RCSS ကမ်းလှမ်းချက်အပေါ် EAO အဖွဲ့တွေ သတိနဲ့ စောင့်ကြည့်နေ

စစ်ရေးပြဿနာတွေက လူမှုစီးပွားဘဝကို ထိခိုက်နေတာကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က အခုလ ၁၀ ရက် နေ့မှာ ထုတ်ပြန်ကမ်းလှမ်းလိုက်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံရန် နေပြည်တော်သို့ ထွက်ခွာသွားသည့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ် Photo: Thai PBS

မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံရေး၊ စစ်ရေး ပြဿနာတွေဖြစ်နေပြီး ပြည်တွင်းပြည်ပမှာ စစ်ဘေးဒုက္ခသည်တွေ အများအပြား ရှိလာတာ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စားဝတ်နေရေးနဲ့ ခရီးသွားလာခွင့် စတဲ့ကိစ္စတွေမှာ အခက်အခဲရှိလာတာကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေး လိုကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က အခုလ ၁၀ ရက်နေ့က ထုတ်ပြန် ကမ်းလှမ်းပါတယ်။

လက်တွေ့ တွေ့ဆုံဆွေးနွေးဖို့ကိုတော့ ၂၀၂၂ အောက်တိုဘာ ၁၀ ရက်ကနေ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်ပြီ ဖြစ်ပြီး လက်ရှိ စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်း ကုန်ဆုံးမယ့်အချိန်လည်း ဖြစ်ပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ရှမ်းပြည်နယ် အတွင်းက စစ်ရေးပြဿနာတွေအတွက် ဒေသအတွင်းက အခြား တိုင်းရင်းသား အဖွဲ့တွေနဲ့ အရင်တွေ့ ဆုံမှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် ကိုလည်း ရှမ်းပြည်နယ် ပြင်ပက တခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးရေး ဆောင်ရွက်သွားမယ်လို့ RFA ကို ပြောပါတယ်။

“ရှမ်းပြည်နယ်တစ်ခုလုံးမှာ ဖြစ်ပျက်နေတဲ့ စစ်ရးပဋိပက္ခတွေ ပြည်သူလူထုရဲ့ ဆင်းရဲမွဲတေဒုက္ခ ရောက်နေရတဲ့ စစ်ဘေးစစ်ဒဏ်ကိစ္စတွေကြောင့် ရှမ်းပြည်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသား အားလုံးရယ်၊ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးရယ် တွေ့ဆုံဆွေးနွေးဖို့ မရှိမဖြစ် လိုအပ်တဲ့ ပြဿနာတစ်ခုပဲလို့ အဲလိုပဲ မြင်တာပေါ့နော့်။ ပထမတစ်ဆင့်တော့ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ပြဿနာ အာလုံးက အဓိကပေါ့လေ နောက်ဒုတိယအဆင့်မှပဲ ပြည်ထောင်စု အဆင့်လောက်ထိတော့ မှန်းထားတာပေါ့နော့်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်ဆင့်ခြင်း တစ်ဆင့်ခြင်းတော့ ရည်ရွယ်တာတော့ ရှိတာပေါ့နော့်”

ရှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် လွယ်တိုင်းလျန်းအခြေစိုက် RCSS အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမြို့နယ်တွေမှာ ၂၀၁၅ ကနေ ၂၀၂၂ နှစ်ဆန်းပိုင်းအထိ ရှမ်းပြည်တိုးတက်‌ရေး ပါတီ SSPP၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ရော စစ်ကောင်စီ တပ်နဲ့ပါ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ TNLAနဲ့ RCSS တပ်ဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လူထုထိခိုက်မှု များခဲ့တာကြောင့် နှစ်ဖက်တပ်ဖွဲ့ ခေါင်းဆောင်အချို့ တရုတ်နယ်စပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမယ့် ကောင်းမွန်တဲ့ရလဒ် မရခဲ့ဘူးလို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောပါတယ်။

လက်ရှိမှာ နှစ်ဖက်အကြား တိုက်ပွဲတွေ မရှိတော့ပေမယ့် ရှမ်းပြည်တောင်ပိုင်းက တအာင်းတိုင်းရင်းသားတွေရဲ့ ကိစ္စအတွက်တော့ RCSS နဲ့ ဆွေးနွေးလိုတယ်လို့ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

“သူတို့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒီလို တွေ့ဆုံဆွေးနွေးလိုမှုကတော့ ကောင်းပါတယ်။ တွေ့ဆုံဖိုဆိုရင် တိုက်ပွဲက ကျနော်တို့နဲ့ RC က ဖြစ်ပွားတာ မရှိတဲ့အတွက် ဒီတိုက်ပွဲ ရပ်ဖို့အတွက်က တွေ့ဆုံဆွေးနွေးဖို့တော့ မရှိဘူးပေါ့နော့်။ အခုလောလောဆယ် တိုက်ပွဲလည်း မဖြစ်တော့ဘူးဆိုတော့ တကယ်လို့ တွေ့ဖို့ လိုအပ်တယ် ဆိုရင်လည်း ကျနော်တို့ဘက်က အသင့်ရှိတယ်။ အထူးသဖြင့်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်းတွေက တအာင်းလူမျိုးတွေရှိတဲ့ နေရာမှာ တပ်သားသစ် စုဆောင်းတာတို့ လူ့အခွင့်အရေး ချိုးဖောက်တာတို့ အဲလိုမျိုး အဖိနှိပ်ခံနေရတဲ့ ကိစ္စတွေတော့ ကျနော်တို့ သူတို့နဲ့ ဆွေးနွေးချင်တာပေါ့”

RCSS ရဲ့တွေ့ဆုံရေး ကမ်းလှမ်းမှုအပေါ် SSPP တပ်ဖွဲ့ရဲ့ သဘောထားသိနိုင်ဖို့ RFA က ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

SSPP Info စာမျက်နှာမှာတော့ RCSS အနေနဲ့ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ပြီး နောက်ရက်မှာပဲ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းက SSPP တပ်ဖွဲ့တွေကို မိုင်းထောင်တိုက်ခိုက်ခဲ့တာကြောင့် SSPP တပ်ဖွဲ့ဝင် တချို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

"အခုက ဒီထဲမှာ တကူးတကကြီး ပါပြီးတော့ ဘာဆွေးနွေး ရမှာလဲ ထူထူး ခြားခြားတော့ ကျနော်တို့ မပြောချင်ဘူး"

တစ်ဘက်မှာ တွေ့ဆုံရေးကမ်းလှမ်းပြီး တစ်ဘက်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်တာဟာ ရှမ်းတပ်အချင်းချင်း ယုံကြည်မှု တည်ဆောက်ရေးကို အဟန့်အတားဖြစ်စေပြီး စစ်ရေးပဋိပက္ခ ဖြစ်အောင်ဖန်တီးနေတာလို့လည်း ဖော်ပြထားပါတယ်။

ရှမ်းပြည်အခြေစိုက် အမည်မဖော်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ RCSS အနေနဲ့ လက်ရှိမှာ စစ်ကောင်စီအပေါ် ယုံကြည်မှု အားနည်း လာတာကြောင့် ဒေသအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ယုံကြည်မှု ခိုင်မာရေး ဆောင်ရွက်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီး ကတော့ လက်ရှိမှာ ပြည်သူလူထု ဒုက္ခ ရောက်နေတယ် ဆိုရင် ဒါဟာ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ရဲ့ တာဝန်သာဖြစ်တယ်လို့ ပြောပါတယ်။

RCSS တပ်ဖွဲ့ ထုတ်ပြန်ချက် မထုတ်ခင်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပြဿနာမဖြစ်အောင် ဆွေးနွေးညှိနှိုင်းလေ့ ရှိတယ်လို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ (Photo: RFA)

“သူ့ရဲ့ညွှန်းဆိုထားတဲ့အထဲမှာ အချက်တစ်ချက်တော့ ရှိတယ်။ ဒီနေ့ ဒီကာလမှာ တိုင်းပြည် ကမောက်ကမဖြစ်ပြီး လူထုတွေ တအားဒုက္ခရောက်နေတယ်၊ နောက်ပြီးတော့ ထွက်ပြေးတိမ်း ရှောင်ရတဲ့ သူတွေက သန်းချီပြီး ရှိနေတယ်၊ ဒီဟာ ဘာကိုညွှန်းဆိုတာလဲ ကျနော်တို့ မပြောလိုပါဘူး။ ဒီလိုဖြစ်ခဲ့တဲ့ကိစ္စက ကျနော်တို့ ဘက်က ရှင်းတယ်လေ။ ဒါ စစ်ကောင်စီရဲ့ လုပ်ရပ်တွေပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူကိုယ်တိုင်ပဲ ဒီလို မဖြစ်ဖြစ်အောင် လူထုတွေကို ပစ်မှတ်ထားပြီးတော့ လူထုကို ရန်ရှာပြီးတော့ မနေနိုင်အောင် ပျက်စီးဆုံးရှုံးအောင် လုပ်နေတာက စစ်ကောင်စီ ပေါ်မှာပဲ ပုံချရမယ်လေ။ အခုက ဒီထဲမှာ တကူးတကကြီး ပါပြီးတော့ ဘာဆွေးနွေး ရမှာလဲ ထူထူး ခြားခြားတော့ ကျနော်တို့ မပြောချင်ဘူး၊ ဒါပေမဲ့ ကိုယ့်နယ်ထဲမှာရှိတဲ့ အဖွဲ့လေးတွေနဲ့ ဆွေးနွေးရမယ်၊ တည်ဆောက်ရမယ်၊ ငြင်းပွဲတွေရှာရမယ်။ အဲဒါတွေကတော့ အဆန်းမဟုတ်ဘူးလေ။ အဲဒါကတော့ လုပ်ရမယ့်အလုပ်၊ ရှမ်းပြည်မှာလုပ်သလို ကျနော်တို့ပြည်နယ်မှာလည်း လုပ်နေတာပဲ”

ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူ လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းကတော့ နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပြီးမှ ထုတ်ပြန်လာတဲ့ RCSS ရဲ့ ကမ်းလှမ်းချက်ကို လက်ခံသူတွေရှိသလို သံသယနဲ့ စောင့်ကြည့်တာမျိုးတွေလည်း ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

“န.စ.က နဲ့တွေ့ပြီး ပြန်လာတဲ့အခါကြတော့ သူကိုယ်တိုင်က တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီးတော့ အခြေခံဥပဒေ ပြင်ဖို့ကိစ္စ တောင်းဆိုဆွေးနွေးတာ အကောင်းဆုံးလို့ ယူဆလို့ သူ့ဘာသာသူ ပြောတာ ဖြစ်နိုင်သလို န.စ.က ကတိုက်တွန်းလို့ ဒါမှမဟုတ် အကြံပေးလိုက်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။ ဒါကြောင့်မို့လို့ နားထောင်တဲ့ လက်ခံတဲ့ အဖွဲ့တွေအနေနဲ့ကတော့ အပြုသဘော မြင်တာမျိုးရှိ နိုင်သလို သံသယဖြစ်တာမျိုးလည်း ရှိနိုင်တယ်”

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက သူတို့ပြောတဲ့ တွေ့ဆုံဆွေးနွေးရေးဟာ စစ်ကောင်စီနဲ့ ပတ်သက်မှုမရှိဘဲ ရှမ်းပြည် အတွင်းက ပဋိပက္ခတွေအတွက်သာ အဓိကထား ထုတ်ပြန်တာလို့ ပြောပါတယ်။

တွေ့ဆုံမယ့်နေရာနဲ့ ဘယ်လိုတွေ့ဆုံကြမယ် ဆိုတာမျိုးကိုတော့ ဖော်ပြထားတာမရှိပါဘူး။ RCSS တပ်ဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို လက်ခံထားပြီး နေပြည်တော်မှာ နှစ်ကြိမ်တိတိ လာရောက်ဆွေးနွေး ထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org