လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ မျှော်လင့်
အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချခံရသူတွေရဲ့ မိသားစုဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ နိုင်ကျဉ်းတွေလွတ်မြောက်ဖို့ မျှော်လင့်နေပါတယ်။
-
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2024-01-03 -
-
-
အာဏာသိမ်းစစ်ကောင်စီဟာ ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၂ နာရီအချိန်အထိ အကျဉ်းသားတွေကို လွှတ်မယ်ဆိုတဲ့ သတင်းထုတ်ပြန်တာမရှိသေးပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချခံထားရသူတွေရဲ့ မိသားစုဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ နိုင်ကျဉ်းတွေ လွတ်မြောက်လာဖို့ မျှော်လင့်နေပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ချေရှိတယ်ဆိုတဲ့ သတင်းတွေကြားနေရတယ်လို့ ပြောပါတယ်။
“စုံစမ်းနေဆဲပဲဖြစ်တယ်။ တကယ်လို့ လွတ်မယ်ဆိုရင်တောင် ည ၁၂ နာရီနီးပါးလောက်မှာ အကျဉ်းဦးစီးဌာနကနေမှ အကျဉ်းထောင်တွေကို Fax ပို့တယ်။ Email ကနေမှ ဘယ်သူတွေကို လွှတ်ရမယ် ဆိုတာမျိုးပို့တယ်။ ဒီနှစ်ကလည်း အရမ်းဟော့နေတယ်။ ဝန်ထမ်းတွေဆီကကြားတာလည်း လွန်ခဲ့တဲ့ တစ်ပတ်လောက်ကနေပြီးတော့ လွတ်လပ်ရေးနေ့မှာ နိုင်ကျဉ်းတွေလွတ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းတွက်ချက်မှုတွေ ရှိတယ်။ ဖြစ်နိုင်ခြေရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ၆၀ လောက်ရှိတယ်။ သို့သော်လည်း စစ်ကောင်စီက အမြဲတမ်းလှည့်ကွက်တွေသုံးတတ်တယ်။”
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူဟာ ဇန်နဝါရီ ၃ ရက်နေ့အထိ (၂၅၇၃၀) ဦးရှိပြီး အဲ့ဒီအထဲမှာ ထိန်းသိမ်းခံထားရသူ (၁၉၉၃၀) ဦး နဲ့ ထောင်ချခံရပြီးသူ (၈၄၅၇) ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လက ဖမ်းဆီးခံထားရတဲ့ ဦးအောင်ဖေလည်း ပါဝင်ပါတယ်။ ဦးအောင်ဖေဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ပါ။ ကိုမင်းလွင်ဦးကို နေအိမ်မှာ ဝင်ရောက်ရှာဖွေဖမ်းဆီးဖို့ ကြိုးစားတဲ့ စစ်တပ်နဲ့ ရဲတွေဟာ သားဖြစ်သူကို မတွေ့လို့ ဖခင်ဖြစ်တဲ့ ဦးအောင်ဖေကို ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ ထောင်နှစ်နှစ်ချထားတာဖြစ်ပါတယ်။
ကျန်းမာရေးမကောင်းတဲ့ ဖခင်ကို လွတ်မြောက်စေချင်တယ်လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
“သူတို့က နိုင်ငံရေးအရ အမြတ်ထုတ်စေချင်တဲ့ ပုံစံမျိုးနဲ့လွှတ်တာပဲရှိတယ်။ လွတ်ရင်တော့ကောင်းတာပေါ့။ အပြင်မှာက လုပ်စရာတွေအများကြီးရှိတယ်။ ဘာမှအပြစ်မရှိတဲ့လူတွေကို ဖမ်းထားပြီးတော့ သူတို့လွှတ်လိုက်တယ်ဆိုတာလည်း အခြေအမြစ်မရှိဘူး။ တမင်သပ်သပ်သူတို့လုပ်ကွက်တွေပဲ။ အာဏာရှင်တွေရဲ့လုပ်ကွက်တွေပဲ ကျွန်တော့်အဖေက အသက်ကြီးပြီ။ လူကြီးပိုင်းဖြစ်နေပြီ။ ကျန်းမာရေးကလည်း အပြင်မှာထဲက ကောင်းတာမဟုတ်ဘူး။ အထဲမှာနေတာနဲ့ အပြင်မှာနေတာက ဘယ်လိုပဲဖြစ်ဖြစ်ကွာတယ်လေ။ လွတ်တော့လွတ်စေချင်တာပေါ့ဗျာ။”
လွတ်လပ်ရေးနေ့မှာ အကျဉ်းသားတွေပြန်လွတ်လာနိုင်ခြေရှိပေမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာနိုင်ဖို့တော့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သုံးသပ်ပါတယ်။
“မနက်ကျတော့မှပဲ ဟိုသတင်း၊ ဒီသတင်း သူတို့ချုပ်ကိုင်ထားတဲ့သတင်းထဲမှာ ကောက်ပြီးကြေညာလိုက်တာတို့ ဒီလိုမျိုးတော့ ရှိတာပေါ့။ အဓိကတော့ သူတို့ဖမ်းဆီးထားတဲ့အတွက်ကြောင့်မို့ လွှတ်ပေးရမှာတော့ သူတို့တာဝန်ပဲ ဖြစ်တယ်။ သူတို့က ခြေကုန်လက်ပန်းလည်းကျနေတယ်။ နိုင်ကျဉ်းတွေကတော့ ပြန်ပေးဆွဲထားတဲ့ ဓားစာခံတွေ။ ဒေါ်အောင်ဆန်းစုကြည်က အသက်အရွယ်အားဖြင့်လည်း တော်တော်လေးရလာပြီ။ ပြီးတော့ အမျိုးသမီးတစ်ယောက်လည်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဃာတကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင်ကိုတော့ သူတို့လွှတ်ပေးဦးမှာ မဟုတ်သေးဘူး။”
စစ်ရေးအရ အကျပ်အတည်းဆိုက်နေတဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို မတရားချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့တာတွေလုပ်နိုင်ပေမဲ့ ဒီလောက်နဲ့ ကျေနပ်နိုင်စရာမရှိဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“စစ်ရေးအရ အကျပ်အတည်းမျိုးစုံဆိုက်နေတဲ့ စစ်ကောင်စီအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်ဟောင်းတွေကို လွှတ်ပေးတာတို့၊ နေရာပြောင်းပေးတာတို့ စသည်အားဖြင့် သူ့ဘက်က ပျော့ပြောင်းမှုကို ဖော်ပြတဲ့ လှုပ်ရှားမှုတွေတော့ ရှိကောင်းရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ကာလမှာ ကျွန်တော်တို့ ပြည်သူတွေက အဲ့ဒီလောက် လူတစ်ယောက်နှစ်ယောက်၊ လူပုဂ္ဂိုလ်တစ်ယောက်နှစ်ယောက်လောက် လွတ်တာကို စိတ်မဝင်စားနိုင်တဲ့ အခြေအနေအချိန်အခါဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတယ်ဆိုရင်လည်း သဘောရိုးနဲ့ မဖြစ်နိုင်ပါဘူး။”
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့၊ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့၊ ဩဂုတ်လ ၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့နဲ့ ကဆုန်လပြည့်နေ့ မေလ ၃ ရက်တွေမှာ စစ်ကောင်စီက အကျဉ်းသားတွေကို အလုံးအရင်းနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီလွတ်ငြိမ်းသက်သာခွင့် လေးကြိမ်မှာ လွတ်လာသူ နှစ်သောင်းကျော် (၂၀၀၂၇ ဦး) ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား နှစ်ထောင့်လေးရာကျော်သာ (၂၄၅၅ ဦး) ပါဝင်ခဲ့ပါတယ်။