ICC က ရုရှားသမ္မတကို အရေးယူသလို မြန်မာစစ်ခေါင်းဆောင်တွေကိုရော အရေးယူတော့မလား
ရုရှားသမ္မတ ပူတင်ကို ယူကရိန်းကလေးငယ်တွေကို ရုရှားနိုင်ငံကို တရားမဝင်ပို့ဆောင်မှုနဲ့ မတ်လ ၁၇ ရက်နေ့က ICC က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
-
ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2023-03-26 -
-
-
ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားသမ္မတ ပူတင်ကို ယူကရိန်းကလေးငယ်တွေကို ရုရှားနိုင်ငံကို တရားမဝင်ပို့ဆောင်မှုနဲ့ မတ်လ ၁၇ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို အဓိက အားပေးထောက်ခံနေတဲ့ ရုရှားသမ္မတ ကို အခုလို ICC က ဖမ်းဝရမ်း ထုတ်လိုက်တဲ့အတွက် မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အလားတူ အရေးယူလာနိုင်ဖွယ်ရှိတယ်ဆိုပြီး မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းမှာ လှုပ်လှုပ်ရှားရှား ဝေဖန်ပြောဆိုသံတွေ ပေါ်ထွက်လာခဲ့ပါတယ်။
“အမိန့်ပေးစေခိုင်းသူက ပိုအပြစ်ကြီးတယ်၊ ကိုယ်ထိလက်ရောက်လုပ်သူရော အမိန့်ပေးစေခိုင်းသူရော အပြစ်ပေးခံရမယ်ဆိုတာ ပြောကြားချင်ပါတယ်”
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာ စစ်အာဏာရှင်တွေကို အရေးယူနိုင်ရေး ကာလရှည်ကြာ ဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ရုရှားသမ္မတကို ဖမ်းဝရမ်းထုတ်သလို မြန်မာနိုင်ငံက စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ICC က အရေးယူဖို့ အချိန်နီးကပ်လာနေပြီလို့ ပြောပါတယ်။
“ရုရှားသမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်သလို ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကျွန်တော်တို့ ရိုဟင်ဂျာ ကလေးငယ်တွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်။၂ဝ၁၇ ခုနှစ်မှာ ရိုဟင်ဂျာအမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အမိန့်ပေးခဲ့တယ်၊ ဒီနေ့ဆိုရင် စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ကချင်၊ ရှမ်း၊ ကရင်၊ ချင်းပြည်နယ်တွေမှာ ကလေးတွေကို အများကြီး သတ်ဖြတ်ခဲ့တယ်၊ ဒီနေ့ထက်ထိ ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေကို နေ့စဉ်နဲ့ အမျှ သတ်ဖြတ်နေတယ်။ ဒီလို နေ့စဉ်နဲ့အမျှ သတ်ဖြတ်နေတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် မင်းအောင်လှိုင်က ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး၊ ကျွန်တော်ထင်တာကတော့ ဖမ်းဝရမ်းထုတ်ဖို့ အချိန်တော်တော်နီးလာပြီ၊ အာဂျင်တီးနားမှာလည်း အမှုရှိတယ်၊ ICC မှာလည်း အမှုရှိတယ်၊ တူရကီမှာလည်း ရှိတယ်၊ ဂျာမနီတို့မှာလည်း အမှုရှိတယ်၊ အာဂျင်တီးနားကလည်း ဖမ်းဝရမ်းထုတ်ဖို့ အလားအလာများနေတယ်၊ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကတော့ အချိန်တန်ရင် ထောင်ထဲကို ရောက်သွားမှာပါ”
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို ၁၉၉၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က အီတလီနိုင်ငံ ရောမမြို့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။
ရောမမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာညီလာခံ ဆုံးဖြတ်ချက်နဲ့ ICC ပေါ်ပေါက်လာတာမို့ အဲဒီဆုံးဖြတ်ချက်ကို Rome Statue ရောမသဘောတူစာချုပ်အဖြစ် သတ်မှတ်ပြီး နိုင်ငံပေါင်း ၁၂၃ နိုင်ငံက လက်မှတ် ရေးထိုးထားပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံ မပါဝင်ပါဘူး။ ဒါကြောင့် မြန်မာစစ်တပ်ကို ICC ကနေ အရေးယူလို့ မရဘူးဆိုပြီး ထောက်ပြပြောဆိုတာတွေလည်း ရှိပါတယ်။
“ကျွန်တော်ထင်တာကတော့ ဖမ်းဝရမ်းထုတ်ဖို့ အချိန်တော်တော်နီးလာပြီ၊ အာဂျင်တီးနားမှာလည်း အမှုရှိတယ်၊ ICC မှာလည်း အမှုရှိတယ်၊ တူရကီမှာလည်း ရှိတယ်၊ ဂျာမနီတို့မှာလည်း အမှုရှိတယ်၊ အာဂျင်တီးနားကလည်း ဖမ်းဝရမ်းထုတ်ဖို့ အလားအလာများနေတယ်”
ဒါပေမယ့် ရောမစာချုပ်ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး ICC ကို တရားစွဲဆိုထားတာ ရှိတာကြောင့် မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ပဲ ကျန်တော့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် ICC မှာ case တစ်ခုရှိပါတယ်။ ရောမစာချုပ်ဝင် မဟုတ်တဲ့ မြန်မာအပေါ်မှာ ရောမစာချုပ်ဝင် ဘင်္ဂလားဒေ့ရှ်က စွဲဆိုထားတာ ဖြစ်ပါတယ်။ ၂၀၁၆-၁၇ ခုနှစ်က လူ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို မောင်းထုတ်တဲ့အတွက်ကြောင့် ရောမစာချုပ်ဝင် မဟုတ်တဲ့ မြန်မာကို စွဲဆိုခွင့်မရတဲ့အတွက် တတိယဝင်ပေါက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စွဲဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမှုက တည်ဆောက်ပြီးဖြစ်လို့ ဖမ်းဝရမ်းထုတ်ဖို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ICC က ဖမ်းဆီးလို့မရနိုင်ဘူးလို့ ဆိုပေမယ့် ICC အဖွဲ့ဝင်နိုင်ငံတွေက ဖမ်းဆီး လွှဲပြောင်းပေးနိုင်တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေဟာ ရာဇဝတ်ဘေး ပြေးမလွတ်နိုင်ဘူးလို့ ဆိုပါတယ်။
Universal Jurisdiction အောက်မှာ တိုင်းပြည်တစ်ခုချင်းစီကလည်း ဖမ်းဝရမ်းထုတ် အပြစ်ပေးနိုင်သလို အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ တူရကီ၊ ဂျာမနီနိုင်ငံတွေမှာ နိုင်ငံတကာတရားရုံးတွေကလည်း မြန်မာစစ်အာဏာရှင်တွေကို တရားစီရင်နိုင်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်တာကြောင့် အချိန်အတိုင်းအတာတခုမှာ အပြစ်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ICC က ပြောတဲ့အထဲမှာ ပါပါတယ်။ International Justice may take some time but International justice has long memory. ဆိုလိုတာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ရာဇဝတ်သားတွေဟာ ရာဇဝတ်ဘေးက ပြေးမလွတ်ဘူး၊ အဲဒါမျိုး ICC က ပြောချင်တာ၊ အချိန်အတိုင်းအတာတစ်ခုမှာတော့ သူတို့ကို အရေးယူဖမ်းဆီးအပြစ်ပေးတာ ရှိလာမှာပါ၊ အမိန့်ပေးစေခိုင်းသူက ပိုအပြစ်ကြီးတယ်၊ ကိုယ်ထိလက်ရောက်လုပ်သူရော အမိန့်ပေးစေခိုင်းသူရော အပြစ်ပေးခံရမယ်ဆိုတာ ပြောကြားချင်ပါတယ်၊ မြန်မာနိုင်ငံမှာလည်း မြန်မာဥပဒေနဲ့ အရေးယူအပြစ်ပေးခံရမှာ ဖြစ်ပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေကြောင့် မကြာခင်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာ တရားရေးရာ အဖွဲ့တွေကတစ်ဆင့် တရားစွဲအပြစ်ပေးနိုင်တော့မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောပါတယ်။
နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်စစ်ဆင်ပြီး ရာဇဝတ်မှုကျူးလွန်တာ ဖြစ်တဲ့အတွက် ICC က အရေးယူတာဖြစ်ပေမယ့် မြန်မာ့အရေးက ပြည်တွင်းရေးဖြစ်နေတဲ့အတွက် ICC အနေနဲ့အရေးယူဖို့ အခက်အခဲရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကနေတော့ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူနိုင်တဲ့အခြေအနေ ရောက်ရှိလာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့တိုင်းပြည်အခြေအနေက အခြားတိုင်းပြည်ကို သွားရောက်ကျူးကျော်တာမဟုတ်ဘဲ ကိုယ့်ပြည်သူကို ပြန်လည်ပြီး အကြမ်းဖက်ပြီး စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတာဖြစ်တယ်၊ ICC အနေနဲ့ အရေးယူဖို့ အခက်အခဲရှိမယ် ထင်ပါတယ်၊ ဒါပေမဲ့ ICJ လို နိုင်ငံတကာတရားမျှတမှု ခုံရုံးကိုတော့ တင်လို့ရပါတယ်။ သို့သော်လည်း အဲဒီအဖွဲ့အစည်းတွေက ကုလသမဂ္ဂနဲ့ ညီမျှတဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုလက်ခံပြီး စစ်အာဏာရှင်စနစ်တွေကို အရေးယူသလို မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ အခြေအနေတွေ ရောက်လာနိုင်ဖို့ မျှော်မှန်းရပါတယ်"
စစ်တပ်အရာရှိဟောင်းတွေ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ မြန်မာနိုင်ငံရဲ့ လက်တွေ့အခြေအနေတွေဟာ (ICC) ရဲ့ စွပ်စွဲချက်တွေနဲ့ မကိုက်ညီတဲ့အတွက် ICC က ချမှတ်တဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမဆို လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“မြန်မာ အဖွဲ့ဝင်မဟုတ်ဘူး။ မည်သည့်ဆုံးဖြတ်ချက်၊ မည်သည့်အရေးယူမှုကိုမှ လက်ခံမှာ မဟုတ်ဘူး၊ မြန်မာရဲ့ လက်တွေ့အခြေအနေတွေဟာ ICC ရဲ့ စွပ်စွဲချက်တွေနဲ့ မကိုက်ညီတဲ့အတွက် ဒီမကိုက်ညီတဲ့အချက်တွေဟာ ဘယ်နည်းနဲ့မှ အလုပ်မဖြစ်နိုင်ဘူး၊ နံပါတ် ၃ အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ICC က သိပ်သတ္တိရှိရင် ကျွန်တော်တို့ကို လုပ်ကြည့်လိုက်၊ မြန်မာနိုင်ငံရဲ့ National Security ဆိုတဲ့ လုံခြုံရေးအမြင်တစ်ခုအရပဲ ICC ရဲ့ လုပ်ရပ်ကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး”
ပြီးခဲ့တဲ့ သီတင်းပတ်က လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ကို လွှဲပြောင်းပေးဖို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေ တောင်းဆိုလိုက်သလို ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုအပြင် စစ်ကောင်စီ လက်ရှိကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုပါ ထည့်သွင်းပြီး စုံစမ်းစစ်ဆေးပေးဖို့ NUG အစိုးရကလည်း ICC ကို တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မတရားသတ်ဖြတ်ခံရသူ ၃၀၀၀၊ ဖမ်းဆီးခံထားရသူ ၁၈၀၀၀၊ ဖမ်းဆီးခံရပြီး သေဆုံးသူ ၉ဝဝ၊ လေကြောင်းက အပြင်းအထန်တိုက်ခိုက်မှု ၆၀၀ ကျော်၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှု ၁၂၀၀ ကျော်နဲ့ အိမ်ပေါင်း ခြောက်သောင်းကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။