အဆင်ပြေပြေ မဲပေးနိုင်ရေး ကူညီကြဖို့ မသန်စွမ်းသူတွေ တောင်းဆို

လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးချင်လို့ မဲရုံကိုရောက်လာတဲ့ မသန်စွမ်းတွေကို တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာတွေ အားလုံးက ဝိုင်းဝန်းကူညီပေးဖို့ မသန်စွမ်းသူများအရေး ဆောင်ရွက်နေသူတွေက တောင်းဆို လိုက်ပါတယ်။

မြေမြှုပ်မိုင်းနင်းမိပြီး ခြေလက်အင်္ဂါချို့ယွင်းခဲ့ရသော ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်သားတဦးကို တွေ့ရစဉ်

လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးချင်လို့ မဲရုံကိုရောက်လာတဲ့ မသန်စွမ်း တွေကို တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာတွေ အားလုံးက ဝိုင်းဝန်းကူညီပေးဖို့ မသန်စွမ်းသူများအရေး ဆောင်ရွက် နေသူတွေက တောင်းဆို လိုက်ပါတယ်။

မသန်စွမ်းသူတွေဟာ သူတို့နေထိုင်တဲ့နေရာကနေ မဲပေးရမယ့်နေရာကို အရောက်သွားဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။

ဆန္ဒမဲပေးခွင့်ရဖို့ဟာ နိုင်ငံသားအားလုံးအတွက် အခြေခံအခွင့်အရေးဖြစ်တာကြောင့် မသန်စွမ်းသူတွေလည်း အဆင်ပြေပြေ မဲပေးနိုင်အောင် ဆောင်ရွက်ဖို့ တောင်းဆိုကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောပါတယ်။

“အိမ်ကနေ မဲရုံကိုရောက်အောင်သွားဖို့ လိုပါလိမ့်မယ်။ ရပ်ကျေးတိုင်းလည်း ကူညီဖို့ အဆင်သင့်ရှိပါတယ်။ မဲရုံကို မဖြစ်ဖြစ်အောင်ရောက်လာတာဟာ တခြားသူတွေ မဲရုံရောက်လာတာထက် အဆပေါင်းများစွာ အားထည့်ပြီး ရောက်လာတာကို သိစေချင်ပါတယ်။ မဖြစ်ဖြစ်အောင် ရောက်လာတဲ့သူတွေကို ဝိုင်းဝန်း ကူညီပံ့ပိုးဖို့ တာဝန်ရှိပါတယ်”

မန္တလေးမြို့မှာ သြဂုတ် ၂၄ ရက်နေ့က ပြုလုပ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ မသန်စွမ်းသူများ စကားဝိုင်းမှာ ရွှေမင်း သား ဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက မသန်စွမ်းသူတွေ ပိုမို လွယ်ကူအောင် မဲပေးနိုင်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ မသန်စွမ်း မဲဆန္ဒရှင် တစ်သိန်းကျော်ရှိတယ်လို့ ဦးမြတ်သူဝင်းက ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းကို ကိုးကားပြီး ပြောပါတယ်။

မသန်စွမ်းသူတွေပေးတဲ့ မဲတွေ ပယ်မဲမဖြစ်ဖို့၊ ညွန်ကြားချက်တွေက ရှင်းလင်းပြတ်သားဖို့၊ မဲပုံးတွေ လက်လှမ်း မှီတဲ့နေရာမှာ ထားရှိဖို့၊ အမြင်အာရုံချို့တဲ့သူတွေ ရှင်းလင်းပြတ်သားစွာ မြင်ရဖို့ စတဲ့အချက်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။

အလင်းသစ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်က တန်းစီကြတဲ့နေရာမှာ ရှေ့ကနေ ကြားဖြတ် ဝင်ရောက်သူက ခြေထောက်မသန်စွမ်းသူ၊ သွားလာရခက်ခဲသူ ဖြစ်နေမယ်ဆိုရင် တခြားလူတွေက အပြစ် မမြင်ကြဖို့ မေတ္တာရပ်ခံလိုတယ်လို့ ပြောပါတယ်။

“တန်းမစီဘဲ ဝင်သွားရင်နားလည်ပေးဖို့၊ စာနာစိတ်လေးထားပေးဖို့ အရေးကြီးပါတယ်။ ကျွန်မကို အခွင့်ရေးယူတယ်။ အခွင့်ထူးခံလူတန်းစားလို့ မမြင်စေချင်ဘူး၊ နားလည်ပေးစေချင်ပါတယ်”

လူနေထူထပ်တဲ့ဒေသဆိုရင် မဲရုံတွေမှာ တန်းစီစောင့်ဆိုင်းသူ များပြားတတ်ပါတယ်။ ဒီနှစ်ရွေးကောက်ပွဲဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ကပ်ဘေးကာလညွှန်ကြားချက်တွေအတိုင်း ခပ်ခွာခွာ နေထိုင် မဲပေးရမှာပါ။ ဒါကြောင့် ခါတိုင်း ရွေးကောက်ပွဲတွေထက် တန်းစီချိန် ပိုပြီး ကြာပါလိမ့်မယ်။

မန္တလေးမြို့က ကိုဇွဲထက်အောင်က ပထမဆုံးအကြိမ်မဲပေးရတော့မှာဖြစ်လို့  ပျော်ရွှင်ရသလို စိုးရိမ်မှုတွေလည်း ရှိနေကြောင်း ပြောပါတယ်။

“ကိုဗစ်ကြောင့် အကြာကြီး တန်းစီရတဲ့အခါ အချိန်ကြာကြီး ရပ်နေဖို့က အဆင်မပြေဘူး၊ မသန်စွမ်းအနေနဲ့ ကျတော့ ခြေထောက်တွေက ရေရှည်မခံနိုင်တော့ အခက်အခဲရှိမယ် ထင်တယ်”

သိပ်မကြာခင်ကာလမှာ မန္တလေးတိုင်းအတွင်းက ရပ်ကျေးအဖွဲ့ဝင်တွေနဲ့ မဲရုံမှူးတွေကို သင်တန်းပေးတဲ့အခါ မသန်စွမ်းသူတွေ မဲထည့်ရာမှာ အကူညီပေးနိုင်ရေး အကြောင်းအရာကို သင်ခန်းစာတစ်ခုအနေနဲ့ ထည့်သွင်း ပို့ချသွားမယ်လို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောပါတယ်။

“မသန်စွမ်းတွေနဲ့ပတ်သက်လို့ ပစ်ထားတာမရှိပါဘူး၊ ဆောင်ရွက်နေပါတယ်။ နည်းဥပဒေမှာလည်း ပြဋ္ဌာန်းထားပါတယ်။ မဲပေးချိန်မှာလည်း လွယ်ကူစွာ မဲပေးနိုင်ရေး ထည့်ထားတယ်။ အကုန်လုံးတော့ အကောင်အထည် မဖော်နိုင်သေးဘူး၊ တက်နိုင်သမျှတော့ လုပ်နေပါတယ်”

ရွှေမင်းသားဖောင်ဒေးရှင်းအဖွဲ့ကတော့ မသန်စွမ်းသူတွေ မဲပေးရေးနဲ့ ပတ်သက်ပြီး အကူအညီလိုအပ်လာရင် ဆက်သွယ်အကူအညီတောင်းနိုင်တယ်၊ မဲပေးရမယ့်နေ့ မတိုင်ခင် တစ်လ ကြိုတင်ပြီး ဆက်သွယ်ပါလို့ ဖိတ်ခေါ်ထားတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းထဲမှာ  မသန်စွမ်းသူ သုံးဦး အနည်းဆုံး ပါဝင်နိုင်ဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org