နှစ်ပတ်အတွင်း ပို့ကုန်လုပ်ငန်း ၃၀၀ ကျော် လုပ်ငန်းပိတ်သိမ်းခံရ

ဧပြီ ၂၇ ရက်ကနေ မေလ ၉ ရက်နေ့အထိ နှစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ ဗဟိုဘဏ်၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ပို့ကုန်လုပ်ငန်းကုမ္ပဏီ ၃၃၅ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင် ရုပ်သိမ်းလိုက် ပါတယ်။

ရန်ကုန်မြို့ ကြည့်မြင်တိုင် ကမ်းနားလမ်းက ဆိပ်ကမ်းတစ်ခုမှာ ကုန်သေတ္တာတွေကို ၂၀၂၁ အောက်တိုဘာလက တွေ့ရစဥ်

ဧပြီ ၂၇ ရက်ကနေ မေလ ၉ ရက်နေ့အထိ နှစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ ဗဟိုဘဏ်၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ပို့ကုန်လုပ်ငန်းကုမ္ပဏီ ၃၃၅ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင် ရုပ်သိမ်းလိုက်ပါတယ်။

ဧပြီလ ၂၇ ရက်နေ့မှာ ကုမ္ပဏီ ၁၇၇ ခုနဲ့ မေလ ၉ ရက်နေ့မှာ နောက်ထပ် ကုမ္ပဏီ ၁၅၈ ခု၊ စုစုပေါင်း ၃၃၅ ခု ရုပ်သိမ်းခံရတာ ဖြစ်ပါတယ်။

ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ဒေါ်လာအမိန့်ကြောင့် ပို့ကုန်လုပ်ငန်းရှင်အားလုံးနီးပါး အခက်အခဲဖြစ်နေပြီး အခုဆိုရင် အလုပ်ဆက်လုပ်နိုင်တဲ့ လုပ်ငန်းရှင်က ၁၀ ရာခိုင်နှုန်း တောင် မကျန်တော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်တွင်းပုဂ္ဂလိက ဘဏ်အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

“ပို့ကုန်ရငွေကို ပြန်ပြီးတော့သွင်းတဲ့သူက အရမ်းကိုရှားတယ်။ ရာခိုင်နှုန်းနဲ့ဆိုရင် အရင်တုန်းက လူတစ်ရာမှာ ၁၀ ယောက်တောင် မရှိတော့ဘူး။ ၁၀ ရာခိုင်နှုန်းတောင် မရှိတော့ဘူး။ ဒေါ်လာရဲ့တန်ဖိုး၊ ရှိတဲ့တန်ဖိုးကို မရတော့ဘူးဆိုရင် သူတို့ကလည်း စင်ကာပူအကောင့်ထဲပဲ လွှဲမှာတော့ နိုင်ငံခြားအကောင့်တွေထဲပဲ။ အဲတော့ ဒါကိုသိရင် ဒီကောင်တွေကလည်း ဖမ်းတယ်။ ပိတ်သိမ်းတာတွေ ဖြစ်လာတာပဲလေ။ ဒါက ပို့ကုန်ပေါ့။ သွင်း တာကျတော့ သွင်းဖို့အတွက်ကို ဒေါ်လာမှာ အခက်အခဲ အရမ်းဖြစ် နေတယ်ဆိုရင် ဘယ်လိုမှ ပစ္စည်းသွင်းလို့ မရဘူး။ ပစ္စည်းသွင်းလို့မရရင် ကုန်စျေးနှုန်း တွေ တက်မယ်။ အလုပ်အကိုင်တွေ ရှားပါးလာမယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပိတ်သိမ်းခံရတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ထုတ်ပြန်ထားတာတွေကို မလိုက်နာတဲ့အပြင် သတိပေးအကြောင်းကြားချက်တွေကိုပါ မတုံ့ပြန်တာကြောင့် အခုလို လုပ်ငန်း ရုပ်သိမ်းရတာလို့ ပြောပါတယ်။

“ပို့ကုန်ရငွေတွေသည် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ စည်းမျဉ်းတွေရှိပြီးဖြစ်တယ်။ ဒီစည်းမျဉ်းတွေကို မလိုက်နာတဲ့ အတွက် ပထမအဆင့်အနေနဲ့ အသိပေးမှုတွေ၊ သတိပေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ရှင်းလင်းဖို့ ဆောင်ရွက်ခဲ့ ပါတယ်။ သို့သော် ပြန်လည်မဆက်သွယ်လာတဲ့ ကုမ္ပဏီက တော်တော်များများဖြစ်တယ်။ အဲဒီစည်းကမ်း တွေနဲ့ ပတ်သက်ပြီး မလိုက်နာလို့ ရုပ်သိမ်းခြင်းဖြစ်ပါတယ်။ ဖျက်သိမ်းခဲ့တဲ့အထဲ မှာလည်း တော်တော်များများသည် အရင်ကတည်းကအတိုင်း မရှိတဲ့ကုမ္ပဏီတွေ ဖြစ်ပါတယ်”

ဧပြီ ၂၇ ရက်နေ့က လုပ်ကိုင်ခွင့် ပိတ်သိမ်းခံရတဲ့ ပို့ကုန်ကုမ္ပဏီ ၁၇၇ ခုမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ ၁၂ ခု၊ ၂၀၁၇ မှာ ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ ၇၂ ခုနဲ့ ၂၀၁၈ မှာ ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ ၉၃ ခု၊ စုစုပေါင်း ၁၇၇ ခု ပါဝင်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ဧပြီ ၂၇ ရက် ထုတ်ပြန်ချက်မှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းနဲ့ ဗဟိုဘဏ်ရဲ့ အမိန့်ကြေညာချက် (၄၆/၂၀၂၁) တို့အရ ပို့ကုန်တင်ပို့သူဟာ ပို့ကုန်ကရရှိတဲ့ နိုင်ငံခြား သုံးငွေကို တင်ပို့ချိန်ကနေ သုံးလအတွင်း ဒီနိုင်ငံထဲမှာရှိတဲ့ ဘဏ်ငွေစာရင်းထဲကို မပျက်မကွက် ထည့်သွင်းရမယ်လို့ ဖော်ပြထားပါတယ်။

ဗဟိုဘဏ်ရဲ့ မေလ ၉ ရက် ထုတ်ပြန်ချက်မှာလည်း နောက်ထပ် ပိတ်သိမ်းခံရတဲ့ ကုမ္ပဏီ ၁၅၈ ခုဟာ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တွေမှာ လုပ်ကိုင်ခွင့်ရခဲ့သူတွေဖြစ်ပြီး လုပ်ငန်းကရတဲ့ နိုင်ငံခြားငွေ ဒေါ်လာကို ခြောက်လအတွင်း သက်ဆိုင်ရာဘဏ့်အကောင့် တွေထဲ ပြန်သွင်းဖို့ အကြိမ်ကြိမ်ညှိနှိုင်း၊ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မလိုက်နာခဲ့ ဘူးလို့ ပြောထားပါတယ်။

ဒါ့ကြောင့် လုပ်ငန်းပိတ်သိမ်းရုံမက ကုမ္ပဏီဒါရိုက်တာတွေကို အမည်ပျက်စာရင်းထ ည့်သွင်းပြီး ဆက်လက်အရေးယူဖို့ စီစဥ်နေတယ်လို့ ဖော်ပြထားပါတယ်။

"အခု ၁၈၅၀ သတ်မှတ်တယ်၊ စျေးကွက်ထဲကလူတွေ ပါမလာဘူး။ ပို့ကုန်သမားတွေလည်း ဒုက္ခရောက်တယ်"

ပို့ကုန်လုပ်ငန်းရှင်တွေအပါအဝင် နိုင်ငံခြားငွေနဲ့ အလုပ်လုပ်ရတဲ့သူတွေအတွက် အခက်အခဲဆုံးကတော့ အခုနှစ် ဧပြီလ ၄ ရက်နေ့မှာ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားငွေနဲ့ ရတဲ့ဝင်ငွေတွေကို တစ်ရက်အတွင်း လိုင်စင်ရဘဏ်တွေမှာ စျေးကွက် ပေါက်စျေးထက် လျော့နည်းတဲ့ သတ်မှတ်စျေး တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ မဖြစ်မနေ ပြန်ရောင်းရမယ်ဆိုတဲ့ အမိန့်ပဲ ဖြစ်ပါတယ်။

ဘဏ်ထဲကို ပြန်ထည့်ရမယ့် ဒေါ်လာစျေးနှုန်းဟာ စျေးကွက်ပေါက်စျေးထက် လျော့နည်းနေတာကြောင့် အလုပ်ဆက်လုပ်လို့ မရတော့ဘူးလို့ စီးပွားရေးလုပ်ငန်းရှင် ဦးနေလင်းဇင်က ပြောပါတယ်။

“အရင်တုန်းကဒေါ်လာစျေး ၁၇၇၈ သတ်မှတ်တယ်။ ဒါပေမဲ့ ပြဿနာက စျေးကွက် ပေါက်စျေးမဟုတ်ရင် အလုပ် လုပ်လို့မရဘူး။ အလုပ် လုပ်လို့မရရင်၊ စျေးကွက်ထဲ ကလူတွေ မပါလာရင် ကုန်သွယ်မှုက မအောင်မြင်ဘူး ။ အခု ၁၈၅၀ သတ်မှတ်တယ်၊ စျေးကွက်ထဲကလူတွေ ပါမလာဘူး။ ပို့ကုန်သမားတွေလည်း ဒုက္ခရောက်တယ်။ သတ်မှတ်တာက သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ စျေးကွက်ထဲမှာရှိတဲ့ ရောင်းသူရော၊ ဝယ်သူရော၊ တင်ပို့သူရော၊ တင်သွင်းသူရော အကုန်လုံးလက်ခံနိုင်တဲ့ နှုန်းနဲ့ အခြေခံတဲ့စနစ်ပေါ့။ ဒီငွေကြေးစနစ်ကို အကောင်အထည်ဖော်တဲ့အခါမှာလည်း အာဏာပိုင်အဖွဲ့အစည်း တစ်ခုတည်းနဲ့မဟုတ်ဘဲ ဒီအထဲမှာ ပါဝင်ပတ်သက် နေတဲ့သူတွေ အကုန်လုံးက ဒီဟာကိုလက်ခံမှ တန်ဖိုးတွေ၊ သတ်မှတ်ချက်တွေကို စျေးကွက်ကလက်ခံမှ စျေးကွက် တကယ်အလုပ်ဖြစ်တာပေါ့”

၂၀၂၂ ဧပြီလ ၄ ရက် ဗဟိုဘဏ်ရဲ့ ဒေါ်လာကန့်သတ်ချက်အမိန့်မထုတ်ခင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ ကတည်းက ပို့ကုန်လုပ်ငန်းရှင်တွေဟာ ပို့ကုန်ရငွေ တစ်နည်း အားဖြင့် အမေရိကန်ဒေါ်လာကို လက်ထဲမှာ ကိုင်မထားဘဲ တစ်လအတွင်း မိမိရဲ့ ဘဏ် အကောင့် ဒါမှမဟုတ် ကုမ္ပဏီအကောင့်ထံ လွှဲပြောင်းရောင်းချနိုင်သလို နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်ခွင့် (AD) လိုင်စင်ရလုပ်ငန်းတွေနဲ့ AD လိုင်စင်ရဘဏ်တွေကို ရောင်းရမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်တွေမြို့မှာ ပုဂ္ဂလိကဘဏ်တွေကို ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဥ် (Photo: RFA)

နိုဝင်ဘာလ ၂ ရက်နေ့မှာလည်း ပြည်ပပို့ကုန်ကနေရတဲ့ငွေ ပြန်သွင်းဖို့ ကျန်နေတဲ့ ကုမ္ပဏီတွေ ပို့ကုန်ရငွေကို တစ်လအတွင်း ပြန်မသွင်းရင် အရေးယူမယ်လို့ ထပ်မံ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ကန့်သတ်ပိတ်ပင် အရေးယူတာတွေကြောင့် နိုင်ငံရဲ့ စီးပွားရေး ပိုဆိုးသွား နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

“အဲ့ကြေညာထားတာက မလိုက်နာနိုင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာက ပုံသေနှုန်းကြီးဖြစ်နေတယ်။ အကုန်လုံးက စျေးကွက်ရဲ့ပေါက်စျေးအပေါ်မှာ မူတည်ပြီးတော့ လဲလှယ်ရောင်းဝယ်ရမယ်။ အခုဟာက ပုံသေသတ်မှတ်ထားတဲ့ အခါကျတော့ လုပ်ငန်းရှင်တွေဘက်ကကြည့်ရင် မကိုက်ဘူး။ ဒါကြောင့်မို့လို့ မလုပ်နိုင်ကြဘူး။ ဒါကြောင့်လည်း သူတို့အရေးယူတယ်နဲ့ တူပါတယ်။ ရှင်းရှင်း ပြောရရင် ဒေါ်လာ သိပ်လိုနေလို့ ဒေါ်လာမရရအောင်လုပ်တာ။ အဲလိုလုပ်လို့မှမရဘဲ။ တကယ်စီးပွားရေးအခြေအနေကောင်းရင် သူ့ဟာနဲ့သူအစိုးရမှာလည်း ဝင်ငွေရှိလာမှာပဲ။ စီးပွားရေးလုပ်ငန်းတွေ၊ စီးပွားရေးကိစ္စတွေဆိုတာ အမိန့် အာဏာ သုံးပြီးတော့ လုပ်လို့ရတာ မျိုးမဟုတ်ဘူး။ ဒီအတိုင်းဆိုလို့ရှိရင် တိုင်းပြည်စီးပွားရေးက ပိုဆိုးသွား ဖို့ပဲရှိတယ်”

ဒီအရေးယူမှုကြောင့် နောက်ထပ် ပို့ကုန်လုပ်ငန်းရှင်တွေ အခက်အခဲရှိလာမှာဖြစ်သလို ပို့ကုန်မရှိရင် သွင်းကုန် လည်း ရှိမှာမဟုတ်ဘူးလို့ အဲဒီစီးပွားရေးပညာရှင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကထွက်ကုန် ဆန်၊ စပါး၊ ပဲနဲ့ ရေထွက်ပစ္စည်းတွေဟာ အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံ တွေသာမက ဥရောပနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို တင်ပို့ နေတာကြောင့် အမေရိကန်ဒေါ်လာနဲ့ တင်ပို့/တင်သွင်းလုပ်ရတဲ့ လုပ်ငန်းတွေအတွက် အခက်အခဲတွေရှိနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဗဟိုဘဏ်ကတော့ ၂၀၁၉ ခုနှစ်အတွင်း ပြည်ပပို့ကုန်ကနေ ရငွေပြန်သွင်းဖို့ ကျန်ရှိတဲ့ ကုမ္ပဏီစုစုပေါင်း ၆၆၃ ခု ရှိပြီး ပြန်သွင်းရမယ့်ငွေ အမေရိကန်ဒေါ်လာ ၅၇၆ သန်းကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲက ကုမ္ပဏီ ၃၃၅ ခုကို နှစ်ပတ်အတွင်း လုပ်ကိုင်ခွင့် ရုပ်သိမ်းလိုက်တာပါ။

ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီတွေအားလုံးအနေနဲ့ ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ ကာလအတွင်း ပို့ကုန်ရငွေ ပြန်မသွင်းရင် လုပ်ငန်းလုပ်ပိုင်ခွင့်လက်မှတ် ပိတ်သိမ်းတဲ့အထိ အရေးယူသွား မယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနကလည်း အကြိမ်ကြိမ် ကြေညာထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org