ဆေးရုံဆေးခန်းတွေကို ပိတ်သိမ်းမှုနဲ့ တိုက်ခိုက်မှု နိုင်ငံတကာ တားဆီးသင့်

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသတွေမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံ၊ ဆေးခန်းတွေကို စစ်ကောင်စီတပ်က မြေပြင်ရော ဝေဟင်ကနေပါ ပစ်မှတ်ထား တိုက်ခိုက်လာပါတယ်။

လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် ပျက်စီးသွားသည့် ဖယ်ခုံမြို့ရှိ ဆောင်းဖွေးဆေးပေးခန်းကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလနဲ့ အခု မေလအတွင်း စစ်ကောင်စီတပ်က ဆေးရုံ၊ ဆေးခန်းတွေကို လေကြောင်းနဲ့ ကြည်းကြောင်းကနေ ခုနစ်ကြိမ် ထက်မနည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ တိုက်ခိုက်မှုတွေကြောင့် နှစ်လအတွင်း ဆေးရုံ၊ ဆေးခန်း၊ ဆေးနဲ့ ဆေးပစ္စည်းတွေ အပါအဝင် လူနာတင်ယာဉ်တွေ ပျက်စီး ဆုံးရှုံးခဲ့သလို ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် အရပ်သား ငါးဦး သေဆုံးပြီး၊ ၁၁ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

မေလ ၁၇ ရက် မနေ့ မနက်ပိုင်းက ကယားပြည်နယ် ဘောလခဲမြို့နယ် စောလုံရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကျေးလက်ဆေးပေးခန်း အဆောက်အအုံ နှစ်ခု၊ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ နေအိမ်ခြောက်လုံး ပျက်စီးခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် ရွာခံအမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသား လေးဦး ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၃ ဧပြီ ၂၅ ရက်နေ့ကလည်း စစ်ဘေးဒုက္ခသည်တွေနဲ့ အရပ်သားတွေကို ဆေးကုပေးနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်းဖွေးကျေးရွာ ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတက် ကလေးမီးဖွားတဲ့ မွေးလူနာ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ သူနာပြုတစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရခဲ့ပါတယ်။

ဂျက်တိုက်လေယာဉ်နဲ့ ဆေးရုံပေါ်ကို ငါးကြိမ်ထက်မနည်း ဗုံး ၁၀ လုံးကျော် ကြဲချချိန်မှာ ဗုံးစက မွေးလူနာ အမျိုးသမီးကို ထိမှန်ခဲ့တာလို့ ဖယ်ခုံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကလေးမွေးကင်းစပေါ့နော်၊ သုံးရက် လေးရက်သားပဲ ရှိသေးတယ်၊ အဲဒါ ကလေးအမေ တစ်ယောက်က ဆုံးသွားတာပေါ့နော်။ သူလည်း အသက်ငယ်သေးတော့ နို့ရည်မထွက်ဘူး။ ဆေးရုံမှာ ကုသနေရင်း ကလေးကတော့ ဓာတ်ကင်ထားတာ သူ့ဘေးမှာ မရှိဘူးပေါ့နော်။ အဲဒါ သူနို့ဖျော်နေတုန်းမှာပဲ လေယာဉ်က လာကြဲ သွားတာပေါ့နော်။ မှန်ဘက်ကို မျက်နှာမူပြီးတော့မှ ဖျော်နေတဲ့အချိန်မှာ သူရဲ့ မျက်နှာမူတဲ့ဘက်ကို ကွက်တိ ဗုံးလာကြဲသွားတာပေါ့နော်။ အဲဒါကနေ ကျည်စမှန်သွားတာပေါ့”

တိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အံ၊ ဆေးနဲ့ဆေးပစ္စည်းတွေ၊ ဆိုင်ကယ်နဲ့ ကားတချို့ ပျက်ဆီးသွားခဲ့ပြီး နေ့စဉ်လိုလို စစ်ကောင်စီတပ်က ကင်းထောက်ဒရုန်းတွေ ဝဲပျံနေတာကြောင့် အဲဒီဆေးရုံ အခုချိန်အထိ ပြန်မဖွင့် နိုင်သေးဘူးလို့ သူက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မန္တလေးမြို့က CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်လုပ်ခွင့် ပေးထားတဲ့ နန်းတော်၊ မြို့တော်၊ ကံ့ကော် စတဲ့ ပုဂ္ဂလိကဆေးရုံ ဆေးရုံ သုံးခုကို လုပ်ငန်းလိုင်စင် အပြီးရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက မေလ ၁၅ ရက်နေ့က အမိန့်ထုတ်ပြန်ပါတယ်။

နန်းတော်ဆေးရုံမှာ အလုပ်လုပ်နေတဲ့ CDM ပါမောက္ခ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဝင်းခိုင်ကို ၂၀၂၂ နှစ် ကုန်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ၂၀၂၃ ဇန်နဝါရီလကတည်းက ဆေးရုံတွေကို လူနာလက်မခံဘဲ လုံးဝ ပိတ်ခိုင်းခဲ့တာပါ။ အခု ငါးလအကြာမှာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တွေ အပြီးရုပ်သိမ်း လိုက်တာ ဖြစ်ပါတယ်။

မ‌ကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကြီးကန်ရွာမှာလည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က လှူဒါန်းထားတဲ့ ကျေးရွာဆေးရုံကို စစ်ကောင်စီတပ်က ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ Mi-35 စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မြေပြင်ကနေလည်း ရွာထဲဝင်၊ ဆေးရုံဆေးခန်းကို ဖျက်ဆီးပြီး ဆရာဝန်နဲ့ သူနာပြုတွေကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီစီးနင်းမှုမှာ ၁၅ နှစ်အရွယ် ကလေးတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

ဒေသအနီးတစ်ဝိုက်က လူနာတွေ အားကိုးအားထားပြုရတဲ့ ဆေးရုံကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ ဝေဟင်ကနေ ပစ်တယ်။ ပထမဆုံး လာပစ်တယ်ပေါ့နော်။ ပစ်ပြီးတော့မှ နောက်ထပ် အင်အား လာချတဲ့အချိန် အထဲကို ဝင်စီးပြီး၊ ဆေးရုံကို အထဲကိုဝင်ပြီးတော့ကို မီးလောင်စေနိုင်တဲ့ လက်နက်နဲ့ပေါ့၊ မီးကျည်နဲ့ ပစ်ပြီးတော့မှ အထဲကဓာတ်မှန်ခန်းတွေရော အကုန်လုံးမီးရှို့ ပစ်ဖောက်၊ ပစ်ခွဲ အကုန်လုံး အဲဒီလိုမျိုး ဆေးရုံနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေ အကုန်လုံး လုပ်ပြီးတော့ ဆေးရုံ နောက်ဘက်ကရှိတဲ့ ရွာရဲ့အိမ် လေးလုံးလောက်ကို မီးရှို့သွားတာပေါ့”

ဒီတိုက်ခိုက်မှုကြောင့် ကျပ်သိန်း ၈၀၀ ခန့် တန်ဖိုးရှိ ဓာတ်မှန်စက်အပါအဝင် ဆေးနဲ့ဆေးပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ မကြီးကန်ရွာမှာ PDF တွေ နေထိုင်ကြောင်းသတင်းရလို့ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မကြီးကန်ရွာ ကျေးလက်ဆေးပေးခန်းကနေ စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ပါတယ်။

"မှန်ဘက်ကို မျက်နှာမူပြီးတော့မှ ဖျော်နေတဲ့အချိန်မှာ သူရဲ့ မျက်နှာမူတဲ့ဘက်ကို ကွက်တိ ဗုံးလာကြဲသွားတာပေါ့နော်။"

ဧပြီလတစ်လတည်းမှာပဲ ကချင်ပြည်နယ် ရွှေကူမြို့နယ် သာစီ တိုက်နယ်ဆေးရုံ၊ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က ညောင်ပင်သာ တိုက်နယ်ဆေးရုံ၊ ကန့်ဘလူမြို့နယ် လေးတွင်းစဉ် ရွာက ကျေးလက်ကျန်းမာရေး ဆေးပေးခန်းလည်း တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပါတယ်။

ဧပြီလ ၇ ရက်နေ့ကတော့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် ရှေ့တန်းစစ်မျက်နှာ တစ်နေရာမှာ အရေးပေါ် ကယ်ဆယ်ရေးဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုပေးနေချိန် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းက ဗုံးကျဲတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူ နှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလို့ NUG ရဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ဒါရာဇဝတ်မှုကျူးလွန်တာပဲလေ စစ်ရာဇဝတ်မှုပဲ။ နောက်တစ်ခုကတော့ လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုပဲပေါ့ဗျာ။ ဆိုတော့ သူတို့ဟာ စစ်ရာဇဝတ်သားတွေဆိုတာကို ဖော်ပြနေတဲ့ သဘောရှိတယ်။ ဒါက နေမကောင်းတဲ့လူတွေ မကျန်းမာတဲ့လူတွေ ထိခိုက် ဒဏ်ရာရတဲ့လူတွေ ဆေးကုတဲ့ နေရာကိုပါ ဒီလိုမျိုးလုပ်တယ်ဆိုတော့ လူစိတ်မရှိတော့ဘူး ဆိုတာကိုလည်းပြပြီးတော့ မထူးဇာတ်ခင်းနေတဲ့ သဘောတွေလို့ ကျနော်တို့က ယူဆပါတယ်”

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီကို နိုင်ငံတကာက ပြင်းပြင်းထန်းထန် အရေးယူသင့်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC လိုနေရာမျိုးမှာထိ အရေးယူခံရဖို့ လိုအပ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဆေးရုံဆေးခန်းတွေကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ အရင်က RFA က မေးမြန်းစဉ်မှာတော့ တပ်မတော်အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့ဖူးပါတယ်။

လိုင်စင်ရုပ်သိမ်းခံရသည့် မန္တလေး မြို့တော်ဆေးရုံအား တွေ့ရစဉ်။ (Photo: City Hospital, Mandalay)

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ အပြင် နိုင်ငံတကာနဲ့ ပြည်တွင်းဥပဒေတွေနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

“အဆိုးဆုံးကတော့ ခုနကပြောတဲ့ ဆေးရုံတွေပေါ့ နှစ်ဖက်ပေါ့။ ဟိုဘက်ဒီဘက် နှစ်ဖက်လုံးအတွက် ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ဆေးရုံတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာတွေသည် တကယ်တမ်းပြောရင်တော့ နိုင်ငံတကာ ဥပဒေအရရော ပြည်တွင်းဥပဒေအရရော ညီညွတ်ခြင်းမရှိဘူး ဆန့်ကျင်ပါတယ်။ အလားတူပဲ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားဘက်က ကြည့်ရင်လည်းပဲ လူမှုရေးအရ ဘယ်လိုမှ သင့်တော် ကောင်းမွန်တဲ့ လုပ်ရပ်မျိုးမဟုတ်ဘူး။ ဥပဒေနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ပဲ ကျနော်တို့ ဥပဒေအမြင်အရ ဒီအတိုင်းပဲ ပြောရမှာ ဖြစ်ပါတယ်”

အခုလိုတိုက်မှုတွေ ထပ်မဖြစ်လာဖို့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက နည်းလမ်းရှာပြီး ဝိုင်းဝန်းဟန့်တားဖို့ လိုနေပြီလို့ Fortify Rights ရဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ ဦးဇော်ဝင်းက ပြောပါတယ်။

“လူ့အခွင့်အရေးရှုထောင့်က ကြည့်မယ်ဆိုရင် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ ဆေးရုံမှာတင်ထားတဲ့ လူနာတောင်မှ မရွေးဘဲ တိုက်ခိုက်လာတာပေါ့နော်၊ အဲဒါက ဘယ်လိုမှ လက်ခံလို့မရဘူး။ နောက်ပြီးတော့ ဒီလိုမျိုး လာရောက်တိုက်ခိုက်တဲ့ဟာကို ကျွန်တော်တို့ရှုတ်ချပါတယ်။ ဒါကို နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ လုံးဝကို ရှုတ်ချပြီးတော့ ဒီလိုမျိုး နောက်ထပ်မဖြစ်အောင် ဟန့်တားဖို့ လိုပါတယ်”

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် နေ့အထိ နှစ်နှစ်ကျော်အတွင်း ဆေးရုံ၊ ဆေးခန်းတွေကို သိမ်းယူတာနဲ့ တိုက်ခိုက်ဖျက်ဆီးတာ ၁၈၈ ကြိမ်၊ ထိခိုက် ပျက်စီးခဲ့တဲ့ လူနာတင်ယာဉ် ၅၉ စီးနဲ့ အဓမ္မ သိမ်းယူခံရတဲ့ လူနာတင်ယာဉ် ၄၉ စီး ရှိတယ်လို့ NUG ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတ။

အဲဒီနှစ်နှစ်ကျော်အတွင်းမှာပဲ ကျန်းမာရေးဝန်ထမ်း ၇၁ ဦး အသတ်ခံရပြီး၊ ၈၃၆ ဦး ဖမ်းဆီးခံရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org