ဒရုန်းနဲ့ အချိန်တိုအတွင်း ဒီရေတော ပျိုးထောင်နိုင်

ဆိုင်ကလုန်းမုန်တိုင်းကို အကာအကွယ်ပေးတဲ့ ဒီရေတောတွေကို ဒရုန်းနဲ့ အချိန်တိုအတွင်း အပင်ပေါင်းများစွာ စိုက်ပျိုးနိုင်နေပါပြီ။

ဆွစ်ဇာလန်နိုင်ငံရှိ စပျစ်စိုက်ခင်းတစ်ခုတွင် မောင်းသူမဲ့ယာဉ်ငယ် - ဒရုန်း အသုံးပြုပြီး ဆေးဖြန်းနေသည့် မြင်ကွင်းအား ၂ဝ၁၉ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ Photo: Reuters

တိုက်ခိုက်ရေးနဲ့ တော်လှန်ရေးမှာသာမက ဒီရေတောစိုက်ပျိုးရေးအတွက် မောင်းသူမဲ့ယာဉ်ငယ် - ဒရုန်းကို သုံးနိုင်ပါတယ်။ ဒရုန်းကနေ မျိုးစေ့ချပြီး နောက်တစ်နှစ်အကြာမှာ လက်မ ၂ဝ ရှိတဲ့ အပင်ပေါက်လာတယ်လို့ အမေရိကန်အခြေစိုက် Upworthy website သိပ္ပံရေးရာကဏ္ဍက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ်အခြေစိုက် BioCarbon Engineering အဖွဲ့ထူထောင်တဲ့ နာဆာ - အမေရိကန်အမျိုးသား အာကာသအုပ်ချုပ်မှုအဖွဲ့ အင်ဂျင်နီယာဟောင်းက ဒရုန်းကို ဒီဇိုင်းဆွဲပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၈ ဖေဖော်ဝါရီမှာ စတင်စမ်းသပ်ချိန်မှာ BioCarbon Engineering ပူးတွဲထူထောင်သူ Dr. Irina Fedorenko က အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒရုန်းနဲ့ ဒီရေတောကို ကျွန်မတို့ ပထမဆုံး စိုက်ပျိုးနေတာပါ။ ဒါဟာ သမိုင်းဝင်ဖြစ်ရပ်ပါပဲ”

ကာဗွန်လျှော့ချဖို့ ဒီရေတောတွေ ပျိုးထောင်နေတဲ့ Worldview International Foundation နဲ့ ပူးတွဲစိုက်ပျိုးတာပါ။

“ဒရုန်းနဲ့ ဒီရေတော သစ်မျိုးတွေ စိုက်တာပေါ့ဗျ။ နည်းပညာ အကူအညီနဲ့ စိုက်မယ်ဆိုရင် ပိုပြီးတော့ ကုန်ကျစရိတ် သက်သာမယ်။ အချိန်တိုအတွင်း ပိုပြီးကျယ်ကျယ်ပြန့်ပြန့်စိုက်တာ”

ဒါကတော့ Worldview International Foundation က ဒီရေတော ပညာရှင် ဦးဝင်းမောင် ပြောသွားတာပါ။

“သစ်စေ့ကို ဒီအတိုင်းပစ်ချလို့မရဘူး။ အိတ်ထဲမှာ သစ်စေ့နဲ့ မြေဆွေးရောပြီး ပစ်ချရတာ”

မြန်မာနိုင်ငံမှာ သစ်ပင် ခြောက်သန်းပျိုးဖို့ Worldview International Foundation က ခုနစ်နှစ်အချိန်ပေးခဲ့ရပြီး ဒရုန်းအကူအညီနဲ့ စိုက်ပျိုးတဲ့အခါ ၂ဝ၁၉ မကုန်ခင် တစ်နှစ်အတွင်းနောက်ထပ် လေးသန်းစိုက်ပျိုးနိုင်တယ်လို့ Upworthy က ပြောပါတယ်။

ဒါကြောင့်လည်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်က အမှုဆောင်ညွှန်ကြားရေးမှူး Erik Solheim က

“ဒီနည်းက အလွန်ကောင်းပြီး စိတ်အားထက်သန်ဖို့ ကောင်းတယ်လို့ ထင်ပါတယ်။ ဘာကြောင့်ဆို လူက တစ်ပင်ချင်းစိုက်တာ အထူးအရေးကြီးပေမဲ့ လုပ်အားအလွန်အမင်း စိုက်ထုတ်ရတယ်။ အခုလို ဒရုန်းသုံးပြီး အုံနဲ့ကျင်းနဲ့ စိုက်နိုင်ရင် အစီအစဉ်က အထူးအောင်မြင်လာပါမယ်”

ဒရုန်းဆယ်စင်းဟာ တစ်နေ့ကို အပင် လေးသိန်း စိုက်နိုင်တဲ့အတွက် ရာသီဥတု ပြောင်းလဲနေတာကို တိုက်ဖျက်နိုင်လောက်တယ်လို့ Upworthy က ပြောပါတယ်။

“ရာသီဥတုပြောင်းလဲမှုဟာ မြန်မာနိုင်ငံအတွက် ပြဿနာကြီး တစ်ရပ်ပါပဲ။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဒီပြောင်းလဲတဲ့ ဒဏ်အခံရဆုံး တနိုင်ငံဖြစ်နိုင်ပါတယ်။ ကုန်းမြေက ကျယ်ပြီး သဘာဝအနေအထားက အမျိုးမျိုးနဲ့ ခြောက်သွေ့မြေသားက ပိုခြောက်လာလို့ စိုက်ပျိုးရေးကို လာထိခိုက်နိုင်ပြီး သစ်တောကြီးတွေကလည်း ရာသီဥတုပြောင်းလဲတဲ့ အကျိုးခံစားရပါမယ်။ နောက် မြန်မာနိုင်ငံမှာ ကမ်းရိုးတန်းက ရှည်လျားပြီး ဒီရေတောတွေက အချက်အချာကျပါတယ်”

ဆိုင်ကလုန်းနဲ့ ရာသီဥတုအစွန်းရောက်မှုကို ဒီရေတောတွေက အကာအကွယ်ပေးနိုင်တဲ့အတွက် နည်းပညာသုံးပြီး စိုက်ပျိုးနေတာပဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org