ကရင်နီစစ်ဘေးဒုက္ခသည် ကလေးတွေကို စာသင်ပေးနေသူ

မခင်စန္ဒာညွန့်ဟာ စစ်ပွဲတွေကြောင့် ပညာမသင်နိုင်တော့တဲ့ စစ်ဘေးဒုက္ခသည်ကလေးငယ်တွေကို တိုက်ပွဲတွေကြားထဲ နေရာမျိုးစုံပြောင်းရွှေ့ရင်း စာသင်ပေးနေတာပါ။

ကရင်နီပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ကလေးများအား စာသင်ကြားနေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်။ Khin Sandarnyunt/Facebook

စစ်တပ်အာဏာမသိမ်းခင်အချိန်က မခင်စန္ဒာညွန့်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးနွယ်စုတွေအကြောင်း လေ့လာရင်း မနုဿဗေဒဘွဲ့လွန်အတွက် သုတေသနစာတမ်းတွေ ရေးသားပြုစုရင်း တစ်ဖက်ကလည်း လူငယ်ရေးရာလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေသူပါ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာတော့ သုတေသနမှတ်တမ်းတင်ရာမှာ လိုအပ်လို့ သူသင်ယူထားတဲ့ ဓာတ်ပုံပညာနဲ့ ရန်ကုန်မြို့က သပိတ်စစ်ကြောင်းတွေကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။

အဲဒီကနေ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်ကို ၂၀၂၁ စက်တင်ဘာလမှာ ထွက်ခွာခဲ့ပါတယ်။

“၂၀၂၁ ခုနှစ် ၅ လပိုင်းနောက်ပိုင်း ကရင်နီမှာက တိုက်ပွဲတွေ တအားပြင်းထန်တယ်။ အဲဒီလိုဆိုတော့ ကျွန်မအတွက် ကရင်နီပြည်နယ်က နယ်မြေဒေသအသစ်ဖြစ်တယ်။ စိန်ခေါ်မှုတွေလည်း များမယ်။ လေ့လာစရာတွေလည်း အများကြီးရှိလိမ့်မယ်လို့ ယုံကြည်တယ်။ ပြီးတော့ ကရင်နီရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်လို့လည်း အနည်းအကျဉ်းလေး သိထားတာရှိတယ်။ စိတ်ဝင်စားတယ်။ အဲဒီလိုဆိုတော့ ကျွန်မ ကရင်နီကို တစ်ယောက်တည်း ထွက်လာခဲ့တာ ဖြစ်တယ်ပေါ့နော်"

ကယားပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်လှုပ်ရှားမှုတွေကို ဓာတ်ပုံမှတ်တမ်းရိုက်ယူရင်း စစ်ပွဲအတွင်းမှာ ပညာရေးဟာ ရပ်တန့်ထားလို့ မရဘူးဆိုတာကို သူသိလာခဲ့ပါတယ်။

“ကျွန်မသွားတော့ လာတော့ တစ်ယောက်တည်းပဲပေါ့နော်။ စစ်ရှောင်တွေနဲ့ ရောက်တဲ့နေရာမှာ သူတို့နဲ့အတူတူ တောထဲမှာနေကြ ထိုင်ကြ စားကြ သောက်ကြ အဲဒီမှာ စစ်ရှောင်တွေက တစ်ချို့ရွာတွေမှာဆိုရင် မိသားစုက ငါးစုလောက်ပဲ ကျန်တော့တာလေ။ ကလေးတွေလည်း ရှိတယ်။ အဲဒီလိုမျိုးဆိုရင် ဆရာမ ကျွန်တော်တို့လည်း ရွှေ့ရတော့မယ်ထင်တယ်။ ကျွန်တော်တို့ မရွှေ့ချင်ဘူး။ ရွာကို မစွန့်ချင်ဘူးပေါ့နော်။ အဲဒီတော့ ကလေးတွေကို သားသမီးတွေကို ဒီမှာ စာသင်ပေးမယ်ဆိုရင် မရွှေ့ဘူးပေါ့နော်။ အဲဒီလိုမျိုး‌ပြောလာတာတွေ ရှိတယ်။ အဲဒီမှာ ကျွန်မ စစ်ရှောင်နေရင်းနဲ့ တောထဲမှာ စာစသင်ပေးဖြစ်တယ်"

ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ ကယားပြည်နယ်တစ်ခုလုံးမှာ စစ်တပ်အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲကျော် ရှိနေပါတယ်။ အဲဒီစစ်ဘေးဒုက္ခသည်တွေထဲမှာ စစ်ပွဲတွေကြောင့် ပညာမသင်နိုင်တော့တဲ့ ကလေးတွေလည်း မနည်းပါဘူး။

မခင်စန္ဒာညွန့်ဟာ တိုက်ပွဲတွေကြားထဲ နေရာမျိုးစုံပြောင်းရွှေ့ရင်း စစ်ဘေးဒုက္ခသည်ကလေးငယ်တွေကို စာသင်ပေးနေတာပါ။

တိုင်းရင်းသားတွေရဲ့ အခြေခံလူမှုရေးရာယဉ်ကျေးမှုတွေကို အခြေခံပြီး အော်တာနေးတစ်ပညာရေး သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲရင်း သူကိုယ်တိုင် ကလေးတွေကို ပညာသင်ကြားပေးနေတာပါ။

“Social Science Background ကိုမှ ကျွန်မ Science Studies Background ကနေ လာတာဆိုတော့ တောထဲမှာနေထိုင်ရင်းနဲ့ ကျွန်မတို့ အများကြီးသင်လို့ ရတယ်။ စာအုပ်သင်ရိုးမရှိလည်း ရတယ်။ ကျွန်မတို့ သင်ရိုးဆွဲလို့ရတယ်။ ဒါအားသာချက်၊ Alternative School တွေရဲ့ အားသာချက်ဖြစ်တယ်"

ကရင်နီပြည်နယ်အတွင်း စာသင်ကြားနေသည့် စစ်ဘေးဒုက္ခသည် ကလေးများအား တွေ့ရစဉ်။ (Photo: Khin Sandarnyunt/Facebook)

စစ်ဘေးဒုက္ခသည်ကလေးငယ်တွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ အားဖြစ်စေမယ့် နည်းလမ်းတွေနဲ့ တီထွင်ကြံဆပြီး သူသင်ကြားပေးနေတာဖြစ်ပါတယ်။

“ဒီဟာတွေက ရပ်ရွာနဲ့ ပြန်လည်ချိတ်ဆက်ဖို့ကို ပညာရေးကအဓိက ဦးစားပေးတယ်။ ဒီ Alternative ပညာရေးက။ အဲဒီလိုဆိုတော့ ကျွန်မတို့မှာ ပတ်ဝန်းကျင်မှာ ဒုက္ခသည်စခန်းတွေ အများကြီးရှိတယ်။ အဲ့လိုဆိုတော့ ဒေသအကြောင်း ရပ်ရွာမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ ဒါတွေကို ပြန်လည်ချိတ်ဆက်ဖို့အတွက်ဆိုရင် ကျွန်မတို့ လေ့လာစရာတွေက အနီးအနားဝန်းကျင်မှာပဲ ရှိတယ်ပေါ့။ အဲဒါဆိုတော့ ဒါတွေကို ကျွန်မတို့ ပြန်သုံးတယ် သင်ကြားရေးနည်းစနစ်မှာ”

ပညာဆက်မသင်နိုင်တဲ့ တိုင်းရင်းသားလူငယ်တွေ အနာဂတ်ပညာရေးအတွက် သူအတူရှိနေမယ်လို့ ပြောပါတယ်။

“ကျောင်းမတက်တော့တဲ့ လူငယ်တွေ အများကြီးရှိတယ်။ ရှေ့တန်းမသွားဖြစ်နိုင်တော့တဲ့ လူငယ်တွေ အများကြီးရှိတယ်။ သူတို့အတွက် အသက်မွေးဝမ်းကျောင်း ပညာတွေ အရမ်းလိုအပ်တယ်။"

မခင်စန္ဒာညွန့်ဟာ တစ်နေ့ စစ်အာဏာရှင်ချုပ်ငြိမ်းချိန်မှာတော့ သူဝါသနာပါရာ မနုဿဗေဒ သုတေသနပညာရှင်တစ်ဦးအဖြစ် သူ့ဘဝလမ်းကို ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org