နှစ်လအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲကျော်တိုးလာ

မြန်မာမှာ ၂၀၂၃ ခုနှစ်ရဲ့ ပထမ နှစ်လတာအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ တစ်သိန်းခွဲကျော်တိုးလာတယ်လို့ OCHA က မတ် ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသောကြောင့် ထွက်ပြေးနေကြရသူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေအတွင်း လူဦးရေတစ်သိန်းခွဲကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်ရေးမှူးရုံး (OCHA) က မတ်လ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လူပေါင်း ၁၅၄,၀၀၀ ဟာ တောတောင်တွေနဲ့ ဒုက္ခသည်စခန်းတွေမှာ မသေချာ မရေရာမှုတွေနဲ့ နေထိုင်နေကြရတယ်လို့ OCHA က ဆိုပါတယ်။

စစ်ကောင်စီက လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် အဲဒီဒေသတွေမှာ နယ်မြေရှင်းလင်းရေးတွေ အရှိန်မြှင့်လုပ်ဆောင် လာတာနဲ့ တစ်ပြိုင်တည်း စစ်ဘေးဒုက္ခသည်တွေလည်း တိုးလာပါတယ်။

ဒုက္ခသည်အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ နယ်မြေ ရှင်းလင်းရေးအရှိန်မြင့် ဆောင်ရွက်မှုတွေကြောင့် နေ့စဉ် အရပ်သားထောင်နဲ့ချီပြီး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ခင်မွန်ရွာမှာဆိုရင် မတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်ပြီးနောက် ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘုန်းကြီးကျောင်းတွေ ဆီကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်မွန်ရွာဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့က စစ်ကြောင်းက မထင်ရင် မထင်သလို ထိုးထိုးလာကြတော့ လက်ရှိပြေးတဲ့ သူတွေကတော့ တချို့ မြို့ပေါ်မှာ ဘုန်းကြီးကျောင်းတွေကို သူ့အဆက်အသွယ်နဲ့သူ သွားနေကြတာ။ ရွာထဲမှာ အလုပ်အကိုင်နဲ့ တောင်သူ ဘာညာ ပြေးဖို့မလွယ်တဲ့သူတွေက ဒီလိုကြောက်ကြောက်နဲ့ အသေခံပြီး နေခဲ့ကြရတာပေါ့နော်။ ပြေးလို့လွှားလို့ လွယ်တဲ့သူ ကတော့ ပြေးကြရတာပေါ့ဗျာ"

ဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ထိမှန် သေဆုံးခဲ့ရတယ်လို့ သူက ပြောပါတယ်။

"ရွာထဲမှာ အလုပ်အကိုင်နဲ့ တောင်သူ ဘာညာ ပြေးဖို့မလွယ်တဲ့သူတွေက ဒီလိုကြောက်ကြောက်နဲ့ အသေခံပြီး နေခဲ့ကြရတာပေါ့နော်"

အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိ ခင်မွန်ရွာကို စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အိမ်ခြေ ၈၀ ဝန်းကျင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူက ဆိုပါတယ်။

အလားတူ လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ မကွေးတိုင်းမှာလည်း စစ်ကောင်စီတပ်တွေ က ကျေးရွာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်တာတွေ ဆက်နေပါတယ်။ အဲဒီတိုက်ခိုက်မှု တွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ တိုးလာနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်လာတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် တွေကို အကူအညီပေးနေတဲ့ ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေး ကော်မတီ (YRCIDP) ကတော့ လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ရေလိုအပ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

"လောလောဆယ်မှာ စားနပ်ရိက္ခာကလည်း ဆန်ဈေးတွေက အများကြီးတက်တော့လေ။ အလှူအတန်းကလည်း အရင်တုန်းကလိုမဟုတ်၊ ပြည်သူတွေကလည်း ပင်ပန်းလာပြီ ဆိုတော့ စားနပ်ရိက္ခာတွေ ခက်ခဲလာတယ်။ ရေခက်ခဲလာတယ်။ နွေရာသီလည်း ရောက်ပြီဆိုတော့ ချောင်း၊ မြောင်းတွေကလည်း ရေတွေခမ်းခြောက်ပြီးမှ အခုဆိုရင် ရေတွေ တူးနေရတယ်ပေါ့နော်။ ရေတူးတော့လည်း တော်တော်လေးခက်ခဲတယ်ဗျ။ ရေက တော်တော်နဲ့မပေါ်ဘူးဖြစ်နေတယ်"

ဒီဒေသက စစ်ဘေးဒုက္ခသည်တွေဟာ ယာယီတဲအိမ်တွေနဲ့ နေထိုင်နေကြရပြီး ကော်မတီအနေနဲ့ ယောဒေသအတွင်းက စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ကို ကူညီထောက်ပံ့မှုတွေပေးနေတာလို့ သူက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့ မီးရှီု့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာမှ နေအိမ်အချို့ကို တွေ့ရစဉ်။ (Photo - Khin Mon Revolution 1.0)

စစ်ကောင်စီကို စစ်ရေးအရ ခုခံတိုက်ခိုက်နေတဲ့တစ်ချိန်တည်းမှာပဲ တစ်ဘက်မှာလည်း စစ်ဘေးဒုက္ခသည်တွေကို တက်နိုင်သလောက် ပြန်လည်ကူညီပေးနေတယ်လို့ တောကြီးမြွေပွေးအဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်တီက ပြောပါတယ်။

"စစ်ဘေးရှောင်တွေကတော့ အများကြီးပဲ။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေကနေပြီးမှ နည်းနည်းစီပေါ့နော်။ စစ်ဘေးရှောင်တွေကို ဟိုအဖွဲ့ကလည်း ကူညီတယ်။ ဒီအဖွဲ့ကလည်း ကူညီတယ်။ ဒီလိုမျိုး နည်းနည်းစီ သွားတာပေါ့နော်။ အခုအချိန်မှာတော့ သူတို့ အထိုင်စခန်းတွေနဲ့ နီးတဲ့နေရာမျိုးတွေ၊ သူတို့စစ်ကြောင်းတွေနဲ့ နီးတဲ့နေရာမျိုးတွေဆိုရင် ပြန်ဖို့ရာတော့ ခဲယဉ်းသွားပြီပေါ့။ တချို့ဆိုလို့ရှိရင် တခြားဒေသတွေကို ထွက်သွားတာမျိုး ဒီလိုမျိုးတွေ ဖြစ်နေတာ"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဇန်နဝါရီလအတွင်း စစ်ဘေးဒုက္ခသည်ပေါင်း ၄၀၀, ၆၂၈ ဦး အတွက် ထောက်ပံ့မှုတွေ လုပ်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က ဖော်ပြထားပါတယ်။

ထောက်ပံ့ရာမှာလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့က စစ်ဘေးဒုက္ခသည်တွေနဲ့ နယ်စပ် ဖြတ်ကျော် ဒုက္ခခံစားနေရသူတွေကို အဓိကထားပြီး ကျပ်ငွေ ၃၆၃ ဒဿမ ၈၅ သန်း ထောက်ပံ့ခဲ့တယ်လို့ ရေးသားထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်ရေးမှူးရုံး (OCHA) ရဲ့ အချက်အလက်တွေ အရလည်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ ပါဝင်တဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ အရပ်သား ၉၁၅,၀၀၀ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဦးရေဟာ ၁ ဒသမ ၃ သန်းအထိ ရှိလာပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org