စစ်ခေါင်းဆောင်ရဲ့ပြောဆိုချက်အပေါ် နိုင်ငံတကာသုတေသီတွေ မယုံကြည်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.08.01
စစ်ခေါင်းဆောင်ရဲ့ပြောဆိုချက်အပေါ် နိုင်ငံတကာသုတေသီတွေ မယုံကြည် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က အာဏာသိမ်းတစ်နှစ်ခွဲကာလ မိန့်ခွန်းပြောကြားနေသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Myanmar Military

ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်ကတည်းက အာဏာသိမ်းပြီး အရေးပေါ်အခြေအနေ ကြေညာထားတာကို ခြောက်လ သက်တမ်းတိုးကြောင်း ကြေညာခဲ့ပြီးတဲ့နောက် သြဂုတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကာလမိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒီမိန့်ခွန်းထဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည် မဖော်နိုင်ခဲ့တဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အခုနှစ်မှာတော့ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာတာကြောင့် အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးချက်ထဲက ဦးစားပေးလုပ်နိုင်တာကို လုပ်သွားမယ်၊ ဒါပေမဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့်ကိစ္စတွေတော့ မဖြစ်အောင် ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

“အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးချက်ကို တတ်နိုင်သလောက် လိုက်နာမယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်တာဟာ လိမ်ညာပြောလိုက်တာပါ။ မလိုက်နာတဲ့အပြင် လာမယ့်လတွေအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပြီးလုပ်လာလိမ့်မယ်လို့ ထင်ပါတယ်”

ပြည်ပက မြန်မာ့အရေးလေ့လာသုံးသပ်သူတွေကတော့ အခုလို စစ်ကောင်စီကနေ အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကို လိုက်နာမယ့်သဘော ပြောလာတာ ယုံကြည်စရာမရှိဘူးလို့ သုံးသပ်ကြပါတယ်။

စစ်ခေါင်းဆောင်က အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောလိုက်တာဟာ နိုင်ငံတကာက ဖိအားတွေ တိုးမလာအောင် ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ထိန်းဖို့ ကြိုးစားတာသာ ဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေး အင်စတီကျု USIP က လေ့လာသုံးသပ်သူ ဘေလီဖို့ဒ် က ပြောပါတယ်။

“စစ်ကောင်စီဆီက လာတဲ့ ဘယ်လို စကားမျိုးကိုမှ ယုံလို့ မရတော့ပါဘူး။ စစ်ကောင်စီဟာ ပြည်တွင်းမှာ ဝါဒဖြန့်ချိမှုတွေ၊ သတင်းအမှားတွေနဲ့ မြန်မာ ပြည်သူအကြားမှာ အကြောက်တရား ကြီးစိုးနေအောင် လုပ်ထားပါတယ်။ ပြည်ပမှာတော့ နိုင်ငံတကာကနေ သူတို့အပေါ် အကောင်းမြင်လာအောင် လုပ်ပြီး၊ လက်ရှိ ‘ပိုနေမြဲ ကျားနေမြဲ’ အခြေအနေ status quo ကို ဆက်ထိန်းထားဖို့ ကြိုးစားနေတာပါ။ လက်ရှိ အခြေအနေအတိုင်းဆက်ရှိနေသရွေ့ သူတို့ဟာ ဖိနှိပ်သတ်ဖြတ်မှုတွေ ဆက်ကျူးလွန်နေမှာ ဖြစ်ပါတယ်”

သြစတြေးလျ အမျိုးသား တက္ကသိုလ်က မြန်မာ့အရေး သုတေသီနဲ့ ပါရဂူဘွဲ့ကျောင်းသား Hunter Marston ကတော့ စစ်ခေါင်းဆောင်ဟာ အချိန်ဆွဲဖို့ ကြိုးစားနေတာလို့ သုံးသပ်ပါတယ်။

"စစ်ခေါင်းဆောင်က အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာမယ်လို့ ပြောလိုက်တာဟာ လုံးဝ ယုံကြည်လောက်စရာ မရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် ဧပြီလက လုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာဖို့ သဘောတူခဲ့ပြီး၊ ရန်ကုန်လေဆိပ်ကို ရောက်တာနဲ့ ချက်ချင်းပဲ ပြန်ပြီးဖျက်သိမ်းခဲ့ပါတယ်။ အာဆီယံ ခေါင်းဆောင်တွေထဲမှာ အချို့က စစ်ခေါင်းဆောင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ကြပေမယ့်၊ အချို့က စစ်ခေါင်းဆောင်ကို အကာအကွယ်ပေးပြီး စေ့စပ်ညှိနှိုင်းရေး ဆက်လုပ်ချင်ကြပါတယ်။ အခုလည်း မြန်မာစစ်ခေါင်းဆောင်ဟာ သူ့ကို အကာအကွယ်ပေးပြီး စေ့စပ်ညှိနှိုင်းရေး ဆက်လုပ်ချင်တဲ့ အာဆီယံ ခေါင်းဆောင်အချို့နဲ့ သူ့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝေဖန်တဲ့ အာဆီယံနိုင်ငံတွေနဲ့ ခေါင်းဆောင်တွေကြားမှာ ကုလားဖန်ထိုးကစားပြီး အချိန်ဆွဲဖို့ ကြိုးစားနေတာပါ"

စစ်ခေါင်းဆောင်ဟာ သူပြောသလို အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကို မလိုက်နာတဲ့အပြင် ရှေ့လျှောက် ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးပြီးလုပ်လာနိုင်တယ်လို့ USIP က ဘေလီဖို့ဒ်က သုံးသပ်ပါတယ်။

“အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးချက်ကို တတ်နိုင်သလောက် လိုက်နာမယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်တာဟာ လိမ်ညာပြောလိုက်တာပါ။ မလိုက်နာတဲ့အပြင် လာမယ့်လတွေအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပြီးလုပ်လာလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က မြန်မာပြည်သူတွေကြားမှာ အကြောက်တရား ကြီးစိုးနေအောင်လို့ပါ။ မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရဖို့နဲ့ တာဝန်ယူမှုရှိလာဖို့ ဆိုရင် နိုင်ငံတကာဖိအားကြောင့်ထက် ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေကြောင့် ဖြစ်နိုင်ခြေက ပိုများပါတယ်။ စစ်ကောင်စီကလည်း ဒါကို ကောင်းကောင်းသိပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီဟာ တစ်ဖက်မှာ နိုင်ငံတကာဖိအားကို လက်ရှိအခြေအနေထက် တိုးမလာအောင် ထိန်းထားပြီး တစ်ဖက်မှာလည်း ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်တာကို ဆက်လုပ်သွားပါလိမ့်မယ်”

ဒါ့အပြင် စစ်ကောင်စီဟာ အရေးပေါ်ကာလကို သက်တမ်းတိုးလိုက်တာဟာလည်း သူတို့ စိတ်ကြိုက်ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် လိုချင်တဲ့အနေအထားဖြစ်အောင် အချိန်ယူပြင်ဆင်ဖို့အတွက်လို့ Hunter Marston က သုံးသပ်ပါတယ်။

“စစ်ခေါင်းဆောင်က အခုလို အရေးပေါ်အခြေအနေကာလ သက်တမ်းတိုးလိုက်တာ သိပ်တော့ အံ့သြစရာမရှိပါဘူး။ ဒီလိုသက်တမ်းတိုးလိုက်တဲ့အတွက် စစ်ကောင်စီဟာ လာမယ့် ရွေးကောက်ပွဲကို သူတို့ စိတ်တိုင်းကျဖြစ်မယ့် အပြင်အဆင်မျိုးအောက်မှာ ကျင်းပနိုင်အောင် ပြင်ဆင်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်လောက်ကျရင် NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်အားလုံးကို နည်းအမျိုးမျိုးနဲ့ ဖယ်ရှားထားပြီး ဖြစ်ပါလိမ့်မယ်။ အခြားနိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကိုလည်း ခြိမ်းခြောက်ပြီး၊ သူတို့ ဖြစ်စေချင်တဲ့ PR စနစ်ကို အတည်ပြုဖို့ သေချာအောင် လုပ်ပြီး ဖြစ်ပါလိမ့်မယ်”

ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၁ ရက်နေ့ က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ စစ်ခေါင်းဆောင်နဲ့ အာဆီယံနိုင်ငံတွေအကြား ဘုံသဘောတူညီချက် ငါးချက်ကို ချမှတ်ခဲ့ကြပေမယ့် စစ်ခေါင်းဆောင်ဘက်က ဒီသဘောတူညီချက်တွေကို တစ်ဖက်သတ် ဖျက်သိမ်းခဲ့တာပါ။

စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက်တွေထဲက အရေးအကြီးဆုံးဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ကတိကဝတ်ကို မလိုက်နာတဲ့အပြင် ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို သေဒဏ်စီရင်ခဲ့တဲ့အတွက် အာဆီယံနဲ့ နိုင်ငံတကာက ဝေဖန်ရှုတ်ချမှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။