ဒီမိုကရေစီရေးလှုပ်ရှားသူလေးဦး ကွပ်မျက်ခံရမှု ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပရှုတ်ချ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဥပဒေမဲ့စီရင်မှုနဲ့ မတရားကွပ်မျက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Morris Tidball-Binz တို့က ဒီကွပ်မျက်မှုအပေါ် ကြေညာချက်ထုတ်ပြန် ရှုတ်ချလိုက်ကြတာပါ။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်။ (ဝဲ မှ ယာ)

 ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်ကြောင်း ကြေညာလိုက်တဲ့အပေါ် ကုလသမဂ္ဂတာဝန်ရှိသူတွေ၊ နိုင်ငံတကာအစိုးရတွေ၊ ပြည်တွင်းပြည်ပက လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ အပြင်းအထန် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဥပဒေမဲ့စီရင်မှုနဲ့ မတရားကွပ်မျက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Morris Tidball-Binz တို့က ဒီကွပ်မျက်မှုအပေါ် ကြေညာချက်ထုတ်ပြန် ရှုတ်ချလိုက်ကြတာပါ။

“မြန်မာမျိုးချစ်တွေလည်းဖြစ်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဦးဆောင်ကြိုးပမ်းနေသူတွေကို စစ်အာဏာပိုင်တွေ ကွပ်မျက်လိုက်တဲ့သတင်းကြောင့် ဒေါသထွက်၊ ယူကျုံးမရ ဖြစ်မိပါတယ်။ သက်ဆိုင်ရာ မိသားစုတွေ၊ မိတ်ဆွေတွေ၊ သူတို့ကို ချစ်ခင်သူတွေနဲ့ စစ်အာဏာပိုင်တွေရဲ့ တိုးမြှင့်လာနေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအောက်မှာ သားကောင်ဖြစ်နေရတဲ့ မြန်မာပြည်သူတွေ အားလုံးအတွက်လည်း ရင်ထုမနာ ဖြစ်ရပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ခုံရုံးက စစ်ဆေးအရေးယူပြီး ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တဲ့ ကွပ်မျက်ခံခဲ့ရသူတွေဟာ အယူခံခွင့်မရသလို၊ ဥပဒေကြောင်းအရ တိုင်ပင်ခွင့်လည်း မရခဲ့ဘူးဆိုတဲ့ သတင်းတွေကိုကြည့်ရင် နိုင်ငံတကာ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Michelle Bachelet ကလည်း မြန်မာ့ဒီမိုရေစီရေး လှုပ်ရှားသူတွေကို ကွပ်မျက်လိုက်တဲ့အပေါ် အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ပန်ကြားနေတဲ့ကြားကပဲ ကွပ်မျက်လိုက်တဲ့အပေါ် ဝမ်းနည်းမိကြောင်းနဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်တဲ့ ဖိနှိပ်မှုတွေ အရှိန်မြင့်လာတဲ့လုပ်ရပ်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ပြင်သစ်နိုင်ငံကလည်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ကွပ်မျက်လိုက်တဲ့အပေါ် အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။ အခုလို ကွပ်မျက်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျုးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အရှိန်မြင့်လာတဲ့ နောက်ထပ် ခြေလှမ်းတစ်ရပ်ဖြစ်သလို၊ တိုင်းပြည်အတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှုဖြစ်ကြောင်းလည်း သတိပေးခဲ့တာပါ။

ဂျာမနီနိုင်ငံကလည်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ကွပ်မျက်တဲ့ လုပ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ ခိုင်မာတဲ့ ဒီမိုကရေစီစိတ်ဓာတ်ကို ချိုးနှိမ်ဖို့ ကြိုးပမ်းမှုအဖြစ် အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေသူတွေကို ကွပ်မျက်တဲ့လုပ်ရပ်ဟာ စစ်အာဏာရှင်အုပ်ချုပ်မှုအောက် မြန်မာနိုင်ငံမှာ ဝမ်းနည်းစရာ နောက်ထပ်အဆင့်အတန်း နိမ့်ကျမှုတစ်ခု ဖြစ်ခဲ့ရကြောင်းလည်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူ လေးဦးကို ကွပ်မျက်တဲ့ သတင်းအတွက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်မိကြောင်း ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský ကလည်း ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ရတဲ့ ဒီလုပ်ရပ်ကို တွေ့မြင်ရတာဟာ တချို့သောတိုင်းပြည်တွေမှာ ဒီမိုကရေစီရရှိဖို့နဲ့ ကာကွယ်ဖို့အတွက် အသက်နဲ့ရင်း ကြိုးပမ်းနေရတာကို လက်တွေ့ မြင်တွေ့ခဲ့ရတာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်အခြေစိုက် နိုင်ငံတကာလွတ်လပ်ခွင့်လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ PEN America ကလည်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို စစ်တပ်က တိတ်တဆိတ် ကွပ်မျက်ခဲ့တဲ့ လုပ်ရပ်ဟာ စက်ဆုပ်ရွံရှာစရာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အတွက် စစ်အာဏာရှင်တွေ တာဝန်ခံမှုရှိအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုးပမ်းကြဖို့လည်း တောင်းဆိုခဲ့တာပါ။

အာဆီယံလွှတ်တော်အမတ်များအဖွဲ့ကတော့ နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်တဲ့လုပ်ရပ်ဟာ တရားဝင်မှုမရှိတဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တရားစီရင်မှုအဖြစ် ပြောဆိုလိုက်ပါတယ်။ အာဏာခိုင်မြဲဖို့ ကိုယ့်ပြည်သူတွေအပေါ် စစ်ခင်းနေတဲ့ စစ်အာဏာရှင်အဖြစ် အထင်အရှား ပြသလိုက်တဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်လိုက်တာဟာ အာဏာခိုင်မြဲဖို့ ကိုယ့်ပြည်သူတွေအပေါ် စစ်ခင်းနေတဲ့ စစ်အာဏာရှင်အဖြစ် အထင်အရှား ပြသလိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ APHR ဘုတ်အဖွဲ့ဝင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကဆစ်ဖိရုမ်း (Kasit Piromya) က အာဆီယံနိုင်ငံတွေအနေနဲ့ ဒီကွပ်မျက်မှုကိုရှုတ်ချပြီး မြန်မာ့အရေးချဉ်းကပ်ပုံကို ပြန်စဉ်းစားဖို့၊ ဒေသတွင်းမှာ စစ်ကောင်စီကို ပစ်မှတ်ထားပိတ်ဆို့အရေးယူဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ ရှေ့ပြေးအသံကလည်း မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက တုံ့ပြန်အရေးယူဖို့ လိုအပ်ကြောင်း ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အာဏာရှင်ရဲ့ ရက်စက်တဲ့လုပ်ရပ်ကို တုံ့ပြန်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေအနေနဲ့ ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှုတွေ၊ လက်နက်ရောင်းချမှု တားမြစ်မှုတွေ ချမှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org