FFM အဖွဲ့ရဲ့ အစီရင်ခံစာအပေါ် သုံးသပ်ချက်များ

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆက်ပြီးဆွေးနွေးဖို့ မနေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့စဉ် Photo: AFP

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆက်ပြီးဆွေးနွေးဖို့ မနေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။

လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့အထိဖြစ်လာတဲ့ FFM အဖွဲ့ရဲ့ အစီရင်ခံစာကြောင့် မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မသီရိမင်းဇင် စုစည်းတင်ပြထားပါတယ်။

--------------

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ဥက္ကဋ္ဌ မာဇူကီ ဒါရုစ်မန်း က ရခိုင်ပြည်နယ်မှာ တပ်မတော် က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆက်ပြီးဆွေးနွေးဖို့ မနေ့က  မဲခွဲဆုံးဖြတ်ရာမှာ  တရုတ်၊ ရုရှားနဲ့ ဘိုလီးဗီးယားတို့က ကန့်ကွက်ခဲ့ပေမဲ့ ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၃ မဲ ရှိခဲ့တာကြောင့် ဆက်ပြီးဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

မနေ့က အဲလိုဆုံးဖြတ်ရာမှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့ လက်ရှိအခြေအနေမှာ ပါဝင်ပတ်သက်နေတဲ့အတွက် မြန်မာသံအမတ်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့လည်း တက်ရောက်ခွင့် ရခဲ့ကြပါတယ်။

မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ အခြေအမြစ်မရှိတဲ့၊ ဘက်လိုက်တဲ့၊ ဖုံးကွယ်ထားတဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ကြောင်း၊ အစီရင်ခံစာအပေါ်မှာလည်း အပြင်းအထန်ကန့်ကွက်ကြောင်း လုံခြုံရေးကောင်စီမှာ မနေ့က ပြောဆိုခဲ့ပါတယ်။

မနေ့က သံအမတ်ကြီးရဲ့ ပြောကြားချက်တွေဟာ မြန်မာအစိုးရရဲ့ သဘောထားတွေပဲဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က RFA ပြောပါတယ်။

"ကျနော်တို့ရဲ့ ရပ်တည်ချက်တွေလည်း အကုန်ရှိထားပြီးသား၊ ရပ်တည်ချက်တွေ မပြောင်းဘူး၊ ကျနော်တို့ အစိုးရ ရပ်တည်ချက်လည်း သတင်းဌာနတွေ အကုန်သိထားပြီးသားပဲ၊ နောက်ပြီး ကျနော်တို့ ရပ်တည်ချက်တွေက ကျနော်တို့ရဲ့ သံအမတ်ကြီး အဲမှာရှိတဲ့ အမြဲတမ်းကိုယ်စားလှယ်ရဲ့ Statement ထဲမှာလည်း အသေးစိတ်ဖော်ပြ ထားတယ်လေ၊ အဲတာတွေက ကျနော်တို့ရဲ့ သဘောထားတွေပါပဲ။"

လက်ရှိအခြေအနေတွေအပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲပြီး မှန်မှန်ကန်ကန် ဖြစ်အောင် ဖြေရှင်းသင့်ကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုအဖွဲ့က ဦးမြအေး က သုံးသပ်ပါတယ်။

"ဒီဖြစ်တဲ့ကိစ္စက နိုင်ငံတကာအလယ်မှာရော ကျနော်တို့ ဒီကမ္ဘာ့ကုလသမဂ္ဂက အချင်းချင်းမှာရော ကျနော်တို့နိုင်ငံ ရဲ့ လှပတဲ့ နိမိတ်ပုံက ပျက်စီးသွားပြီလို့ ကျနော်မြင်တယ်လေ၊ ကျနော်တို့က အဲဒီကိစ္စရပ်တွေမှာ အရာအားလုံးကို ပေပြီး ခံပြီး ငြင်းနေဖို့ဆိုတာထက် အချက်အလက်အမှန်အကန်တွေအပေါ်မှာ စိစစ်သုံးသပ် ပြီးတော့မှ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးရတော့မယ်လို့ ကျနော်မြင်တယ်ဗျ၊ မဟုတ်လို့ရှိရင် နိုင်ငံရဲ့ ဒီမိုကရေစီစနစ်အပြောင်းအလဲမှာ အထိအခိုက်တွေ အပွန်းအပဲ့တွေ အများကြီးရှိသွားနိုင်တယ်၊ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ လူမှုရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေအားလုံးကလည်း အဖက်ဖက်က ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့လာနိုင်စရာအကြောင်းရှိတယ်လို့မြင်ပါတယ်၊ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲပြီးတော့မှ မှန်မှန်ကန်ကန် မျှမျှတတဖြစ်အောင် ဖြေရှင်းသင့်တယ်လို့ မြင်တယ် ဒါပါပဲ။"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကတော့ အစထဲက နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေက ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာမယ်ဆိုတာ ခန့်မှန်းမိပြီး အစိုးရကို အကြံပြုချက်တွေ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပေမဲ့ လက်ခံဆောင်ရွက်တာမရှိလို့ စိတ်မကောင်းဖြစ်မိကြောင်း အခုလို ပြောပါတယ်။

"ကျနော်တို့က လွှတ်တော်တွင်းမှာရော၊ လွှတ်တော်ပြင်ပမှာရော ဒီလိုကိစ္စတွေနဲ့ပတ်သက်လို့ တိုက်တွန်းမှုတွေ ပြည်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်မှုကို လက်မခံပါနဲ့၊ လက်ခံတယ်ဆိုရင် အခုလို လုံခြုံရေးကောင်စီ ဝင်လာတာမျိုးတွေ၊ ICC လိုဟာမျိုးတွေ ပေါ်ပေါက်လာနိုင်စရာအကြောင်းရှိနိုင်တယ်ဆိုပြီးတော့ ကျနော်တို့ ပါတီမှာက နိုင်ငံတကာရေးရာဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေရှိပါတယ်ဗျ၊ သူတို့တွေဟာ ဒီကမ္ဘာ့နိုင်ငံတွေက လုပ်ဆောင်နေတဲ့ လုပ်ဆောင်မှုတွေပေါ်မှာ ကြိုတင်ခန့်မှန်းတွက်ချက်ပြီးတော့ ဒါမျိုးတွေ မဖြစ်ပေါ်အောင် အစောပိုင်းထဲကိုက ကန့်ကွက်မှုတွေ၊ လက်ခံနိုင်စရာအကြောင်းမရှိဘူးဆိုတဲ့ ထုတ်ပြန်မှုတွေ အစိုးရကို အကြိမ်ကြိမ်အခါခါ အကြံပြုတိုက်တွန်းချက်တွေ ကျနော်တို့ပါတီက ထုတ်ပြန်ခဲ့ပါတယ်၊ သို့သော်လည်းပဲ အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းက ကျနော်တို့ ပြောတဲ့ဟာကို ရာနှုန်းပြည့်နီးပါးလောက် ဆောင်ရွက်မှု မရှိခြင်းအပေါ်မှာ စိတ်မကောင်းဖြစ်မိပါတယ်၊ အခုလိုအခြေအနေမျိုးတွေဆိုလို့ရှိရင်လည်းပဲ ကျနော်တို့က မဖြစ်ခင်ထဲက လက်မခံတဲ့သူဆိုတော့ ဖြစ်လာရင် ပိုပြီးတော့ လက်မခံတာပေါ့ဗျာ။"

မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရုစ်မန်း က အဖွဲ့ရဲ့တွေ့ရှိချက်တွေအရ မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအဆင့် ၄ သို့မဟုတ် ၅ မှာရှိနေတယ်လို့ ယူဆထားပြီး အခုထိ ဆက်ရှိနေဆဲပဲလို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။

နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး စာမျက်နှာ ၄၄၄ မျက်နှာပါ အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားကြောင်းလည်း သူက ပြောပါတယ်။

အချုပ်အခြာအာဏာကို ထိပါးမယ့်ကိစ္စမျိုး ကုလသမဂ္ဂအနေနဲ့ လုပ်မယ်လို့ မမျှော်လင့်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က သူ့အမြင်ကို ပြောပါတယ်။

"ကျမတို့တိုင်းပြည်က ကိုယ့်ရဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် အချုပ်အခြာ အာဏာကို ထိပါးရာအတွက်ကိုတော့ ကုလသမဂ္ဂ က လုပ်မယ်လို့ မမျှော်လင့်ဘူး၊ ဒါရဲ့အပေါ်မှာ မြန်မာနိုင်ငံအနေနဲ့ အကျိုးသက်ရောက်မှုကတော့ နိုင်ငံတကာရဲ့ Pressure ဘယ်လိုရှိလာမလဲ၊ နိုင်ငံတကာကရော မြန်မာနိုင်ငံကို ဘယ်လိုဝိုင်းဝန်းကူညီကြရမလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်လို့ထင်တယ်၊ ထိုက်သင့်တဲ့ဖိအားတွေကတော့ အနည်းငယ်တော့ရှိလာမယ်၊ ကျမတို့ပြည်သူတွေ စည်းလုံးဖို့နဲ့ ကြံ့ကြံ့ခံနိုင်ဖို့ပဲလိုတယ်လို့ မြင်ပါတယ်။"

ကုလသမဂ္ဂနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်းလည်း ဒေါ်ခင်စန်းလှိုင် က အခုလို ဆက်ပြောပါတယ်။

" ကျမတို့တိုင်းပြည်က သီးခြားလည်း ရပ်တည်လို့မရပါဘူး၊ ကုလသမဂ္ဂနဲ့ ဆက်ပြီးပူးပေါင်းဆောင်ရွက် သွားမယ်ဆိုပြီး သမ္မတကြီးကိုယ်တိုင်ကလည်း ပြောထားတာရှိနေတဲ့အတွက်ကြောင့် ဆိုလိုတာကတော့ ကျမတို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုတော့ နိုင်ငံတကာက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ ကျမတို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီကလည်း ဖွံ့ဖြိုးရှင်သန်မှာဖြစ်တယ်လို့ ကျမကတော့ ဒီလိုနားလည်တယ်။"

အောက်တိုဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာပြဿနာကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ချက်ချင်းတင်ဖို့နဲ့ မြန်မာ့တပ်မတော်ကို အဆက်အဆံမလုပ်ကြဖို့ ဖိအားပေး တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရဟာ ဒီမိုကရေစီထူထောင်ရေးမှာ အမှန်တကယ် စိတ်ပါဝင်စားမှုမရှိဘူးလို့ မစ္စယန်ဟီးလီ  က ပြောပါတယ်။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားက ဗီတိုအာဏာသုံးပြီး မြန်မာဘက်က ကာကွယ်နိုင်တာကြောင့် ထိရောက်တဲ့အရေးယူပိတ်ဆို့မှုတွေ ဖြစ်နိုင်ချေနည်းကြောင်း သုံးသပ်သူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ သက်ရောက်မှုအနေနဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဘက်မှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်ရှင်။  ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org