စစ်ကောင်စီကို ဆန့်ကျင်လို့ ချိပ်ပိတ်သိမ်းဆည်းခံရမှု တစ်ထောင်ကျော် ရှိလာ
သပိတ်အဖွဲ့ဝင်၊ တက်ကြွလှုပ်ရှားသူ၊ အစိုးရအဖွဲ့ဝင်နဲ့ နိုင်ငံရေးပါတီဝင်တွေ၊ ပညာရေးဝန်ထမ်းတွေ၊ မီဒီယာကဏ္ဍမှာ ပါဝင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တာလို့လည်း ဆိုပါတယ်။
-
RFA Burmese
2024-05-02 -
-
-
အာဏာသိမ်းကာလ သုံးနှစ်ကျော်တွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၉၃၄ ဦး ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ဝန်းက နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်အုံနဲ့ စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၁၅၉ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြကြတဲ့ သပိတ်အဖွဲ့ဝင်၊ တက်ကြွလှုပ်ရှားသူ၊ အစိုးရအဖွဲ့ဝင်နဲ့ နိုင်ငံရေးပါတီဝင်တွေ၊ ပညာရေးဝန်ထမ်းတွေ၊ မီဒီယာကဏ္ဍမှာ ပါဝင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒီလိုချိပ်ပိတ်ခံရတဲ့အထဲမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာအခြစိုက်ထားတဲ့ Development Media Group (DMG) သတင်းဌာနလည်း ပါဝင်ပါတယ်။
“စစ်ကောင်စီကနေ နေအိမ်တွေကို ချိပ်ပိတ်တာထက် ပိုဆိုးတာက တစ်ပြည်လုံးမှာ လူနေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေကို လေယာဉ်နဲ့ ဗုံးကြဲပြီး ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်"
၂၀၂၃ ခုနှစ်အောက်တိုဘာလ ၂၉ ရက်နေ့မှာ DMG သတင်းဌာနကို ဝင်ရောက်စီးနင်းပြီး သတင်းထောက်နဲ့ ညစောင့်တစ်ဦးကို ဖမ်းဆီးခဲ့သလို သတင်းဌာနအဆောက်အုံကိုပါ ချိပ်ပိတ်ခဲ့တာလို့ DMG သတင်းဌာန တာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံက ပြောပါတယ်။
“ကျွန်တော်တို့ DMG ကို သူတို့က တရားစွဲဆိုပြီး ပစ္စည်းတွေအကုန်လုံးသိမ်းသွားသလို ကျွန်တော်တို့ ရုံးဖွင့်ထားတဲ့ အိမ်ကိုလည်း ချိပ်ပိတ်သွားခဲ့တယ်။ တစ်ရုံးလုံးပစ္စည်းကို ဘာမှမကျန်ဘူး။ စာရွက်စာတမ်းတွေရော မီးစက်တွေ၊ ဆိုင်ကယ်တွေ ဘာမှမဆိုင်တာတွေကိုပါ သူတို့သိမ်းသွားတယ်။ ဒီကာလမှာ သူတို့က စစ်ရေးအရ ရှုံးနိမ့်လာချိန်မှာ မီဒီယာတွေကို ဖိနှိပ်တယ်။ သူတို့ထိန်းချုပ်တဲ့နယ်မြေထဲမှာပဲ သူတို့လုပ်ချင်တဲ့ ပုံစံမျိုးကို ဖန်တီးတယ်”
စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတဲ့ အဆောက်အအုံ တစ်ထောင်ကျော်ထဲမှာ နေအိမ်နဲ့ တိုက်ခန်း ၈၈၇ လုံး၊ စီးပွားရေးလုပ်ငန်း ၂၈ ခု၊ ဆေးရုံဆေးခန်း ၁၁ ခု၊ တည်းခိုခန်းနဲ့ ဟိုတယ် ၁၀ ခုနဲ့ စာသင်ကျောင်း ခုနစ်ကျောင်းလည်းပါဝင်တယ်လို့ AAPP ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။
ချိပ်ပိတ်သိမ်းဆည်းခံရမှုအများဆုံးကတော့ စစ်ကိုင်းတိုင်းထဲကဖြစ်ပြီး အဆောက်အအုံအရေအတွက် ၂၂၄ ခုအထိ ပါဝင်ပါတယ်။ ရန်ကုန်တိုင်းကတော့ ၁၆၉ လုံးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၅၇ လုံးနဲ့ တတိယအများဆုံး ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတာပါ။
ဒီအချက်အလက်တွေဟာ AAPP ထံ ဆက်သွယ်ပေးဖို့လာတဲ့ အချက်အလက်တွေ၊ သတင်းမီဒီယာတွေမှာ တက်လာတဲ့ သတင်းအချက်အလက်တွေကို အခြေခံစစ်ဆေးပြီး ကောက်ယူထားတာလို့ AAPP တာဝန်ရှိသူ တွေက ပြောပါတယ်။
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏ၀တီမြို့၊ သစ်ဆိပ်ရပ်ကွက်မှာရှိတဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ မိသားစုပိုင် နေအိမ်ဟာလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ကတည်းက ချိပ်ပိတ်ခံထားရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ နေအိမ်တွေ ချိပ်ပိတ်တာထက် ပိုမိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။
“စစ်ကောင်စီကနေ နေအိမ်တွေကို ချိပ်ပိတ်တာထက် ပိုဆိုးတာက တစ်ပြည်လုံးမှာ လူနေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေကို လေယာဉ်နဲ့ ဗုံးကြဲပြီး ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရင်တော့ တော်လှန်ရေးလုပ်တဲ့သူတွေနဲ့ ပြည်သူတွေကြား တော်လှန်ရေးလုပ်ကြတဲ့ ပြည်သူတွေဒုက္ခရောက်ရတယ်ဆိုတဲ့ အတွေးအခေါ်ရအောင် ရန်တိုက်ပေးတာ ဖြစ်ပါတယ်”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံရတာတွေနဲ့ ပတ်သက်လို့ နောင်တစ်ချိန်မှာ တရားမျှတမှုရရှိရေးအတွက် ပြန်လည်လုပ်ဆောင်ရမှာဖြစ်ပြီး နွေဦးတော်လှန်ရေးပြီးဆုံးသွားတဲ့အခါ မူရင်းပိုင်ဆိုင်သူတွေလက်ဝယ် ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းရမယ်လို့ AAPP ရဲ့ အမှုဆောင်အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ပြောပါတယ်။
“စစ်အုပ်စုကတော့ သူတို့ကို ဆန့်ကျင်သူမှန်သမျှရဲ့ ပိုင်ဆိုင်မှုတွေကို သူတို့လုပ်လို့ရသလောက် လုပ်မှာပဲ။ ဒါက အာဏာရှင်ဆန့်ကျင်တဲ့သူ တစ်ယောက်တည်းကိုပဲ လုပ်တာ မဟုတ်ဘဲနဲ့ မိသားစုကိုပါ အရေးယူတဲ့သဘောမျိုး လုပ်တာဖြစ်တယ်။ ဒါက တကယ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အမုန်းတရားတွေ အခြေခံပြီး ပိုင်ဆိုင်မှု ပစ္စည်းတွေကို သိမ်းဆည်းလိုက်တာ ဖြစ်တယ်။ ဒီကိစ္စတွေ အားလုံးသည် တစ်ချိန်မှာ တရားမျှတမှုကို ပြန်ရှာရမှာဖြစ်တယ်။ သိမ်းခံထားရတဲ့ ပစ္စည်းတွေဟာ နွေဦးတော်လှန်ရေး အောင်မြင်သွားတဲ့အချိန်မှာ နဂိုမူရင်းပိုင်ဆိုင်တဲ့သူ လက်ထဲကို ပြန်ရောက်အောင် အားလုံး၀ိုင်းပြီး ကြိုးစားရမှာဖြစ်တယ်“
စစ်ကောင်စီဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကျူးလွန်နေတဲ့အပြင် အကြောက်တရားဖြစ်ပေါ်စေဖို့အတွက် နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ဆောင်နေတယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် ဒီကျူးလွန်နေမှုတွေကို ထိထိရောက်ရောက်အရေးယူပေးနိုင်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို AAPP က တိုက်တွန်းထားပါတယ်။