ရခိုင်မှာ စစ်ပြန်မဖြစ်ဖို့ နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ တိုက်တွန်း
တစ်ကမ္ဘာလုံးက အကျပ်အတည်းနဲ့ ပြဿနာတွေကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ International Crisis Group (ICG) က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စာမျက်နှာ ၃၆ မျက်နှာပါတဲ့ အစီရင်ခံစာတစ်စောင်ကို ဇွန်လ ၁ ရက် ဒီကနေ့ထုတ်ပြန်ပြီး ရခိုင်ဒေသမှာ တိုက်ပွဲတွေ ပြန်မဖြစ်သင့်ဘူးလို့ တိုက်တွန်းလိုက်ပါတယ်။
- 2022-06-01
-
-
-
တစ်ကမ္ဘာလုံးက အကျပ်အတည်းနဲ့ ပြဿနာတွေကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ International Crisis Group (ICG) က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စာမျက်နှာ ၃၆ မျက်နှာပါတဲ့ အစီရင်ခံစာတစ်စောင်ကို ဇွန်လ ၁ ရက် ဒီကနေ့ထုတ်ပြန်ပြီး ရခိုင်ဒေသမှာ တိုက်ပွဲတွေ ပြန်မဖြစ်သင့်ဘူးလို့ တိုက်တွန်းလိုက် ပါတယ်။
၂၀၂၀ နှောင်းပိုင်းမှာ နားလည်မှုနဲ့ အပစ်ရပ်ထားပြီး ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည် နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ နယ်မြေထိန်းချုပ်နိုင်ဖို့ ပိုကြိုးစားလာသလို စစ်ကောင်စီဘက်ကလည်း ဒါကို အနည်းငယ်ပဲ ဆန့်ကျင့်ခဲ့ရာကနေ အခုတလော တင်းမာ မှုတွေ မြင့်တက်လာနေတာက တိုက်ပွဲတွေဆီ ဦးတည်သွားနိုင်တယ်လို့ ICG က သတိပေး ထားပါတယ်။ ဒါ့ကြောင့် AA နဲ့ စစ်ကောင်စီတပ်အကြား နှုတ်ကတိနဲ့ အပစ်ရပ်ထားတာကို တရားဝင် အပစ်ရပ်စဲရေးဖြစ်လာအောင် ကြိုးစားသင့်တယ်လို့လည်း ICG က အကြံပေး ထားပါတယ်။
တိုက်ပွဲတွေဖြစ်တိုင်း စစ်ရဲ့ဆိုးကျိုးကို ပြည်သူတွေပဲ ခံစားရတာမို့ တင်းမာမှုတွေကို နှစ်ဖက်စလုံးက လျှော့ချသင့်တယ်လို့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါတယ်။
“မြေပြင်အနေအထားအရတော့ နှစ်ဖက်အားပြိုင်မှုတွေက တော်တော်လေးကို မြင့် တက်နေတယ်။ အားပြိုင်မှုတွေများလာရင်တော့ ထိတွေ့မှုတွေကရှိမှာပဲလေ။ ဒါတွေက တော်တော်လေးကို စိုးရိမ်ဖွယ်ရာဖြစ်နေတယ်လို့ ကျမတို့မြင်တယ်။ ထိတွေ့တိုက်ခိုက် မှုတွေ ဖြစ်တိုင်းဖြစ်တိုင်း ခံရတာက ကျမတို့ပြည်သူတွေပဲ။ နှစ်ဖက်လုံးက တင်းမာမှု တွေကို လျှော့ဖို့လိုအပ်တယ်။ ကျမပြောတာက တစ်ဖက်တည်းကို ပြောတာမဟုတ်ဘူး။ နှစ်ဖက်လုံးကို ပြောတာ။ ဒါက ပြည်သူတစ်ယောက်ရဲ့ ရိုးသားစွာအမြင်ပေါ့နော်”
ရခိုင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ နဲ့ ၂၀၂၀ ကာလတွေတုန်းကလည်း စစ်ရဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး အခုအချိန်ထိ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်ကြသေးသလို မြေမြှုပ်မိုင်းအန္တရာယ်ကလည်း ခြောက်လှန့်နေဆဲပဲလို့ သူက ဆိုပါတယ်။ နောက်ထပ် တိုက်ပွဲပြန်ဖြစ်ရင် ပြည်သူတွေရဲ့ဘဝ အတော်ခက်ခဲသွားမယ်လို့ ဒေါ်ညိုအေးက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ရိုဟင်ဂျာရွာတစ်ခုမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရိုဟင်ဂျာတစ်ဦးကလည်း တိုက်ပွဲတွေ ပြန်မဖြစ်စေ ချင်ဘူးလို့ RFA ကို ပြောပါတယ်။
“ကျနော်တို့ ဆန္ဒကကျတော့ အေးအေးချမ်းချမ်းပဲ နေချင်ပါတယ်။ တိုက်ပွဲတွေဖြစ်လာ လို့ရှိရင် အခက်အခဲတွေ၊ ဒုက္ခသည်ဘဝတွေနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေတယ်။ အဲဒီလို မျိုးတွေ မကြုံရအောင် တိုက်ပွဲတွေမဖြစ်ဖို့ဘဲ လိုလားပါတယ်”
လက်ရှိ ဘူးသီးတောင်မြို့နယ်ထဲက မွတ်စလင်ရွာတွေကို စစ်တပ်က ဝင်ရောက်စစ်ဆေး နေပြီး AA နဲ့လည်း စစ်ရေးတင်းမာနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေပြန်ဖြစ်ရင် အရင် နှစ်နှစ်ကြာ စစ်ပွဲထက် ပိုဆိုးနိုင်ပြီး လူဦးရေ နှစ်သန်းကျော်၊ သုံးသန်းနီးပါးရှိတဲ့ ရခိုင်တွေရော၊ ရိုဟင်ဂျာတွေပါ စစ်ရဲ့ဒဏ်ကို ကြီးကြီး မားမား ခံစားရလိမ့်မယ်လို့ ICG အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Tom Kean က RFA ကို မေလ ၃၀ ရက်နေ့က အီးမေးလ်ကနေတစ်ဆင့် ပြောပါတယ်။
“ရခိုင်မှာ စစ်ပွဲတွေ ပြန်ဖြစ်လာမယ်ဆိုရင် အာဏာသိမ်းပြီးတဲ့နောက် တစ်နိုင်ငံလုံး ကြုံနေရတဲ့ အကြမ်းဖက်မှုဒဏ်ကနေ လွတ်မြောက်နေတဲ့ လူဦးရေ နှစ်သန်း၊ သုံးသန်း လောက်ရှိတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်စစ်ပွဲရဲ့ဒဏ်ကို ကြီးကြီးမားမား ခံစားရ ပါလိမ့်မယ်။ ဖြစ်လာမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကျိုးဆက်တွေက ကြီးမားပါ လိမ့်မယ်။ ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၂၀ နိုဝင်ဘာအထိဖြစ်ခဲ့တဲ့ နှစ်နှစ်ကြာ စစ်ပွဲထက် ပိုဆိုးမှာကတော့ သေချာပါတယ်။ စစ်ပွဲတွေဟာ ရှောင်လွှဲလို့မရဘူးလို့ အများက တွေး ထင်ထားပေမယ့် ဒီအစီရင်ခံစာမှာ မေးမြန်းခဲ့တဲ့ ရခိုင်ရော၊ ရိုဟင်ဂျာလူမျိုးတွေကပါ စစ်ပွဲတွေ ပြန်ဖြစ်လာမှာကို ကြောက်ကြပါတယ်။ စစ်ပွဲတွေဟာ သူတို့ လိုချင်တဲ့အရာ၊ သူတို့ထောက်ခံတဲ့အရာ မဟုတ်ပါဘူး”
AA အနေနဲ့ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကိုရဖို့ ဘယ်နည်းလမ်းက အကောင်းဆုံး လဲဆိုတာ သူတို့ဘာသာ ဆုံးဖြတ်ရမှာဖြစ်ပေမယ့် စစ်ပြန်တိုက်ဖို့ဟာ ရွေးချယ်မှုတစ်ခု မဟုတ်တာကြောင့် နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးကို တရားဝင်အောင် လုပ်သင့် တယ်လို့ Tom Kean က တိုက်တွန်းပါတယ်။
လက်နက်ကိုင်တော်လှန်ရေးကို မှားတယ်လို့ မပြောပေမယ့် AA အနေနဲ့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီး ပြဿနာတွေ ပြန်ဖြစ်မယ့် အန္တရာယ်ကနေ ရှောင်ရှားတဲ့ နည်းလမ်းမျိုးကို ရွေးချယ်နိုင်တယ်လို့လည်း သူက အကြံပေး ပါတယ်။
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ တိုက်ပွဲ ကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းက ဘာလဲဆိုတာကို သုံးသပ်ကြည့်မှ အဖြေမှန်ရလာမှာ လို့ ပြောပါတယ်။
“တိုက်ပွဲတွေဖြစ်သင့်၊ မဖြစ်သင့်ဆိုတာနဲ့ ပတ်သက်တာတော့ ဘယ်လိုရှုထောင့်ကနေ ကြည့်ပြီးတော့ ပြောတာလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့၊ သာမန်အားဖြင့်တော့ တိုက်ပွဲတွေမဖြစ်ဘဲနဲ့ ငြိမ်းချမ်းနေတာကိုတော့ လူတိုင်းက လိုလားပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ NUG အစိုးရတွေအနေနဲ့ကလည်း လက်နက်ကိုင် တိုက်ပွဲမဝင်ရင် ပြည်သူတွေကြုံတွေ့ရမယ့် အနာဂတ်ဟာ တိုက်ပွဲမှာ ပေးဆပ်ရမယ့်အရာတွေထက် ပိုပြီးဆိုးရွားနိုင်တယ်ဆိုတာသိလို့ မဖြစ်မနေရွေးချယ် ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိုက်ပွဲတွေ ဖြစ်သင့်၊ မဖြစ်သင့် ဆိုတာက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အားလုံးအပေါ်မှာ ခြုံငုံသုံးသပ်ပြီးတော့မှ စဉ်းစားတဲ့ စဉ်းစားချက်မျိုးနဲ့ တိုက်ပွဲကိုဖြစ်စေတဲ့ အကြောင်းအရာ အဓိကက ဘာလဲဆိုတာ ဆုံးဖြတ်သုံးသပ်တာမျိုးလုပ်မှပဲ အဖြေမှန်တစ်ခုရရှိမှာ ဖြစ်ပါတယ်”
AA ရဲ့ ခေါင်းဆောင်တွေဟာ ရခိုင်လူမျိုးတွေအတွက် အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေမို့ ICG ရဲ့ အစီရင်ခံစာမှာပါတဲ့ အချက်တွေလောက်နဲ့ ရခိုင်ပြည်အတွက် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်မလာနိုင်ဘူးလို့လည်း ဦးနိုင်ထူးအောင်က ဆိုပါတယ်။
"တိုက်ပွဲတွေဖြစ်လာလို့ရှိရင် အခက်အခဲတွေ၊ ဒုက္ခသည်ဘဝတွေနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေတယ်"
ICG ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ရဲ့ သဘောထားသိနိုင်ဖို့ AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ စစ်အင်အားတိုးချဲ့ တာမရှိသလို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အတတ်နိုင်ဆုံး သည်းခံပြီး လုပ်နေတယ်လို့ ပြောပါတယ်။
“ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်အင်အားတိုးချဲ့ထားတာလည်း မရှိဘူး၊ အရင်က ရှိရင်းစွဲ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်တွေပဲရှိတယ်။ ဒါတွေကိုပဲ AA အနေနဲ့ကတော့ လူထုထိတ်လန့်အောင် စစ်အင်အား တိုးချဲ့တယ်ဆိုတဲ့ ပုံစံမျိုးတွေပြောနေတာပဲရှိတယ်။ ကျနော်တို့အနေနဲ့ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ဆက်လုပ်နေပါတယ်။ ကျနော်တို့အနေနဲ့ အတတ် နိုင်ဆုံးသည်းခံပြီး ထိန်းသိမ်းလျက်ရှိတယ်။ တပ်မတော်အနေနဲ့ စစ်ရေးအင်အား တိုးချဲ့နေပြီ၊ စစ်ဆင်ရေးလုပ်နေပြီဆိုရင် အထောက်အထားနဲ့ ပြောပါလို့ ကျနော် ပြောချင်ပါတယ်”
လွန်ခဲ့တဲ့တစ်ပတ်ကတော့ ပလက်ဝဘက်မှာရှိတဲ့ စစ်ကောင်စီတပ်က အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေချိန် AA ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သားအချို့ ကျဆုံးတာ၊ ဒဏ်ရာရတာရှိခဲ့တာကြောင့် အသိပေးတာတွေ၊ သတိပေးတာတွေ လုပ်ထားတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်က အခြေအနေဟာ တိုက်ပွဲနဲ့ အဆုံးသတ်တာမျိုး မဟုတ်ဘဲ နိုင်ငံရေးနည်း လမ်းနဲ့ အဖြေရှာနိုင်ရင် အကောင်းဆုံးလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးဖေသန်းက သုံးသပ်ပါတယ်။
“တစ်ဖက်နဲ့တစ်ဖက် မျှော်လင့်ချက်၊ ရည်ရွယ်ချက်ကတော့ မိုးနဲ့မြေလို ကွာတယ်လို့ ပြောရမှာပေါ့နော်။ ULA/AA ကတော့ အနည်းဆုံး ကွန်ဖဒရိတ်လို့ ပြောထားတယ်။ နောက်ဆုံး မရရင်တော့ ရက္ခိတလမ်းစဉ်အတိုင်း ကိုယ့်နိုင်ငံ ကိုယ်ထူထောင်မယ်လို့ ပြောထားတယ်။ စစ်ကောင်စီဘက်က အဲဒီလိုမျိုးပေးမှာ မဟုတ်ဘူး။ အခုအချိန်ထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်ပြီးတော့ ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို ပြတ်ပြတ်သားသား မပြောထားတဲ့ အချိန်ကာလမျိုးမှာပေါ့၊ တိုက်ပွဲတစ်ခုနဲ့ အဆုံးသတ် သွားမှာကို ကျနော်တို့ မြင်နေရတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင်တော့ ပြည်သူတွေ အတွက် အခက်အခဲနဲ့ ကြုံနိုင်တယ်လို့ မြင်တယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာ နိုင်ရင်တော့ အကောင်းဆုံးပေါ့”
မကြာသေးခင်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ထင်လတ်ဦးကို တွစ်တာလူမှုကွန်ရက်ကနေ သတိပေးစာရေးပြီးနောက်ပိုင်း ရသေ့တောင်၊ မင်းပြားနဲ့ တခြားဒေသအချို့မှာ စစ်ရေးတင်းမာမှုတွေ ရှိလာပါတယ်။
ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က ပလက်ဝမြို့နဲ့ ခြောက်မိုင်အကွာမှာရှိတဲ့ အဘောင်သားရွာနဲ့ ရုပ်ဝရွာကြားမှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲပြန်ဖြစ်ခဲ့တာကြောင့် နှစ်နှစ်ကြာရပ်နားထားတဲ့ စစ်ပွဲတွေ တစ်ကျော့ပြန် ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ICG အဖွဲ့ရဲ့ အကြံပေး Tom Kean က မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေအတွက် တိုက် ရိုက်တာဝန်အရှိဆုံးက ပြည်သူအများစုရဲ့ဆန္ဒကိုငြင်းပယ်ပြီး အာဏာသိမ်းခဲ့တဲ့အပြင် အကြမ်းဖက်မှုတွေကိုပါလုပ်နေတဲ့ စစ်အစိုးရဖြစ်တာကြောင့် စစ်တပ်အနေနဲ့ ကိုယ့်ပြည်သူ အပေါ် ဖိနှိပ်နေတာကို ရပ်တန့်သင့်တယ်လို့ ပြောပါတယ်။
ရပ်တန့်ရုံနဲ့တင် မလုံလောက်သေးဘဲ လူထုထောက်ခံတဲ့ အရပ်သားအုပ်ချုပ်ရေးကို အာ ဏာပြန်လွှဲပေးဖို့ လိုအပ်တယ်လို့လည်း RFA ကို အီးမေးလ်ကတစ်ဆင့် ပြောထားပါတယ်။
AA အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေအပေါ် ကန့်သတ်တာတွေကို ရှောင်ရှားပြီး အဲဒီအဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းအောင် ညှိနှိုင်း လုပ်ဆောင်သင့်ပြီး စစ်ကောင်စီ၊ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နဲ့လည်း ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို တွေ့ဆုံဆွေးနွေးသင့်ကြောင်း International Crisis Group (ICG) အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။