုက်ပွဲတွေကြောင့် တောထဲပုန်းနေချိန် နောက်ပိုင်းမှာ ကျန်ခဲ့တဲ့ နေအိမ်မီးရှို့ခံရပြီး စပါးကျီနဲ့ အိုးခွက်ပန်းကန်ကအစ အားလုံးပါသွားတာမို့ စိတ်ထိခိုက်နာကျင်ရတယ်လို့ ငွေတောင်သစ်ရွာသူ ဒေါ်မီမြာက ပြောပါတယ်။

“အိမ်မီးလောင်ကျသွားတော့ တောထဲမှာပဲ ထွက်ပြေးနေရင်းပေါ့။ ထွက်ပြေးနေချိန် စား စရာမရှိတော့ရင် အိမ်မှာပြန်ပြီး ကျန်ခဲ့တာတွေ ပြန်ယူစားမယ်ပေါ့။ အဲလိုစဉ်းစားထား ပေမယ့် အားလုံးက မီးလောင်သွားတယ်။ ဒီလိုတောထဲမှာ တဲအိမ်ကလေးနဲ့ပဲ ဆင်းဆင်း ရဲရဲ နေနေကြရတာ။ အိမ်ပြန်ရင် ပြန်နေစရာလည်း အိမ်က သူများ မီးရှို့ဖျက်ဆီးခံလိုက် ရပြန်ပြီ။ စိတ်ထဲမှာ အရမ်းနာကျင် ခံစားရတယ်။ ငိုရင်လည်း ဘာမှထူးမလာတော့ဘူး။ မငိုလည်း ရင်ထဲမှာ အရမ်းခံစားရတယ်။ တိုက်ပွဲလည်း မဖြစ်တော့ဘူး။ တိုက်ပွဲအပြီး အပြန်မှာ သူတို့ ပြန်ရှို့တာ၊ အိမ်တစ်ခုတည်း မီးရှို့တာမဟုတ်ဘူး။ စပါးတွေရော၊ စပါး ကျီရော၊ အိုးခွက်ပန်းကန်တွေ အကုန်လုံး မီးထဲပါသွားတာလေ”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ကယားပြည်နယ်မှာ ဒေသကာကွယ် ရေးတပ်တွေကို တိုက်ခိုက်ချေမှုန်းတာ မှန်ပေမယ့် ရွာမီးရှို့တာ သူတို့စစ်တပ် မဟုတ်ဘူးလို့ RFA က မေးမြန်းစဉ် အကြိမ်ကြိမ် ငြင်းခဲ့ဖူးပါတယ်။ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ ကရင်နီ PDF တွေရဲ့ လက်ချက်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်စွပ်စွဲပါတယ်။

KNDF အပါအဝင် ဒေသကာကွယ်ရေးတပ်တွေကတော့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး လာတဲ့အခါ ရွာတွေကို မီးရှို့တဲ့ဖြစ်စဉ်တွေကို ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။

ကယားပြည်နယ်တစ်ခုလုံးမှာ စစ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သိန်းနီးပါးရှိနေ ကြောင်း သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP – Myanmar နဲ့ ကရင်နီလူ့အခွင့်အရေး အဖွဲ့တွေက အခုမေလဆန်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org