ဖားကန့်မြို့နယ်၊ စပျစ်ခူးရွာ ရွှေ့ပြောင်းဖို့ ဖိအားပေးခံရ
2023.10.05
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စုထဲက စပျစ်ခူး ရွာသားတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) ရဲ့ ဖားကန့်မြို့နယ်အဖွဲ့က နစ်နာကြေးနဲ့ နေရာသစ်ပေးပြီး ရွာလုံးကျွတ် ရွှေ့ပြောင်းခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIO အဖွဲ့နဲ့ ကျေးရွာရပ်မိရပ်ဖတွေပါတဲ့ ညှိနှိုင်းရေးအဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းမှာ ရွာမှာနေတဲ့သူတွေနဲ့ တွေ့ဆုံပြီး ပြောတာလို့ ဆိုပါတယ်။
"အခုလောလောဆယ် စပျစ်ခူးရွာကို ပြောင်းရွှေ့ ခိုင်းတာပေါ့၊ မှော်ပေါင်းလျှံမှာ ကွက်သစ်ချပေးတာပေါ့"
စပျစ်ခူးရွာကို လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်က တည်ခဲ့တာပါ။ အဲဒီရွာမှာ အိမ်ခြေ ၁၆၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ ကျော်နေကြပါတယ်။
အဲဒီနေရာမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIO) ရဲ့ ဖားကန့်မြို့နယ် တာဝန်ရှိသူ တစ်ယောက်က ကျောက်စိမ်းတူးဖို့ ပြင်နေတဲ့အတွက်ကြောင့် ပေးတဲ့နစ်နာကြေးယူပြီး ရွာကနေ ပြောင်းဖို့ပြောဆိုတယ်လို့ လုံခြုံရေးကြောင့် အမည်လွှဲထားတဲ့ ကိုဇော်ဇော်က RFA ကို ပြောပါတယ်။
"သူတို့ ပထမ စကားချီလာတဲ့ဟာကတော့ သူတို့ပြောတဲ့ စကားပြောလေ အစိုးရကို ပုန်ကန်တာလည်း မဟုတ်ပါဘူး။ ခေတ်ကာလ အနေထားအရ သူတို့ စပြောကတည်းက တော်လှန်ရေးအတွက် သူတို့ လည်း တစ်ဖက်တစ်လမ်းကနေ တော်လှန်ရေး ရိက္ခာပေါ့။ ဒီဟာတွေ လိုအပ်တယ် လိုအပ်တဲ့အခါကျတော့ ကုမ္ပဏီကလည်းလုပ်မှာ မဟုတ်ဘူး။ သူတို့အစိုးရအနေနဲ့ ဒါကို လုပ်ပြီး တော်လှန်ရေးအတွက် ငွေရှာတယ်ဆိုတဲ့ သဘောပါ။ သူတို့ကတော့ နောက်ဆုံးတစ်ခေါက်ကတော့ KIO ဘက်က လူကြီးတစ်ယောက်ပါတယ်"
သူတို့ကို စပျစ်ခူးရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့ မှော်ပေါင်းလျှံရွာရဲ့ အရှေ့ဘက်မှာ ရပ်ကွက်အသစ် ပြန်တည်ပေးတယ်လို့ ပြောပါတယ်။
ပြောင်းရွှေ့စရိတ်အဖြစ် ငွေကျပ်သိန်း ၁၅၀ ကနေ ၂၀၀ ကျော်သတ်မှတ်ထားသလို နေရာသစ်မှာ ခြံဝန်းတွေလည်းပြန်ပေးတယ်လို့ လုံခြုံရေးကြောင့် အမည်လွှဲထားတဲ့ ကိုဝေလုက ပြောပါတယ်။
"ဘယ်လို နေရာပြန်ပေးလဲ ဆိုတော့၊ အခုလောလောဆယ် စပျစ်ခူးရွာကို ပြောင်းရွှေ့ ခိုင်းတာပေါ့၊ မှော်ပေါင်းလျှံမှာ ကွက်သစ်ချပေးတာပေါ့။ ဒီမှာ ဝိုင်းကျယ်တဲ့သူက တစ်ဝိုင်းပေါ့။ ဝိုင်းအရမ်းကျယ်တဲ့ သူကျတော့ ဟိုမှာ နှစ်ဝိုင်းပေါ့။ တကယ်လို့ ဝိုင်းပြန်မယူတဲ့ သူတွေကျတော့ တစ်ဝိုင်းကို ၁၅၀ လောက် ပေးမယ်ပြောတယ်။ ဆိုတော့ အရင်းအနှီးလေး အထိုက်အလျောက်တော့ ပါလာမယ်ပေါ့။ သဘောတစ်ခုကဗျာ အိမ်ပြောင်းကြမယ်။ ရွှေ့ကြမယ်။ အဲဒီမှာ နေကြမယ်ဆိုရင် ပြောင်းရွှေ့စရိတ်နဲ့ အိမ်တန်ဖိုးနဲ့ ဖြတ်ပေးတဲ့အပြင် ကမ်းလှမ်းထားပုံ အရဆိုရင် ၂၀၀ လောက်ကုန်မယ်ဆို ၃၀၀ လောက်ပေးမယ့်အပြင် သူတို့ဘက်က အကွက်တွေလည်းချပေးတယ်။ ရေတွင်းလည်း တူးပေးတယ်"
စပျစ်ခူးရွာမှာ ပိုင်ဆိုင်ထားတဲ့ ခြံအကျယ်အဝန်းအတိုင်း ပြန်လည်နေရာချထားပေးသလို၊ ခြံဝင်း မလိုချင်တဲ့သူတွေကိုလည်း လျော်ကြေးငွေ သိန်း ၁၅၀ ပေးတယ်လို့ သူက ဆိုပါတယ်။
ဒီလိုပြောင်းခိုင်းတာကို သဘောတူတဲ့သူတွေလည်းရှိသလို မတူတဲ့သူတွေလည်း ရှိတယ်လို့ ပြောကြပါတယ်။ ဒေသခံတွေ အကုန်လုံးကို အောက်တိုဘာလအလယ်မှာ အပြီးပြောင်းဖို့ သတ်မှတ်ထားပြီး လျော်ကြေးငွေကိုလည်း စက်တင်ဘာလ ၂၂ ရက်နေ့ကတည်းက စပေးနေပြီလို့ ပြောကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးကြည့်တော့ သူ့အနေနဲ့ သတင်းမရသေးဘူးလို့ RFA ကို ပြောပါတယ်။
"အဲဒါတော့ ကျွန်တော် မကြားဘူး။ စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော် မသိသေးပါဘူး"
စပျစ်ခူးရွာခံအများစုဟာ ရွှေကျင်တာ၊ ရွှေမျှောတိုက်တာနဲ့ ကျောက်မျှောတိုက်တဲ့ အလုပ်တွေ လုပ်ကြတာပါ။ ဒါကြောင့် နေရာသစ်မှာ လုပ်ကိုင်စားသောက်ရေးအတွက် အခက်အခဲရှိမှာကို စိုးရိမ်တယ်လို့ ကိုဇော်ဇော်က ပြောပါတယ်။
"အဆင်ပြေတာရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ၊ ကျွန်တော်တို့က ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပမာဏလေးကိုရတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတာပါ။ ကျွန်တော်တို့ အနေနဲ့လည်း ဒီခေတ်ပျက်ကြီးထဲမှာ သူတို့ချီလာတဲ့ စကားအရ ဘုဂလန့်နဲ့ ငါတို့သဘောမတူနိုင်ဘူးဆိုပြီး လုပ်နေရမယ့် အခြေအနေလည်း မဟုတ်ဘူးဆိုတော့။ နိုင်ငံရေး ကာလတစ်ခုအရပေါ့လေ။ စပျစ်ခူးရွာက မိုးရွာရင် ရွှေလေးဘာလေး တူးစား၊ ကျောက်လေးဘာလေး မျှောကြောင်းလိုက်စားတော့ အဆင်ပြေတာပေါ့။ မိသားစုအတွက် စားဝတ်နေရေး မပူရဘူးပေါ့။ ဟိုဘက်ကို ရောက်သွားရင်တော့ သွားရေးလာရေး ခက်ခဲသွားမှာပေါ့"
၂၀၁၄ သန်းခေါင်စာရင်းအရ ဖားကန့်မြို့နယ်မှာ ရွာပေါင်း ၄၀ ကျော်ရှိပြီး လူဦးရေ သုံးသိန်းကျော် နေထိုင်သလို၊ ကမ္ဘာ့မှာ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းထွက်တဲ့ ဒေသဖြစ်တာကြောင့် နိုင်ငံအနှံ့က ရွှေ့ပြောင်းနေထိုင်သူတွေ သိန်းနဲ့ချီရောက်နေတဲ့ ဒေသဖြစ်ပါတယ်။