ဟုမ္မလင်းနဲ့ ဖောင်းပြင်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ လေးထောင်နီးပါး ထွက်ပြေးနေရ
ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့နယ်ကြားမှာရှိတဲ့ ရွှေပြည်အေးမြို့ကို နိုဝင်ဘာ ၂ ၂ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ စတင်လာတာပါ။
-
RFA Burmese
2024-01-01 -
-
-
စစ်ကိုင်းတိုင်း အထက်ပိုင်းက ဟုမ္မလင်းမြို့နယ်နဲ့ ဖောင်းပြင်မြို့နယ်တို့မှာ စစ်ကောင်စီ ဘက်က တပ်စခန်းတွေ လက်မလွှတ်ရဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိမယ်လို့ ယူဆတဲ့နေရာတွေကို လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက RFA ကို ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်နဲ့ ဖောင်းပြင်မြို့နယ်ကြားမှာရှိတဲ့ ရွှေပြည်အေးမြို့ကို နိုဝင်ဘာ ၂၂ ရက် နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ စတင်လာတာပါ။
စစ်ကောင်စီဘက်က သူတို့စခန်းတွေ လက်မလွှတ်ရရေးအတွက် လေကြောင်းပစ်ကူတွေ အသုံးပြုပြီး ခုခံကာကွယ်နေတာလို့ ဖောင်းပြင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက စစ်ရေးအခြေအနေကို ပြောပါတယ်။
"သူတို့က လက်ရှိကျန်နေတဲ့ စခန်းတွေကို ခံစစ်စည်းလို သဘောထားပြီးတော့ စခန်း ထပ်ပြီးတော့ မဆုတ်ပေး ရရေးနဲ့ အဲဒီစခန်းတွေကနေ မြို့တွေကို မြို့သိမ်းတိုက်ပွဲတွေ မဖြစ်လာဖို့ အသည်းအသန်ကို ကာကွယ်နေတာ။ ကုန်းကြောင်းနဲ့ ရေကြောင်း မရှိတော့တဲ့အတွက် လေယာဉ်အားနဲ့ ကာနေတာပေါ့။ ဖောင်းပြင်ဘက်မှာ ဖြစ်နေတာက အဲဒီဟာ (လေကြောင်းတိုက်ခိုက်မှု) တွေရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်လာတာပေါ့"
လတ်တလော စစ်ရေးအခြေအနေအရ စစ်ကောင်စီအနေနဲ့ ရေကြောင်းနဲ့ ကုန်းကြောင်းကို အသုံးပြု စစ်ကြောင်း ထိုးတာတွေ မလုပ်နိုင်သလို စစ်အင်အား ဖြည့်တင်းတာတွေလည်း မလုပ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
"ကုန်းကြောင်းနဲ့ ရေကြောင်း မရှိတော့တဲ့အတွက် လေယာဉ်အားနဲ့ ကာနေတာပေါ့။ ဖောင်းပြင်ဘက်မှာ ဖြစ်နေတာက လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်လာတာပေါ့"
စစ်ကောင်စီတပ်တွေက အရပ်သားတွေကို စစ်ရေးပစ်မှတ်လို သတ်မှတ်တာကြောင့် အခုလို လေကြောင်းကနေ တိုက်ခိုက်နေတာလို့လည်း ဝေဖန်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ဟုမ္မလင်းမြို့နယ်က လွှစင်ကုန်း၊ နန့်နန်း၊ နောဖာမူ၊ နောင်ဆန်းကျင် စတဲ့ ကျေးရွာ ၁ဝ ရွာထက်မနည်းနဲ့ ရွှေပြည်အေးမြို့က ဒေသခံ နှစ်ထောင် နေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါ။
နေ့စဉ်နဲ့အမျှ လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် တောတောင်တွေထဲမှာ ဗုံးခိုကျင်း တူးပြီး နေနေရတယ်လို့ လွှစင်ကုန်းရွာက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျေးရွာတွေက မြစ်ကမ်းဘေးမှာပဲ ရှိတယ်ဆိုတဲ့အခါကျတော့ စစ်သင်္ဘောတွေ ဆန်လာပြီး ပစ်မှာလည်း စိုးရိမ်ရတဲ့အခါကျတော့ မြစ်ကမ်းနဖူးက ရွာတွေက ရွာထဲမှာ လူမနေနိုင်ဘဲနဲ့ တောတွေထဲမှာပဲ ယာယီတဲထိုးပြီး နေကြရတာ များတယ်ရှင့်၊ တိုက်ပွဲမရှိရင်လည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတာရှိတယ်။ ဖောင်းပြင် မှာဆို အခုတစ်ရက် နှစ်ရက်အတွင်းမှာကို ပစ်သွားတာဆိုတော့ တောထဲမှာနေရရင် လည်း မိမိနေထိုင်တဲ့ တဲလေးတွေဘေးမှာပဲ ဗုံးခိုကျင်းတွေ တူးပြီးတော့ ရှောင်တိမ်းနေ နေရတယ်။ မိမိနေရပ်မှာ အတည်တကျ မနေနိုင်သေးတဲ့ အနေအထားမျိုးရှင့်”
ဟုမ္မလင်းမြို့မှာ နေထိုင်တဲ့ ဒေသခံအများစုဟာ မိရိုးဖလာ တောင်ယာလုပ်ငန်းနဲ့ မွေးမြူ ရေးအပြင် တစ်နိုင် တစ်ပိုင် ရွှေတူးဖော်ရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြု ကြပေမယ့် အခုကာလတွေမှာ စစ်ဘေးရှောင် နေရတာကြောင့် အလုပ်မလုပ်နိုင်ဘဲ ဝင်ငွေမရှိလို့ စားရေးသောက်ရေးအတွက် ခက်ခဲနေကြတယ်လို့လည်း သူက ဆက်ပြော ပါတယ်။
ဖောင်းပြင်မြို့နယ်မှာတော့ နတ်ခတ်၊ နတ်ပမောင်း၊ တုသီတာ၊ လင်းမူ၊ မောက်စဖာ၊ ထိန်ကူး၊ ဝဲစက်၊ ပေါ်တော်မူ၊ ကြို့ကုန်း၊ နန်းကညစ်နဲ့ တောင်ပေါ်ဆယ်တော် စတဲ့ ရွာတွေက ဒေသခံ နှစ်ထောင် နီးပါး ထွက်ပြေးနေရတာပါ။
အရင်က ဖောင်းပြင်၊ ဟုမ္မလင်း၊ မော်လိုက် စတဲ့ ဒေသတွေကို ချင်းတွင်းမြစ်ကြောင်းတွေ ကနေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ သယ်ယူခဲ့ပေမယ့် အခုနောက်ပိုင်း မြစ်အတွင်း စစ်ကောင်စီ စစ်သင်္ဘောတွေ ရှိနေတာကြောင့် ရေကြောင်းသွားလာခွင့် ပိတ်ထားလို့ အရင်လိုသယ်ယူဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါကြောင့် ဖောင်းပြင်မြို့မှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ လုံခြုံရေး ကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရေကြောင်းကနေကတော့ အခုအချိန်အထိ ပိတ်ထားဆဲပဲ ရှိသေးတယ်။ ဒီအချိန်မှာ တော့ ဆေးဝါးရယ်။ စားနပ်ရိက္ခာရယ်ပဲ ပိုပြီး ခက်ခဲမယ်ရှင့်။ ကျွန်မတို့နယ်မှာ ဝယ်လို့ မရတဲ့ ဆီ၊ ဆား၊ ငါးပိ၊ ဆေးဝါး၊ အဝတ်အထည် တွေ လိုတယ်။ အဝတ်အထည်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခုဆောင်းတွင်းမှာ ပြည်သူကနေ ပြည်သူလှူကြတာ ရှိပေမယ့် လုံလောက်တဲ့ သဘောလို့ ယူဆလို့ရတယ်။ အဓိကတော့ ဆီ၊ ဆား၊ ငါးပိနဲ့ ဟင်းချက် စရာပါ"
ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ အသက်အရွယ်ကြီးသူတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေလည်း ပါဝင်နေသလို ရာသီဥတုအခြေအနေကြောင့် ဖျားနာသူတွေလည်း ရှိတာကြောင့် ဆေးဝါးတွေ ပိုလိုအပ်တယ်လို့ ပြောပါတယ်။
ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစီအစဉ်အရ စားနပ်ရိက္ခာနဲ့ အရေးပေါ် ဆေးဝါးတချို့ ကူညီထောက်ပံ့ပေးခဲ့ပေမယ့်လည်း မလုံလောက်ဘူးလို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
"ကျွန်တော် လွန်ခဲ့တဲ့ နှစ်လကျော်က တစ်ခါ သူတို့ကို စပေးတယ်။ ဖောင်းပြင် လူစာနာ၊ ဟုမ္မလင်း လူစာနာနဲ့ ပအဖတွေ ပေါင်းပြီးတော့ သိန်း ၈၀ ကျော် တစ်ခါ သူတို့ကို ဝေပေးတယ်။ အဲဒီတစ်ခါပဲ လုပ်နိုင်တယ်။ နောက် ဟာတွေက စာရင်း အတိအကျနဲ့ မြေပြင်က အခြေအနေကို လျှောက်တယ်။ ဘာကြောင့်လဲ မသိဘူး။ မကျလာဘူး။ တိုင်းလူစာနာကို တင်ထားပေမယ့် ဘာမှပြန်မလာဘူးဗျ"
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက် နဲ့ ၂၁ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖောင်းပြင်မြို့နယ်က အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီတပ်ဟာ မြေပြင်ပေါ်မှာ ထိခိုက်သေဆုံးတာများလာလေလေ လေကြောင်းနဲ့ လက်နက်ကြီးတွေကို အလွန်အကျွံ သုံးပြီး ပြည်သူလူထုတွေ ကြောက်စိတ်ဝင်ပြီး တော်လှန်ရေးမလုပ်ရဲအောင် စစ်ရာဇဝတ် ချိုးဖောက်မှုကို ကျုးလွန်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆိုပါတယ်။
ပြည်တွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့အခါ တောင်းဆိုတာတွေ ရှိတယ်လို့ NUG သမ္မတ ရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
“ထိထိရောက်ရောက် ကူညီနိုင်ဖို့ အတွက်ကို နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်ရိုက်အကူအညီပေးဖို့အတွက် ကျွန်တော်တို့တွေ တောင်းဆိုတယ်။ အရေးပေါ် အကူအညီတွေ ပေးဖို့အတွက် တောင်းဆိုတယ်။ သမ္မတကြီး ကိုယ်တိုင်လည်း ပြောကြားတယ်။ တွေ့ရှိတဲ့ နိုင်ငံတကာ အစိုးရ၊ အဖွဲ့အစည်းတွေကိုလည်း တောင်းဆို တယ်။ နယ်စပ်လိုင်းကနေ ဖြတ်ကျော်ပြီး စစ်တပ်ရဲ့ အုပ်ချုပ်တဲ့နယ်မြေ တွေက မဟုတ်ဘဲနဲ့ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်နယ်မြေတွေကနေ တစ်ဆင့် ဖြတ်သန်းပြီးတော့ တကယ်ဒုက္ခ ရောက်နေတဲ့ စစ်ရှောင်တွေဆီကို ရောက်အောင်လို့ မြေပြင်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးဖို့ တောင်းဆိုနေကြပါတယ်"
စစ်ဘေးဒုက္ခသည်တွေအရေးနဲ့ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ သုံးပြီး ပစ်ခတ်တိုက်ခိုက် နေတယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။
၂၀၁၄ သန်းခေါင်စာရင်း အရ ဟုမ္မလင်းမြို့နယ်မှာ ရပ်ကွက် ခြောက် ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး လူဦးရေ နှစ်သိန်းခွဲကျော် (၂၅၈,၂၀၆ ဦး) နေထိုင်သလို ဖောင်းပြင်မြို့နယ်မှာတော့ ရပ်ကွက် နှစ်ခု၊ ကျေးရွာအုပ်စု ၄၀ နဲ့ လူဦးရေ တစ်သိန်းကျော် (၁၁၂,၆၉၄ ဦး) နေထိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ တိုက်ပွဲတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော် ရှိလာပြီလို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ အရပ်သားနေအိမ် ရှစ်သောင်းနီးပါး (၇၇,၂၇၄ လုံး) မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။