ရန်ကုန်မှာ ပစ်ခတ်မှုတွေကြောင့် တစ်ရက်တည်း ပြည်သူခုနစ်ဦး သေဆုံး

ရန်ကုန် ပန်းဘဲတန်းမြို့နယ်နဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ စက်တင်ဘာလ ၂၉ ရက် မနေ့က ပစ်ခတ်မှုတွေဖြစ်ပြီး အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း အရပ်သားခုနစ်ဦး သေဆုံးခဲ့သလို အမျိုးသမီးတစ်ဦး ဒဏ်ရာခဲ့ပါတယ်။
မနေ့ညနေပိုင်း မြို့လယ်ခေါင် ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးဓမ္မာရုံမှာ လုံခြုံရေး ယူနေတဲ့ စစ်ကောင်စီ တပ်သားတစ်ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီ တပ်သားတွေရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် အနီးအနားက ဆိုက်ကားသမား တစ်ဦးနဲ့ လူငယ် နှစ်ဦး သေဆုံးခဲ့တယ်လို့ ကိုယ်တိုင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။
သေနတ် ဆယ်ချက်နီးပါး ပစ်ခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ထိမှန်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်းဘဲတန်းမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"ညနေ သုံးနာရီခွဲကျော်မှာ စစ်သားတစ်ဦး အပစ်ခံရတယ်။ သိမ်တော်ကြီးဘေးလမ်းက ကွမ်းယာဆိုင်နားမှာ ပစ်ခံရတာ။ အသံလည်း မကြားဘူးပေါ့နော်။ ခဏနေတော့ Faw ကားတစ်စီး ရောက်လာတယ်။ အော်ဟစ် ဆဲဆိုနေတာ။ ပြီးတော့ သေနတ်ဖောက်သံ အဆက်မပြတ် ကြားရတော့တာပဲ။ အပစ်ခံရတဲ့ ဆိုက်ကားသမားနဲ့ လူငယ် နှစ်ဦး ကတော့ နေရာမှာတင် ပွဲချင်းပြီး ဆုံးတယ်။ အပြစ်မရှိဘဲ ပစ်သတ်ခံရတာ စိတ်မကောင်း အတော် ဖြစ်မိတယ်"
သေဆုံးသွားသူတွေဟာ အသက် လေးဆယ်အရွယ်နဲ့ အသက် နှစ်ဆယ်ကျော် အရွယ်တွေ ဖြစ်ပြီး အလောင်းတွေကိုတော့ ပစ်ခတ်မှုဖြစ်ပြီး နာရီဝက်လောက်အကြာမှာပဲ ကြက်ခြေနီ အရေးပေါ်ကားနဲ့ လာသယ်သွားတယ်လို့ ဆိုပါတယ်။
"အပြစ်မရှိဘဲ ပစ်သတ်ခံရတာ စိတ်မကောင်း အတော်ဖြစ်မိတယ်"
မနေ့ညနေပိုင်းကတည်းက မဟာဗန္ဓုလလမ်းမနဲ့ ဆူးလေလမ်းမကို စစ်ဆေးမှုတွေလုပ်ဖို့ ပိတ်ထားခဲ့ပြီး ဒီနေ့မနက်မှာ ပြန်ဖွင့်ခဲ့ပေမယ့် မဟာသိမ်တော်ကြီးထဲမှာတော့ အရင်က ထက် လုံခြုံရေးအင်အား နှစ်ဆတိုးထားတာ တွေ့ရတယ်လို့ ပန်းဘဲတန်းမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ လူမှုကွန်ရက် တယ်လီဂရမ် ချန်နယ်တွေမှာတော့ ပန်းဘဲတန်းမြို့နယ်မှာ သေဆုံးသွားတဲ့ လူငယ်တွေဟာ ပြန်လည်ခုခံ ပစ်ခတ်ခဲ့တာ ကြောင့်လို့ ရေးသားနေကြပါတယ်။
ဒီရေးသားချက်တွေ မှားယွင်းနေပြီး စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာကို mission (လှုပ်ရှားမှု) ဖော်ဆောင်မယ်ဆိုရင် ဆိုက်ကားနဲ့ လာမှာမဟုတ်ဘူးလို့ Yangon UG Association (YUG) အဖွဲ့ တာဝန်ရှိသူ ဆရာကျောင်းက RFA ကို ပြောပါတယ်။
"ကျနော်တို့ ဆိုင်ကယ်နဲ့ပစ်ပြေးမယ်။ ကားနဲ့ပစ်ပြေးမယ်။ လူချည်းပဲ ပစ်ပြေးပြီးတော့ ကုန်းကြောင်း (ခြေလျင်) ပြေးမယ်။ လွတ်ရာလွတ်ကြောင်းကို တစ်ခါတည်း cover ယူပြီးပြေးမယ်။ ဆိုက်ကားနဲ့ပစ်ဖို့ကတော့ မလွယ်ဘူးဗျာ။ mission ဖော်ဆောင်တဲ့ အနေနဲ့မဟုတ်ဘူး။ သူကိုယ့်သူ ကာကွယ်တာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှ မဟုတ်ရင်လည်း သူတို့ကိုမပစ်ဘဲ စစ်တပ်က ပစ်ပါတယ်ဆိုပြီးပြောပြီး ပစ်သတ် လိုက်တာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဘယ်မြို့ပြပြောက်ကျား မဆို လူငယ်တွေ၊ Globalization ခေတ်ထဲမှာ အကုန်လုံးက ဘယ်လိုခေါ်မလဲ အရမ်းကိုအသိဉာဏ် နည်းတဲ့သူ မပါဘူး။ ဆိုက်ကားကြီးနဲ့ ပစ်လို့မရဘူးဆိုတာကို လူတိုင်းသိတယ်"
စစ်ကောင်စီတပ်သားတွေ ရန်ကုန်မြို့တွင်း တင်းကျပ်တဲ့ စစ်ဆေးမှုတွေကြောင့် မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်တွေအနေနဲ့ အပြင်သွားလာတဲ့အခါ လက်နက် ယူဆောင် သွားတာမျိုး မရှိဘူးလို့လည်း သူကဆိုပါတယ်။
မနေ့ မနက်ပိုင်းမှာလည်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၇၁) ရပ်ကွက်က ရာအိမ်မှူးနဲ့ (၂၅) ရပ်ကွက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းတစ်ဦး စစ်ကောင်စီ သတင်းပေး လုပ်နေလို့ဆိုပြီး ဒဂုံတောင် မြို့ပြပြောက်ကျားအဖွဲ့ (SDGF) က ရှင်းလင်း ခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီနောက်ပိုင်း ညပိုင်းမှာတော့ ဒဂုံမြို့သစ်တောင်ပိုင်း (၅၃) ရပ်ကွက်မှာ စစ်ကောင်စီ တပ်သားတွေ နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ (၅၃) ရပ်ကွက်မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့ တွေ့တဲ့အချိန်က နေရာမှာတင် ဆုံးနေတာ တွေ့တယ်။ ရင်ဘတ်နဲ့ဗိုက်ကို မှန်ထားတာ။ အမျိုးသားက နည်းနည်းဝတယ်။ အိမ်ထဲထိ ဝင်ပစ်သွားတာပေါ့။ လမ်းထဲ မှာ စုံစမ်းကြည့်တော့လည်း သေသွားတဲ့လူတွေက အေးအေးဆေးဆေးသမားတွေလို့ ပြောတယ်။ ဘယ်သူက ပစ်တယ်ဆိုတာတော့ အတိအကျမသိပါဘူး။ အမျိုးသမီး အသက် ၃၀ အရွယ်၊ အမျိုးသားက ၄၀ နီးပါးပေါ့နော်"
ထိခိုက် သေဆုံးသွားသူတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်း မထုတ်ပြန်သေးသလို RFA အနေနဲ့လည်း အချက်အလက် အတိအကျသိရဖို့ ဆက်လက် စုံစမ်းနေပါတယ်။

မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက ဘန်ကာတွေ၊ ရဲကင်းတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ သူတို့အနေနဲ့ လုံခြုံမှုမရှိတော့ဘဲ အခုလို မြင်မြင်သမျှ လိုက်ပစ်နေတာလို့ တက္ကသိုလ် ကျောင်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ကိုနန်းလင်းက RFA ကို ပြောပါတယ်။
"ရန်ကုန်မြို့မှာတော့ ပြည်သူတွေရဲ့ အသက်တွေ ထိခိုက်ဆုံးရှုံးမှုတွေက စစ်ကောင်စီရဲ့ ရမ်းသမ်း ပြန်ပစ်ခတ်မှုကြောင့် တော်တော်လေး တိုးလာတဲ့ ပမာဏရှိပါတယ်။ အခုက မြို့ပြပေါ်မှာလည်းပဲ မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက တိုက်ပွဲတွေကို နည်းလမ်း အမျိုးမျိုးနဲ့ ဖော်ဆောင်နေကြတယ်။ အဲဒီဖော်ဆောင်မှုကြောင့် စစ်ကောင်စီ အောက်ခြေ စစ်သားတွေရဲ့ အနေအထားက ဘယ်နေရာမှာမှ မလုံခြုံဘူး။ မလုံခြုံတော့ သူတို့ ကြောက်လန့်နေရတယ်။ တစ်ခုခုဆို သူတို့အချင်းချင်းတောင် မှားပစ်တဲ့ကိစ္စတွေ၊ ပြည်သူတွေကို ပြန်ပစ်ခတ်တဲ့ အခြေအနေကို တော်တော်ကိုများနေတဲ့ အနေအထား ရှိတယ်လို့ ပြောလို့ရပါတယ်"
ရန်ကုန်မြို့မှာတော့ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြေပြင်သပိတ် ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီးတာ၊ ပြည်သူတွေကို ဧည့်စာရင်း အကြောင်းပြပြီး ဖမ်းဆီးတာတွေ ရှိနေပါတယ်။
တစ်ဖက်မှာလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်သားတွေ လုံခြုံရေး ယူထားတဲ့နေရာတွေကို ဗုံးခွဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ အထိ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ လပေါင်း ၂၀ အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် တစ်နိုင်ငံလုံးမှာ ပြည်သူ ၂,၃၂၆ ဦး သေဆုံးခဲ့ပြီး ၁၅,၆၈၆ ဦး ဖမ်းဆီးခံထားရပါတယ်။