မူးယစ်ဆေးဝါးနှိမ်နင်းရေး မြန်မာအစိုးရကို ICG အကြံပြု

မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆောင်ရွက်တဲ့အခါမှာ အဓိကထုတ်လုပ်ဖြန့်ဖြူးနေတဲ့အုပ်စုတွေကို နှိမ်နင်းဖို့ ICGနိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့က ထုတ်ပြန်တဲ့ “ရှမ်းပြည်နယ်က ပဋိပက္ခနဲ့ မူးယစ်ဆေးဝါး”အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ် ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး - ဖေ့စ်ဘွတ်

မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆောင်ရွက်တဲ့အခါမှာ အသေးစားရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေကိုပဲ အရေးယူနေတာရပ်ပြီး၊ အဓိက ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ အုပ်စုတွေကို နှိမ်နင်းဖို့ နှစ်ဆတိုးဆောင်ရွက်သင့်တယ်လို့ ICG နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့ ရှမ်းပြည်နယ်က ပဋိပက္ခနှင့်မူးယစ်ဆေးဝါး ဆိုတဲ့ အစီရင်ခံစာမှာ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့မဟာမိတ်ဖြစ်နေပြီး၊ မူးယစ်ဆေးရောင်းဝယ်မှုမှာပါဝင်ပတ်သက်နေတဲ့ ပြည်သူ့စစ်အဖွဲ့တွေ၊ လက်နက်ကိုင်အုပ်စုသေးတွေကိုလည်း အပြီးတိုင် လက်နက်ဖြုတ်သိမ်းနိုင်အောင် တပ်မတော်က ဆောင်ရွက်သင့်သလို၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို မျက်ကွယ်ပြုထားတဲ့၊ ကူညီနေတဲ့ တပ်မတော်အရာရှိ၊ အရာခံနဲ့ တပ်ဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးအရေးယူသင့်တယ်လို့ ICG အဖွဲ့ကတိုက်တွန်းထားပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်နားကဒေသတွေကိုထိမ်းချုပ်ထားတဲ့ ဝနဲ့ မိုင်းလားလက်နက်ကိုင်အဖွဲ့တွေကို မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတာတွေ ရပ်အောင် တရုတ်အစိုးရ အနေနဲ့သူ့သြဇာသုံးသင့်တယ်လို့ ICG အဖွဲ့ကတိုက်တွန်း ထားပါတယ်။

မူးယစ်ဆေးထုတ်နိုင်တဲ့ Precursor chemicals ဆိုတဲ့ဓာတုပစ္စည်းကုန်ကြမ်းတွေကို တရုတ်နယ်စပ် ကနေသွင်းနေတဲ့အတွက် ရပ်တန်းကရပ်အောင် တရုတ်နိုင်ငံက ဆောင်ရွက်သင့်တယ်လို့ ICG အစီရင်ခံစာမှာဖော်ပြပါတယ်။

ရှမ်းပြည်နယ်ဟာ ရေခဲလို့ ခေါ်တဲ့ မက်သာဖက်တမင်းဆေး ထုတ်လုပ်တဲ့ ကမ္ဘာ့အချက်အချာနေရာ ဖြစ်နေပြီး အမေရိကန်ဒေါ်လာသန်းပေါင်းထောင်နဲ့ ချီတဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ကြီးထွားနေတယ်လို့ ဆိုပါတယ်။ ဒီလိုမူးယစ်ဆေးထုတ်လုပ်ရောင်းဝယ်ဖြန့်ချိနိုင်တဲ့ ဈေးကွက်ကြီးက ရာဇဝတ်မှုတွေ ထူပြောဖို့နဲ့ အကျင့်ပျက်ခြစားမှုတွေ များစေတဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုကိုလည်း နှောင့်နှေးစေတယ်လို့ ထောက်ပြပါတယ်။

ICG အဖွဲ့ရဲ့အစီရင်ခံစာအကြောင်း RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org