NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ဥရောပသမဂ္ဂလွှတ်တော် တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အရေးပေါ်ကြေညာချက်ကို ချက်ချင်းပြန်ရုတ်သိမ်းပြီး အရပ်သားအစိုးရ လွှတ်တော်ပြန်ခေါ်ရေး ဖိအားပေးဖို့ကိုလည်း မြန်မာ့အရေးဆုံးဖြတ်ချက်ထဲမှာ ထည့်ထားပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ရက်နေ့က ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ဥရောပသမဂ္ဂလွှတ်တော် အစည်းအဝေး။ Photo: AFP

မြန်မာစစ်ခေါင်းဆောင်တွေကို နောက်ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ ဥရောပသမဂ္ဂ လွှတ်တော်က တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့ အီးယူပါလီမန်က အတည်ပြုလိုက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ထဲမှာ ... အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာ့အရေး နည်းလမ်းရှာ ဖြေရှင်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့လည်း အီးယူပါလီမန် လွှတ်တော်ဒုဥက္ကဋ္ဌ ဟိုက်ဒီဟက်တောလာက တိုက်တွန်းသွားပါတယ်။

"မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်းမှာ အာဆီယံရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဒါပေမဲ့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေဟာ လုံးဝကို အလုပ်မဖြစ်ပါဘူး။ ဒါကြောင့် ဖြေရှင်းရေးနည်းလမ်းသစ်ရှာဖို့ အီးယူ ဥရောပသမဂ္ဂကနေ အာဆီယံကို တိုက်တွန်းပေးဖို့ ကျမ တောင်းဆိုပါတယ်။ ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရကိုလည် းတရားဝင်အစိုးရအဖြစ် သတ်မှတ်ဖို့ တောင်းဆိုချင်ပါတယ်။
ကျမတို့ အီးယူကနေ ချမှတ်ထားတဲ့ ဆန်ရှင်တွေကိုလည်း ပြန်ကြည့်ဖို့ပြောချင်ပါတယ်။ အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေနဲ့ပေါင်းပြီး ထပ်တိုးပြင်းထန်တဲ့ဆန်ရှင်တွေ ချဖို့လိုပါမယ်။ ဒီလိုမှမဟုတ်ရင် ကျမတို့ကြိုးစားသမျှ အရာထင်မှာ မဟုတ်ပါဘူး"

ဥရောပ သမဂ္ဂရဲ့ ဒီတစ်ခေါက် ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေတွေကို အဓိကထား ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့လက စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ ပြစ်ဒဏ်စီရင်ခံလိုက်ရတဲ့ သတင်းထောက် မထက်ထက်ခိုင်၊ မငြိမ်းငြိမ်းအေးအပါအဝင် နိုင်ငံရေး သတင်းဆောင်းပါးရှင် ဦးစည်သူအောင်မြင့်တို့ရဲ့ အမှုတွေကို ထောက်ပြပြောဆိုခဲ့တာပါ။

သတင်းမီဒီယာသမားတွေကို မတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေကို ရပ်တန့်ဖို့နဲ့ ဖမ်းဆီးခံ သတင်းသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့လည်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် သေဆုံးနေရတာကို လက်မခံဘူးလို့ ဂျာမနီက အီးယူအမတ် လူးကတ်ခါစတန်ကလည်း ပြောခဲ့ပါတယ်။

"အာဏာရှိသူတွေမကြိုက်တဲ့ သတင်းဆောင်းပါးတွေကို ရေးရုံနဲ့ သတင်းထောက်တွေ ထောင်ချခံလိုက်ရတာမျိုးက လုံးဝကို လက်ခံလို့မရပါဘူး။ အခုပါလီမန်ရဲ့ ဆုံးဖြတ်ချက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထောက်ခံပြောဆိုရပါမယ်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားဖမ်းဆီးခံထားရသူတွေ၊ ဖမ်းဆီးခံ သတင်းသမားတွေ အားလုံးကို ချက်ချင်းအမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ပေါင်းပြီး စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ပေးပါ။ အမှောင်ထုထဲမှာ ဒီမိုကရေစီစနစ် သေဆုံးနေရတာမျိုးကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ လက်ခံလို့လည်း မရပါဘူး။"

မြန်မာစစ်တပ်ကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနည်းအရ ကျောထောက်နောက်ခံပေးနေတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်းလည်း ဥရောပသမဂ္ဂ လွှတ်တော်(အီးယူပါလီမန်)က ပြောဆိုလိုက်ပါတယ်။ အီတလီနိုင်ငံက အီးယူအမတ် ကတ်စတာဒိုကလည်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချခွင့်ပိတ်ပင်ဖို့ ပြောခဲ့ပါတယ်။

"တပ်မတော်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချသလိုပဲ သူတို့နဲ့ ရပ်တည်တဲ့ နိုင်ငံတွေကိုလည်း ရှုတ်ချရပါမယ်။ ကျွန်တော်တို့သူတို့ရဲ့ ငွေရပေါက်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ၊ အရင်က ပေးထားတဲ့အခွင့်အရေးတွေကို ရပ်ထားသင့်ပါတယ်။ မြန်မာစစ်တပ်ကို ချက်ချင်း လက်နက်ရောင်းချခွင့် ပိတ်ပင်ဖို့လည်း ကျွန်တော်တို့ တောင်းဆိုပါတယ်။ မြန်မာပြည်သူတွေက စစ်တပ်ရဲ့ နှိပ်စက်မှုတွေခံနေရလို့ ကျယ်ကျယ်လောင်လောင် မပြောနိုင်ပါဘူး။ တိတ်ဆိတ်နေကြရပါတယ်။ ကျွန်တော်တို့က မြန်မာပြည်သူတွေအတွက် ပြောပေးဆိုပေးရမယ့်သူတွေ ဖြစ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် လွတ်လပ်မှုရှိတော့မှာ မဟုတ်ပါဘူး"

မြန်မာ့အရေး အီးယူပါလီမန် ဆုံးဖြတ်ချက်ကို ပါလီမန်အမတ်တွေက လက်ထောင်ပြီး ဆန္ဒမဲပေးခဲ့ကြတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အရေးပေါ်ကြေညာချက်ကို ချက်ချင်းပြန်ရုတ်သိမ်းပြီး အရပ်သားအစိုးရ လွှတ်တော်ပြန်ခေါ်ရေး ဖိအားပေးဖို့ကိုလည်း မြန်မာ့အရေး ဆုံးဖြတ်ချက်ထဲမှာ ထည့်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org