ကမ္ဘာ့ကျောက်စိမ်းသိုက်ရှိရာ ဖားကန့်ကို စစ်တပ်ရော၊ KIA ကပါ ထိန်းချုပ်နိုင်ဖို့ကြိုးစားလာ

ဖားကန့် ကျောက်စိမ်းမှော်ကို KIA ရော၊ စစ်ကောင်စီကပါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ပိုပြင်းထန်နေပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းမှော် လုပ်ကွက်တစ်နေရာအား ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဥ်။

ကျောက်စိမ်းတူးတဲ့ လုပ်ငန်းတွေကနေ ဝင်ငွေအမြောက်အမြားရနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းမှော်ကို KIA ရော၊ စစ်ကောင်စီကပါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ပိုပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA ) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက ဖားကန့်မြို့ အဝင်အထွက်အတွက် အရေးကြီးတဲ့ စစ်ကောင်စီ တပ်မ (၃၃) အောက်က ဝှေခါဗျူဟာကုန်းကို ဇန်ဝါရီ ၂၀ ရက်နေ့မှာ သိမ်းလိုက်ပြီး၊ နန့်တိန်တပ်စခန်းကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ သိမ်းလိုက်တာလို့ ပြောပါတယ်။

"နှစ်ဖက်စလုံးရဲ့ ဝင်ငွေတွေ အများကြီးရှာပေးတဲ့ နယ်မြေဖြစ်တယ်"

ဒါကြောင့် ဖားကန့်မှာ KIA၊ PDF ပူးပေါင်းတပ်တွေက ပိုပြီးစစ်ရေးအရှိန်မြှင့်လာတာ တွေ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

“၂၀၂၄ အစကနေပြီးတော့ ကေအိုင်အေနဲ့ PDF ကပြီးတော့ စစ်ရေးအရှိန်မြင့်လာတဲ့ အနေအထားရှိတယ်။ တိုက်ပွဲတွေ ဖော်ဆောင်လာနိုင်တယ်ပေါ့။ အဲဒါကို ဥပမာပြောရရင် ဒီဇန်နဝါရီမှာတိုက်သွား တဲ ဝှေခါစခန်းသိမ်းတိုက်ပွဲ၊ ဖေဖော်ဝါရီလမှာ ဆက်တိုက်တဲ့ နန့်တိန်ဗျူဟာကုန်းတို့က စစ်တပ် ၁၀ စု နှစ်နဲ့ချီပြီးတော့ အထိုင်ချထားတဲ့ ဗျူဟာကုန်းတွေဖြစ်ပါတယ်။ အဲလိုဗျူဟာကုန်းတွေကို တိုက်ဖို့ဆိုတာလည်း တော်တော်ခက်ခက်ခဲခဲ တိုက်ယူရတယ်။ အဲဒါကို အခုတိုက်လိုက်ပြီ”

အဲဒီစခန်းတွေရလိုက်တဲ့အတွက် စစ်ကောင်စီရဲ့ တပ်မ ၃၃ အခက်အခဲဖြစ်သွားပြီလို့ သူက ပြောပါတယ်။ ဒါကြောင့် ဖားကန့်ကို တော်လှန်ရေးတပ်တွေ ပိုထိန်းချုပ်နိုင်သွားပြီလို့ အမည်မဖော်လိုတဲ့ ဖားကန့် ဒေသခံတစ်ယောက်ကလည်း ပြောပါတယ်။

“သူတို့ ထိန်းချုပ်လာတာတွေ များတယ်ပေါ့ KIA၊ PDF တွေ။ ထိန်းချုပ်တာပဲ များသွားတဲ့အခါကျတော့ သူတို့ ဒီဟာကိုထိန်းချုပ်ချင်တဲ့ သဘောလို့၊ စိုးမိုးချင်တဲ့သဘောလို့ မြင်တာပေါ့။ ပြည်သူတစ်ယောက် အနေနဲ့။ သူတို့ရဲ့ အစီအစဉ်တွေ ဘယ်လိုလဲတော့ မသိဘူး”

မိုးကောင်း- ဖားကန့် လမ်းပိုင်းမှာလည်း KIA/PDF က နယ်မြေအများစု ထိန်းချုပ်ထားပြီး လုံးခင်းကျေးရွာ နားထိရောက်လာပြီလို့ ပြောပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က မေးကြည့်တဲ့အခါ ဗျူဟာပိုင်းဆိုင်ရာ ပြောလို့မရပေမယ့် စစ်ရေးကတော့ တင်းမာနေသေးတယ်လို့ ပြောပါတယ်။

“တပ်ပိုင်းဆိုင်ရာ ဗျူဟာပိုင်းဆိုင်ရာကိုတော့ သတင်းဌာနဖြစ်နေတဲ့အတွက် ကျွန်တော်ကတော့ မပြောနိုင်ဘူး။ အားလုံးသိမြင်နိုင်တဲ့ အခြေအနေက ကျွန်တော်တို့ ဘာမှထူးထူးခြားခြားတော့ မရှိဘူး။ စစ်ရေးအခြေအနေကတော့ တင်းမာတဲ့အနေအထားတော့ဖြစ်ပါတယ်”

စစ်ကောင်စီနဲ့ KIA တို့ကြား ၂၀၂၄ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၃၅ ခါလောက်ဖြစ်ခဲ့ပြီး ဖားကန့်က စခန်းနှစ်ခုအပါအဝင် စခန်းပေါင်း ၁၀ နေရာကို သိမ်းနိုင်ခဲ့တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖားကန့်မှာ ကျောက်စိမ်းတူးမယ်ဆိုရင် ပေတစ်ရာပတ်လည် လုပ်ကွက်ရဖို့ KIA ကို တစ်ပေပတ်လည်အတွက် ကျပ်ငွေတစ်သောင်းနဲ့ ဝေစု ၅ ပုံ ၁ ပုံပေးရပြီး၊ စစ်ကောင်စီတပ်တွေကိုတော့ ကျပ်သိန်းနှစ်ထောင်ကနေ သုံးထောင်ကြားနဲ့ ဝေစု ၅ ပုံ ၁ ပုံ ပေးရတယ်လို့ ကချင်ပြည်နယ်က သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့ Kachin State Accountability Resource Governance (K-SAG) အဖွဲ့က ၂၀၂၃ ဧပြီလ ၂၃ ရက်စွဲနဲ့ ထုတ်တဲ့အစီရင်ခံစမှာ တွေ့ရပါတယ်။ အဲဒီအပြင် မြေတူးစက်နဲ့ မြေသယ်ကားတစ်စီးစီအတွက် KIA ကို ကျပ်ငွေ သိန်း ၃၀ ကနေ ၅၀ ကြား ပေးရတယ်လို့လည်း ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းပြီးတဲ့နောက်မှာ ရွာပေါင်း ၈ ရွာမှာ ကျောက်စိမ်းတူးမယ့်အတွက် ရွာသားတွေ ဖိအားပေးခံရပြီး ပြောင်းရွှေ့လိုက်ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ် အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကိုကိုကို RFA က တယ်လီဖုန်းဆက်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းမှော် လုပ်ကွက်တစ်နေရာအား ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

ဖားကန့်ဒေသမှာ အဖွဲ့အစည်းအသီးအသီးရဲ့ အကျိုးစီးပွားရှိနေတယ်လို့ ၂၀၂၀ ဖားကန့်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။

“ဒီလမ်းတွေကို စိုးမိုးဖို့ကြိုးစားတယ်ဆိုတာ ဒီဟာကတော့ စစ်ရေးအရ စဉ်းစားတာပေါ့လေ၊ ပြောရမယ်ဆိုရင် ထောက်ပို့လမ်းကြောင်းတွေလည်း ဖြစ်တာပေါ့နော်။ ဒီလမ်းကထွက်လာနိုင်တဲ့အတွက် မြို့ပေါ်ကထိန်းဖို့၊ စိုးမိုးနိုင်ဖို့ဆိုရင် ဒီဟာက အရေးပါတယ်ပေါ့ဗျာ။ စပြီးစဉ်းစားတာက အကျိုးစီးပွားအတွက် စဉ်းစားတာပေါ့။ အဲဒါ ဒီအချိန်မှာ စစ်ရေးအရပေါ့လေ ပြန်ပြီးတော့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားတဲ့သဘောပါပဲ”

အဏာသိမ်းပြီးနောက် နှစ်ဖက်တပ်က သဘာဝသယံဇာတအရင်းအမြစ်တွေကို ပိုပြီးမှီခိုလာရတာဖြစ်လို့၊ ဖားကန့်ကလည်း အရေးကြီးတဲ့နေရာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကချင်နိုင်ငံရေးလေ့လာသူ တစ်ယောက်က ပြောပါတယ်။

“စီးပွားရေးအရ ဖားကန့်က တော်တော်လေးကို အရေးကြီးတဲ့ နေရာဖြစ်တယ်၊ နှစ်ဖက်စလုံးရဲ့ ဝင်ငွေတွေ အများကြီးရှာပေးတဲ့ နယ်မြေဖြစ်တယ်။ အဲဒါကြောင့် ဖားကန့်မြို့ကို ကေအိုင်အေ အနေနဲ့လည်း ထိန်းချုပ်ဖို့အတွက် ကြိုးစားတယ်လို့ မြင်တယ်”

ကမ္ဘာ့ကျောက်စိမ်း ၇၀ ရာခိုင်နှုန်းဟာ ကချင်ပြည်နယ် ဖားကန့်ဒေသကနေထွက်တာဖြစ်ပြီး၊ တရုတ် လူမျိုးတွေ အကြိုက်ဆုံးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org