အာဏာသိမ်းသုံးနှစ်အတွင်း တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေ ပိုများလာ

ဖားကန့်မြို့နယ် တာမခန်၊ ဟောင်ပါး၊ လုံးခင်း၊ မှော်စီဆာ၊ ကုဋေနဲ့ မှော်ရှန်ဘက်တွေမှာ ကျောက်စိမ်းတူးဖော်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ဖားကန့်ဒေသမှ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ကျောက်တူးသမားတချို့အား ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဥ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်၊ ဟောင်ပါး၊ လုံးခင်း၊ မှော်စီဆာ၊ ကုဋေနဲ့ မှော်ရှန်ဘက်တွေမှာ ကျောက်စိမ်းတူးဖော်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကတည်းက ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တွေမှာ တရားဝင် လုပ်ငန်းလုပ်စင် မချပေးတော့ဘဲ သက်တမ်းကျန်နေသေးတဲ့ လိုင်စင်တွေကိုသာ သက်တမ်းကုန်တဲ့အထိ လုပ်ကိုင်စေခဲ့တာပါ။

“အခုလုပ်ကိုင်နေတဲ့ ကျောက်စိမ်းလုပ်ကွက်တွေဟာ NLD အစိုးရလက်ထက်ကတူးဖော်ဖို့ ခွင့်မပြုထားတဲ့နေရာတွေမှာ လုပ်ကိုင်နေတာပါ”

အာဏာသိမ်းခါစ ၂၀၂၁ ခုနှစ်က ကျောက်စိမ်းတူးဖော်တာ မရှိခဲ့ပေမယ့် ၂၀၂၂ ကစပြီး ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေ တစ်ကျော့ပြန် ပိုများလာသလို ဒီကုမ္ပဏီတွေကို ဘယ်သူက ခွင့်ပြုပေးတယ်ဆိုတာ ဒေသခံတွေ မသိရတော့ပါဘူး။

မှော်စီဆာ လုပ်ကွက်တစ်ခုထဲမှာတင် ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီသုံးခုရှိနေပြီး စစ်ကောင်စီဘက်က လုံခြုံရေးယူပေးထားတာ တွေ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်တော့ လုပ်တဲ့ကုမ္ပဏီကတော့ များတယ်။ ဖားကန့်ဘက်တွေရော မှော်ဆီဆာမှာတော့ သုံးဆိုက်လောက်ပဲရှိတယ်။ တစ်ဆိုက်ကို ဘတ်ဟိုး လေးစီးလောက်နဲ့လုပ်တာ။ လက်နက်ကိုင်တွေ အစောင့်တွေ ထားတာများတယ်။ သူတို့ဝင်ဆိုရင် ဝင်၊ မဝင်နဲ့ဆို မဝင်ရဘူး”

အရင်ကဆိုရင် ကျောက်စိမ်းတူးဖော်မှုတွေကို နေ့ဘက်တွေမှာသာ လုပ်ကိုင်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ ညနေ ခြောက်နာရီကနေ မနက် ခြောက်နာရီအထိ လုပ်ငန်းအချိန်ကို ပြောင်းလဲလိုက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုလုပ်ကိုင်နေတဲ့ ကျောက်စိမ်းလုပ်ကွက်တွေဟာ NLD အစိုးရလက်ထက်ကတူးဖော်ဖို့ ခွင့်မပြုထားတဲ့နေရာတွေမှာ လုပ်ကိုင်နေတာလို့ ဖားကန့်မြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်ရှိအနေအထားကတော့ ကုမ္ပဏီတွေက လက်ရှိပစ်ထားတဲ့ အဟောင်းတောတွေမှာ ပြန်ဖော် ပြန်ကုပ်ပြီး ကျောက်ကြောပေါ်ရင် ညဘက်ကို ကျောက်တူးတယ်။ ညဘက်ကတော့ ဘတ်ဟိုးတွေနဲ့ပဲ လုပ်တယ်။ နေ့ဘက်ကို စက်ကြီး မလုပ်ဘူး။ ညဘက်ကို ဦးစားပေးလုပ်တာ များတယ်”

ဖားကန့်မြို့နယ်မှာ နိုင်ငံခြားသား ဝင်ရောက်နေထိုင်ခွင့် တားမြစ်ထားပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက တရုတ်နိုင်ငံသားတွေ ရေမဆေးလုပ်ကွက်တွေထဲအထိ ကျောက်အရောင်းအဝယ် ဝင်ရောက်လုပ်ကိုင်လာတယ်လို့ ဆိုပါတယ်။

လက်ရှိတူးဖော်မှုတွေဟာ လုပ်ကွက်အသစ်တွေမှာ တူးဖော်တာမျိုးမဟုတ်ဘဲ အဟောင်းတွေပေါ်မှာမိုင်းခွဲပြီး ကျောက်ကြော ရှာဖွေတူးကြတာလို့ ဖားကန့်မြို့နယ်က ကျောက်အရောင်းအဝယ် လုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

“ညဆို ကျွန်တော်တို့ အိပ်လို့မရဘူး။ မိုင်းခွဲပြီး ကျောက်ကြောရှာကြတော့။ နိုင်ငံရေးမကောင်းတဲ့အချိန်ကျတော့ စစ်ကောင်စီက ခွဲတာလား ကုမ္ပဏီတွေက ခွဲတာလား ညဆို လန့်နေရတယ်”

အာဏာသိမ်းပြီးနောက်ပိုင်း မှော်မုံ၊ စဘော့၊ ဖားပြင်၊ နမ့်မှော်၊ မလောင်၊ ကုဋေ၊ သာယာကုန်းနဲ့ ဆန်ခါအစရှိတဲ့ ရွာပေါင်းရှစ်ရွာဟာ လက်နက်ကိုင်တပ်တွေရဲ့ ဖိအားပေးခံရတာကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန်ခါရွာမှာဆိုရင် NLD အစိုးရလက်ထက်က လုပ်ပိုင်ခွင့်တားမြစ်ထားတဲ့ အလျား ပေ တစ်ထောင်ကျော် အနက် ပေ နှစ်ထောင်ကျော်ရှိတဲ့ နွံကန်ကြီးကို အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ပြန်လည်တူးဖော်လာတယ်လို့ ဆန်ခါရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီနွံကန်ကြီးက အန္တရာယ်အဆင့်ရှိလို့ ဒါကြီးကို မလုပ်တော့ဘူးဆိုပြီး ရပ်ဆိုင်းသွားတာ ကြာပြီ။ အခုလို ခေတ်ပျက်ခါကျတော့မှ တောပေး တောင်ပေး (စစ်တပ်နဲ့ လက်နက်ကိုင်တပ်တွေပေး) ဟိုဘက်ပေး ဒီဘက်ပေးပြီး လုပ်ကြတယ်။ အဲဒီလိုလုပ်တော့ ရွာအတွက်လည်း အန္တရာယ်ရှိတယ်။ လက်လုပ်လက်စားနဲ့ ရေမဆေးသမားတွေအတွက်လည်း အန္တရာယ်ရှိတယ်”

တရားမဝင် ကျောက်စိမ်းတူးဖော်ရေးတွေနဲ့ပတ်သက်လို့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေဆိုပါဘူး။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ကျောက်တူးဖော်နေသည့် လုပ်ငန်းခွင်တစ်နေရာအား တွေ့ရစဥ်။ (Photo: Citizen Journalist)

ဖားကန့်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးအောင်ဟိန်းမင်းကတော့ အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် ကျောက်စိမ်းတူးတာ နှစ်ဆလောက် မြင့်တက်လာတယ်လို့ ခန့်မှန်းပါတယ်။

“နှစ်ဆလောက်လို့တော့ ပြောလို့ရလောက်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဘယ်သူ့ခွင့်ပြုချက်နဲ့ လုပ်တယ်ဆိုတဲ့အပိုင်းတွေကလည်း ခွဲခြားရခက်တယ်ပေါ့နော်။ တစ်ခုရှိတာကတော့ အလတ်စား တူးဖော်မှုတွေက ပိုပြီးတော့ များလာတယ်ပေါ့နော်။ အဓိက,ကတော့ အာဏာသိမ်းလိုက်တဲ့အချိန်မှာ ဥပဒေစိုးမိုးမှု ဖားကန့်မှာ တော်တော်လေး အားနည်းသွားတယ်”

ဖားကန့်မြို့နယ်မှာ အရင်အစိုးရလက်ထက်က တရားဝင် ခွင့်ပြုပေးခဲ့တဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း လိုင်စင်အားလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဇွန်လကတည်းက သက်တမ်းကုန်ဆုံးသွားပြီဖြစ်တာကြောင့် အခုတူးဖော်မှုအားလုံးဟာ တရားမဝင် တူးဖော်မှုတွေသာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကချင်ပြည်နယ်မှာ တရားမဝင် သယံဇာတ တူးဖော်မှုတွေများနေပေမယ့် သတ္တုတွင်း ဦးစီးဌာနက အခွန်ကောက်ခံရရှိတဲ့စာရင်းတွေအရ ၂၀၂၀ ခုနှစ်မှာ ကျပ်သန်း ငါးရာကျော် ကောက်ခံရရှိခဲ့ပေမယ့် ၂၀၂၁-၂၀၂၂ ခုနှစ်မှာ ၂၃၈ သန်းနဲ့ ၂၀၂၂- ၂၀၂၃ ခုနှစ်မှာ ကျပ် ၃၂၅ သန်းသာ ကောက်ခံရရှိခဲ့တယ်လို့ ကချင်ပြည်နယ် အခြေစိုက် သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့ Kachin State Accountability Resource Governance (K-SAG) အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလမှာထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှာ မြေရှားသတ္တု၊ ပယင်း၊ ရွှေနဲ့ ကျောက်စိမ်းစတဲ့ သယံဇာတ တူးဖော်မှုတွေ သိသိသာသာ မြင့်တက်လာတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org