ကချင်ပြည်နယ်မှာ တရားမဝင်ရွှေတူးဖော်မှု နှစ်ဆခန့်တိုးလာ

ကချင်ပြည်နယ်မှာ စစ်အာဏာသိမ်း နှစ်နှစ်အတွင်း တရားမဝင် ရွှေတူးဖော်မှု နှစ်ဆနီးပါးများလာပါတယ်။

ကချင်ပြည်နယ်ရှိ ရွှေတူးဖော်ရေးလုပ်ကွက် တစ်ခုကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတွေ့ရစဉ်။ Citizen Journalist

ကချင်ပြည်နယ်မှာ စစ်အာဏာသိမ်း နှစ်နှစ်အတွင်း တရားမဝင် ရွှေတူးဖော်မှု နှစ်ဆနီးပါး များလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို တရားမဝင် ရွှေတူးဖော်မှုတွေအပေါ် ဒေသခံတွေဘက်က ကန့်ကွက်နေကြပေမယ့် ထူးခြားမှုမရှိဘဲ တူးဖော်မှုတွေသာ ပိုများလာနေတယ်လို့လည်းပြောကြပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယန်ကျေးရွာ ဒေသခံတစ်ဦးက သူတို့ ကျေးရွာက ပြည်သူတွေ လုပ်ကိုင် စားသောက်တဲ့ နေရာတွေမှာ ရွှေမတူးဖို့ ကန့်ကွက်နေကြတဲ့ကြားက တူးဖော်မှုတွေ ရှိနေတဲ့အတွက် ရွာပျက်မယ့် အခြေအနေနဲ့ ကြုံတွေ့နေကြရတယ်လို့ RFA ကိုပြောပါတယ်။

“ကျနော်တို့လည်း ပြောပေါင်းများပြီး။ ဘယ်လောက်ပြောပြောမရဘူး။ အကြိမ်ကြိမ် ကန့်ကွက်ပြီးပြီ။ အရင်ကတော့ ရွာနဲ့ နည်းနည်းဝေးတဲ့ နေရာတွေမှာတူးတယ်။ အခုကရွာနားမှာ တူးနေကြတာ။ ချောင်းရေတွေလည်း အခုက ခြေထောက် ဆေးတာတောင် မရတော့ဘူး။ ကျနော်တို့ရွာက ဘေးပတ်ပတ်လည် အကုန်တူးသွားပြီ။ ရွှေတူးဖော်ပြီး လုပ်ကိုင်စားသောက်ဖို့နေရာတွေ ကုန်ရင်တော့ တခြားလုပ်ကိုင် စားသောက်လို့ရတဲ့ နေရာတွေပြောင်းပြီး ရွာပျက်သွားနိုင်တယ်။ နိုင်ငံရေး ကောင်းလာရင်လည်း မျော်လင့်ချက် မရှိတော့သလိုဖြစ်နေတယ်”

သူတို့ရွာနားမှာ ကုမ္ပဏီ ၂၀ ကျော်က စက်ယန္တရား အစီး ၄၀ ကျော်နဲ့ တူးဖော် နေကြတာလို့လည်း ပြောပါတယ်။

ပူတာအိုခရိုင်မှာလည်း ဆွမ်ပရီယာန်၊ အင်းလွယ်ယန်၊ ရှိကိုင်ယန်၊ အလန်ဂါး၊ အင်ခါးဂါး၊ ဖုန်ကျန်း စတဲ့ကျေးရွာ တွေမှာ ကုမ္ပဏီတွေက အလုအယက် တူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ပြဌာန်းထားတဲ့ သတ္တုအသေးစားနဲ့ လက်လုပ်လက်စား လုပ်ငန်းဥပဒေမှာ ရွှေတူးဖော်မှုတွေကို မြစ်ချောင်းတွေကနေ ပေသုံးရာအကွာမှာ တူးရမှာဖြစ်ပြီး တူးဖော်မှုက ထွက်လာတဲ့ စွန့်ပစ်မြေဇာတွေကို မြစ်ထဲကို စွန့်ပစ်ခွင့် မရှိသလို တူးပြီးသား ရွှေတွင်းတွေကိုလည်း မြေပြန်ဖို့ဖို့ စည်းကမ်းတွေသတ်မှတ်ထား ပါတယ်။ အလားတူ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့နဲ့ ဒေသခံတွေရဲ့ လူမှုစီးပွားရေး ထိခိုက်မှုမရှိစေဖို့ အလေးထား ဆောင်ရွက်ရမယ်လို့လည်း ပြဌာန်းထားပါတယ်။

ဒါပေမဲ့ အခု တရားမဝင် စည်းကမ်းမဲ့ တူးဖော်မှုတွေကြောင့် ဒေသခံတွေအပေါ် ထိခိုက်မှု ကြုံနေကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ပူတာအိုမြို့နယ် အင်လွယ်ယန် ကျေးရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ တရားမဝင် ရွှေတူးဖော်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ အရှိန်အဟုန်နဲ့ ပိုများလာတာလို့ ပြောပါတယ်။

“၂၀၂၁ ထက်ကဆိုရင် ဒီနှစ်၂၂ မှာပိုပြီးများလာတယ်။ ပိုပြီးမှ စက်ယန္တရားတွေ များလာတယ်။ အခုက ၂၂ ပိုင်း ကြတော့ ပိုများလာတယ်။ ကျနော်တို့ ပူတာအိုဒေသ အင်လွယ် ယန်ကျေးရွာရဲ့ ဒီအောက်ဘက်မှာဆိုတော်တော် ဆိုးရွာတဲ့ အဆင့်မှာ ရှိတယ်။ အရင်ကဆို ရေငုတ်ဆိုင်းနဲ့ကုန်ဆိုင်း တစ်ပိုင်တစ်နိုင် အဲလိုမျိုးတူးကြတယ် အခု နောက်ပိုင်းက စက်ယန္တယားကြီးနဲ့ လုပ်တဲ့အချိန်ကြတော့ ကျနော်တို့ ပြည်သူလူထုတွေက တအားကို စိုးရိမ်တာပေါ့။ အခု ကျနော်တို့ စိုက်ခင်းနေရာ ဆိုတဲ့နေရာ ရွာရဲ့ ကပ်ကပ်လည်းမှာရောသူတို့က မလုပ်နဲ့ပြောရင်လည်း လုပ်နေတုန်းပဲ”

မချမ်းဘော့မြို့နယ်က ကချင်လူမျိုးတွေရဲ့ သမိုင်းဝင်နေရာဖြစ်တဲ့ တုံမတပ်ဒေသ မှာလည်း ရွှေမတူးဖော်ဖို့ ဒေသခံတွေက ကန့်ကွက်နေကြပေမယ့် ဒီနေ့အထိ စက်ယန္တရား ခြောက်စီးနဲ့ တူးဖော်နေကြဆဲဖြစ်တယ်လို့ သူကပြောပါတယ်။

ပူတာအိုခရိုင် တစ်ခုတည်းမှာ ရွှေးတူးဖော်နေတဲ့ စက်ယန္တရား အစီး ၁၅၀ လောက် ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

"ကျနော်တို့ ပူတာအိုဒေသ အင်လွယ် ယန်ကျေးရွာရဲ့ ဒီအောက်ဘက်မှာဆိုတော်တော် ဆိုးရွာတဲ့ အဆင့်မှာ ရှိတယ်။"

အခုလို ရွှေတူးဖော်မှုတွေအတွက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အဖွဲ့ကို ဆက်ကြေးပေးပြီး လုပ်ကိုင်နေကြတာလို့လည်း ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုရဲ့ သတင်းနဲ့ပြန်ကြားတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ KIO အနေနဲ့ ရွှေတူးဖော်မှုနဲ့ပတ်သက်လို့ မူဝါဒတွေ ချမှတ်ထားပြီး ပြည်သူတွေရဲ့နေရာနဲ့ အရေးကြီးတဲ့ နေရာတွေမှာ တူးဖော်ခွင့် မပြုထားဘူးလို့ ပြောပါတယ်။

“ရွှေးတူးဖော်မယ် လမ်းညွန်ချက်တွေ ကျနော်တို့ ပေါ်လစီ ချမှတ်ထားပြီးသား ဖြစ်ပါတယ်။ ဒါကတော့ တိုင်းအဆင့်ကိုပေါ့ အားလုံးကို စာနဲ့ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဆိုတော့ သူတို့ရဲ့ စီမံချက်အရပေါ့ ဒီညွန်ကြားချက် အရတူးဖော်ခိုင်းတာ နေမှာပေါ့။ ဥပမာ - ပြည်သူလူထုရဲ့ နယ်မြေမဟုတ်တဲ့ နေရာတို့ နောက်ကျနော်တို့ ဒီအရေးကြီးတဲ့နေရာတို့ ကျနော်တို့ သတ်မှတ်ထားတာတွေ အများကြီးရှိတယ်။ အဲဒါတွေ မထိခိုက်တဲ့ နေရာမှာက တူးဖော်လို့ရတယ်ဆိုပြီး လမ်းညွန်ချက်မှာ ပါပြီးသားဖြစ်ပါတယ်။ ကျနော်တို့ တိုင်းအဆင့်ကနေ သူတို့ ကော်မတီ ထိုင်ပြီးမှ စီစစ်ပြီးမှသူခိုင်းတာ လုပ်ခိုင်းတာဖြစ်မှာပါ”

ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေမှာ တူးဖော်မှုတွေနဲ့ ပတ်သက်လို့ RFA က မေးမြန်းရာမှာ ကေအိုင်အိုရဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် ကော်မတီက ခွင့်ပြုနေရာ သတ်မှတ်တဲ့အပိုင်းမှာ အားနည်းချက်ရှိနိုင်သလို ရွှေတူးဖော်တဲ့ လုပ်ငန်းရှင်တွေက တရားဝင်ခွင့်မတောင်းဘဲ တူးဖော်မှုတွေလည်း အများအပြား ရှိနေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူကပြောပါတယ်။

ကချင်ပြည်နယ်အတွင်းရှိ ရွှေတူးဖော်နေသည့်လုပ်ကွက် တစ်ခုကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ကချင်ပြည်နယ်မှာ သတ္တုတူးဖော်ခွင့်နဲ့ပတ်သက်လို့ တရားဝင်ခွင့်ပြုထားတာ မရှိသလို အခုတူးဖော်မှုတွေ ရှိနေခဲ့ရင်လည်း မရားမဝင် တူးဖော်မှုတွေသာ ဖြစ်လိမ့်မယ်လို့ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အောက်တိုဘာလက RFA ကို ပြောဆိုထားပါတယ်။ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတစ်ဝိုက်က တရားမဝင် ရွှေတူးဖော်မှုတွေကို တပ်မတော်က ဖမ်းဆီး အရေးယူတာတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။

ဒါပေမဲ့ တရားမဝင်ရွှေတူးဖော်မှုတွေ အထိန်းအကွပ်မရှိ ကျယ်ပြန့်လာနေတာကြောင့် ရွှေထွက်တဲ့နေရာတွေ ကုန်သွားမယ့် အခြေအနေ ရှိနေတယ်လို့ ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူ တစ်ဦးကပြော ပါတယ်။

“ကြာလာရင်တော့ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ သံယံဇာတကပြောမယ်ဆိုရင်တော့ သဘာဝ ထိန်းသိမ်းတော နယ်မြေဆိုပြီး သတ်မှတ်ထားတဲ့ဟာတွေလည်း အခုက လုပ်လာတဲ့အခါကြတော့ ဒီတိုင်းပဲဆက်ဖြစ်နေမယ် ဆိုရင်တော့ ကျန်နိုင်တဲ့ နေရာက တကယ့် ရွှေမထွက်တဲ့ နေရာတွေပဲကျန်မယ်။ ရွှေထွက်တဲ့နေရာတွေက အကုန်လုံး တူးဖော်သွားမယ့် အနေအထားတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ အခု လုပ်လို့ရတဲ့ လုပ်ငန်းတွေက ဒီဟာတွေပဲ ရှိတာပေါ့နော်။ သူတို့ကချဲ့ချဲ့ပြီး တူးသွားမယ့် အနေအထားရှိတယ်။ အဲဒီအတိုင်းဆိုတော့ ကျနော်တို့ ကချင်ပြည်နယ် သံယံဇာတ ထွက်ရှိတဲ့နေရာတွေက ကုန်သွားမယ့်အနေအထားတွေ ရှိတာပေါ့နော်”

ရွှေတူးဖော်မှုတွေဟာ မချမ်းဘောမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွေက သစ်တောကြိုးဝိုင်းတွေနဲ့ မလွတ်တဲ့ဒေသတွေမှာပါ ရှိနေတာလို့ သူကပြောပါတယ်။

NLD အစိုးရလက်ထက် ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနက ကချင်ပြည်နယ်ထဲက မြို့နယ် ၁၁ ခုမှာ ၂၀၂၀ မေလကုန်အထိ အသေးစား ရွှေလုပ်ကွက် ၂၂၃ ကွက်နဲ့ တစ်ပိုင်တစ်နိုင် ရွှေလုပ်ကွက် ၂၆၂ ကွက်ကို လုပ်ကိုင်ခွင့် ပြုခဲ့ပြီး အဲဒီနောက်ပိုင်း လုပ်ကွက်သစ်တွေခွင့်ပြုတာမရှိပါဘူး။

ခွင့်ပြုမိန့်သက်တမ်းကျန်နေသေးတဲ့ ရွှေတူးဖော်မှုလုပ်ကွက်တွေကိုလည်း အာဏာ မသိမ်းခင်က အစိုးရ၊ လုပ်ငန်းရှင်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သုံးပွင့်ဆိုင် ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေးအဖွဲ့ခွဲ (Sub-National Coordination Unit) က သွားရောက် ကွင်းဆင်း စစ်ဆေးတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဏာသိမ်းပြီး နောက်မှာတော့ အဲဒီလို ကွင်းဆင်းစစ်ဆေးတာတွေ မရှိတော့ဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org