ဥကရစ်ထတိုက်ပွဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပိုများလာနိုင်
စစ်ကောင်စီအနေနဲ့ သူတို့တပ်ဖွဲ့တွေကို စိတ်ဓာတ်မြှင့်တင်တဲ့အနေနဲ့ ဥကရစ်ထစခန်းကို အလွယ်တကူ စွန့်လွှတ်မှာ မဟုတ်ဘဲ ရာသီဥတုအခြေအနေပေးရင် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်နိုင်တယ်လို့ CDM ဗိုလ်ကြီးဇေသူအောင် က ထပ်မံသတိပေးပြောကြားပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022-06-30 -
-
-
ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ဥကရစ်ထ စစ်စခန်းကို KNDO ကရင်အမျိုးသား ကာကွယ်ရေးတပ် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ဇွန်လ ၂၆ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ဆယ်ဂဏန်းရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲပဲလို့ သိရှိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်ပျံသုံး ဗုံးကြဲတိုက်ခိုက်နေတဲ့ ဗီဒီယိုတစ်ခုကို ဒေသခံ တော်လှန်ရေးအဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ ဖြန့်ချိခဲ့ပါတယ်။
CDM လေသူရဲ ဗိုလ်ကြီး ဇေသူအောင်က ဒီဗီဒီယိုမှာ ပါဝင်တဲ့ လေယာဉ်ဟာ စစ်ကောင်စီ လေတပ်မှာရှိတဲ့ ရုရှားနိုင်ငံလုပ် MIG -29 ဖြစ်ပြီး အမြင့်မီတာ ၁ဝဝဝ ခန့်ကနေ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“အဲဒီဗီဒီယိုက MI 29 ကလာပြီး တိုက်ခိုက်သွားတာပါ။ ဒိုက်ဆင်းပြီး ဗုံးကြဲပြီးတော့မှ တက်သွားတာ။ ဒီ 29 တွေက All Weather ရတယ်။ Weather တွေကြားထဲမှာ တိုက်ခိုက်တဲ့ အချိန် အတော်လေးကောင်းတယ်။ နောက်ပြီး Long Range ရတယ်။ အခုသူတို့တွေ တက်တာဆိုရင် မှော်ဘီ လေတပ်စခန်း ဌာနချုပ်က တက်လာတာဖြစ်တယ်။ Route တစ်ခုလုံးမှာရှိတဲ့ Weather တွေကို ဖောက်ပြီး လာရတာဖြစ်တယ်။ အဲ့လိုချိန်မှာ ဒီကောင်တွေကို သုံးတယ်။ အဲ့လေယာဉ်သုံးတာက ပေါင် ၅ဝဝ လိုမျိုးသုံးတယ်။ အတိအကျ ပြောလို့ မရဘူး ပေါင် ၅၀၀ သုံးနိုင်တယ်၊ FAE Bomb လို ဟာမျိုး သုံးနိုင်တယ်။ ကျနော့်ရဲ့ အယူအဆအရဆိုရင် မီတာ တစ်ထောင်လောက်ကနေ ဆင်းပြီး ပစ်သွားတယ်လို့ မြင်တယ်။ ဗုံးကို ဖြုတ်သွားတဲ့ အချိန်တုန်းကလည်း မီတာ တစ်ထောင် ဝန်းကျင် အမြင့်လောက်ကနေ ဖြုတ်ပြီး ဆင်းသွားတယ်လို့ မြင်တယ်”
စစ်ကောင်စီလေတပ်မှာ MIG-29 တိုက်လေယာဉ် အစင်း ၃ဝ ခန့်ရှိပါတယ်။ ဒီအတောအတွင်း ဥကရစ်ထဒေသကို လာရောက်တိုက်ခိုက်တဲ့ စစ်ကောင်စီတိုက်လေယာဉ်တစ်စင်း ထိုင်းပိုင်နက် တပ်ခရိုင်ထဲကို ကြာသပတေးနေ့ မနေ့က ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ထိုင်းလေတပ်က F-16 တိုက်လေယာဉ် နှစ်စင်းကို အရေးပေါ်စေလွှတ်ပြီး နယ်စပ်တစ်လျှောက်ပျံသန်းစေခဲ့ပါတယ်။
အခုလို ကျူးကျော်မှုအတွက် ထိုင်းအစိုးရက ကန့်ကွက်ခဲ့ပြီးနောက် စစ်ကောင်စီလေတပ်အကြီးအကဲက တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ကြီး ဇေသူအောင်က သူတို့လေယာဉ်မှူးတွေအနေနဲ့ ထိုင်းပိုင်နက်ကို နှစ်ဖက်အစိုးရအကြား ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပျံသန်းခွင့် မရှိပါဘူးလို့ ပြောပါတယ်။
“ပုံမှန်အားဖြင့်ဆိုရင် နယ်စပ် ဖြတ်ကျော်ခွင့်က မရှိပါဘူး။ လေယာဉ်တွေ နယ်စပ်ဖြတ်ကျော်မယ်ဆိုရင် အကြောင်းကြားရတယ်၊ နိုင်ငံအချင်းချင်း ခွင့်ပြုချက် ကြိုတင် မယူထားဘူးဆိုရင် ထိုင်းနယ်စပ်ကို ကျော်ပြီးမှ ပစ်လို့မရပါဘူး။ ဟိုးအရင်တုန်းကဆိုရင်လည်း ထိုင်းနယ်စပ်ကို ကျော်ပြီး ပစ်လို့ မရခဲ့လို့ မြန်မာနိုင်ငံမှာ ဆိုရင် အရမ်းနာမည်ကြီးတဲ့ တိုက်ပွဲ တစ်ပွဲရှိခဲ့တယ်။ အိုမီဂါ ရှိတ်နဲ့ တိုက်ခဲ့တဲ့ ဝမ်ခသစ် တိုက်ပွဲမှာဆိုရင် ထိုင်းက အဝင်မခံပါဘူး။ ဝမ်ခသစ်ကုန်းရဲ့ နောက်မှာ ရွာရှိတယ်။ အဲ့ရွာထဲကနေမှ KNU က အတက်အဆင်းလုပ်တယ် ဝမ်ခသစ်ရဲ့ ဘေးမှာ သတ်ကွင်းရှိတယ်။ အဲ့သတ်ကွင်းမှာ ပွိုင့် 5 တွေ ဆင်ပြီးတော့မှ ထည့်ထားတာ။ အဲ့လမ်းကြောင်းတစ်ကြောင်းတည်းရှိတဲ့ အချိန်မှာ ဝမ်ခသစ်ကို တိုက်ဖို့ လေယာဉ်သုံးလို့ မရဘူး၊ အမြောက် သုံးလို့မရဘူး၊ အမြောက်တွေ သုံးရင်လည်း ထိုင်းနယ်စပ်ကို ကျော်ပြီးကျမှာဖြစ်တဲ့ အတွက် သုံးခွင့်မရှိဘူး။ မြန်မာစစ်တပ်ဆိုရင် အဲဒီအချိန်မှာ လက်နက်ကြီးကို ကောင်းကောင်းမသုံးရဘဲ လူအင်အားနဲ့ပဲ သုံးပြီးတက်တဲ့ အချိန်မှာ တပ်ရင်း သုံးရင်းလောက် ကျရှုံးပြီးတော့မှ အဲ့စခန်းကို ရခဲ့တာပါ”
အခုကိစ္စမှာ ထိုင်းပိုင်နက်ကို စစ်ကောင်စီလေတပ်က ဘာကြောင့် ကျူးကျော်ခဲ့တာလဲဆိုတာ မသိရပေမယ့် တကယ်လို့ တိုက်လေယာဉ်ပျံကို တောင်နဲ့ မြောက် အရပ်တွေက ပျံသန်းဝင်ရောက်မယ်ဆိုရင် ထိုင်းလေကြောင်းပိုင်နက်ကို မကျူးကျော်ဘဲ ဥကရစ်ထစခန်းကို တိုက်ခိုက်နိုင်တယ်လို့ ဗိုလ်ကြီး ဇေသူအောင် က သတိပေးပါတယ်။
“လမ်းကြောင်းက ပစ်မယ်ဆိုရင် ထိုင်းနယ်စပ်စည်းထဲကို မဝင်ဘဲနဲ့ ပစ်လို့ ရတဲ့ အနေအထားရှိတယ်။ အဲ့ရွာက ထိုင်းနယ်စပ်စည်းနဲ့ ဘေးမှာ ဆိုပေမယ့် ကုန်းရှိတဲ့ နေရာက ထိုင်းနယ်စပ်စည်းရဲ့ ဒီဘက်ကို ရောက်နေတယ်။ မြန်မာနဲ့ ထိုင်းနယ်စပ်စည်းမှာဆိုရင် ၁ ကီလိုမီတာ ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ ဧရိယာက ကုန်းမှာပဲ ဖြစ်နေတယ်လို့ ပြောလို့ မရဘူး။ တိုက်ပွဲ ဧရိယာ အတိအကျသိမှပဲ ပြောပြလို့ရမယ်။ မြေပုံကိုလေ့လာချက်အရ တောင်မြောက်လမ်းကြောင်းကသာ ပစ်လာခဲ့မယ်ဆိုရင် ထိုင်းနယ်စပ်စည်းထဲကို မဝင်ဘဲနဲ့ ပစ်လို့ရတဲ့ အနေအထားမျိုးပါ”
KNDO တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက နယ်ခြားဒေသဟာ ကွေးကောက်နေတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက ဝေါလေတောင်ကုန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ရာမှာ အဲဒီ လက်နက်ကြီးကျည်ဆန်တွေဟာ ထိုင်းလေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းပြီးမှ ဥကရစ်ထစခန်းကို ကျရောက်ပေါက်ကွဲတာ ဖြစ်တယ်လို့ ပြောပါတယ်။
“နှစ်ဖက်တိုက်ပွဲကတော့ ဆက်ပြီးတော့မှ ပြင်းထန်နေဆဲပဲ။ နှစ်ဖက်စလုံးမှာလည်း ထိခိုက်နေတာတွေရှိတယ်။ ထိုင်းနယ်ထဲက ဝင်ပစ်တယ် ဆိုတာကတော့ သေချာတော့ မပြောနိုင်ဘူး။ သူတို့ လက်နက်ကြီး ပစ်ကူတာက ဝမ်လေစခန်းကနေမှ ဥပထဘက်ကို လက်နက်ကြီး ပစ်ကူတယ်၊ အဲ့ဒီအခါမှာ Border လမ်း အနေအထားအရ လက်နက်ကြီးက ထိုင်းမြေပေါ်ကနေ ဖြတ်ပျံရတယ်”
စစ်ကောင်စီအနေနဲ့ သူတို့တပ်ဖွဲ့တွေကို စိတ်ဓာတ်မြှင့်တင်တဲ့အနေနဲ့ ဒီစခန်းကို အလွယ်တကူ စွန့်လွှတ်မှာ မဟုတ်ဘဲ ရာသီဥတုအခြေအနေပေးရင် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်နိုင်တယ်လို့ CDM ဗိုလ်ကြီးဇေသူအောင် က ထပ်မံသတိပေးပြောကြားပါတယ်။
ဒီအတောအတွင်း ဥကရစ်ထ တိုက်ပွဲမှာ ဒဏ်ရာရသူတွေကို မဲဆောက်ဆေးရုံကြီးမှာ ကုသပေးနေပြီး မြန်မာတွေ သွားရောက်သွေးလှူနေကြတယ်လို့ အဲဒီဒေသမှာရှိတဲ့ နိုင်ငံရေးလှုပ်ရှားသူ ဦးသန်းနိုင် က RFA ကိုပြောပါတယ်။
“ဒဏ်ရာရတဲ့ ရဲဘော်တွေ မဲဆောက်ဆေးရုံကို တင်ထားတာတွေ့တယ်။ ICU ထဲလည်း ပို့တယ်လို့ ပြောတယ်။ ကျန်တဲ့ ရဲဘော်တွေလည်း ရတဲ့ဒဏ်ရာတွေနဲ့ ဆေးရုံတက်ထားတော့ သူတို့ အတွက် လိုအပ်တဲ့ သွေးအတွက်ဆိုပြီး မနေ့က ကျနော်တို့ ဧရာဝတီ ဖောင်ဒေးရှင်းတို့ ဘာတို့ကနေပြီး Fb ကနေ ခေါ်လိုက်ထာပေါ့ဗျာ။ ဒီနေ့ သွေးလှူပေးကြပါ ဘာညာဆိုတော့ အလုံး ၃ဝ လောက်တော့ရတယ်ပြောတယ်။ ဒီနေ့အတွက်တော့ လုံလောက်တဲ့ သွေးပမာဏ ရသွားတယ်တဲ့”
ဒီကနေ့ သောကြာနေ့မှာလည်း ဒေသခံမြန်မာတွေက သွေးလှူဒါန်းမှုနဲ့ တခြားကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်လို့ ဦးသန်းနိုင် က ပြောပါတယ်။