ကရင်နီဒုက္ခသည်စခန်းတွေမှာ လူ ၂၅၀ ခန့် ဝမ်းရောဂါဖြစ်နေ
ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က ဒုက္ခသည်စခန်းတွေမှာ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်တဲ့သူ များလာတယ်လို့ ဒုက္ခသည်အရေးကူညီနေသူတွေက ပြောပါတယ်။
-
RFA Burmese
2023-04-14 -
-
-
ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေး ဒုက္ခသည် စခန်းတွေမှာ ဧပြီလဆန်းကစလို့ ဝမ်းရောဂါ ကူးစက်ခံရသူ အရေအတွက် ပိုများလာတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အဲဒီဒေသတွေမှာ ရာသီဥတုပူပြင်းပြီး အစားအသောက်တွေမလတ်ဆတ်တဲ့အပြင် ရေရှားပါးလွန်းတဲ့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုတွေ မလုပ်နိုင်တာကတစ်ဆင့် ဝမ်းရောဂါ စတင်လာတာပါ။ အခုရက်ပိုင်းမှာတော့ ဖရူဆို အနောက်ခြမ်းနဲ့ ဒီးမော့ဆိုမြို့နယ်အပြင် လွိုင်ကော်မြို့မှာပါ ရောဂါဖြစ်တဲ့သူ ပိုများလာတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။
ဖရူဆိုမြို့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာ လူ ၂၅၀ ခန့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်နေပြီး အများစုက ကလေးတွေဖြစ်တယ်လို့ ဒုက္ခသည်စခန်းက ကျန်းမာရေး ဆရာမ မဖူးမော်က ပြောပါတယ်။
"ရေရှားတဲ့နေရာက မသန့်ရှင်းတာကနေ စပြီးတော့ ပိုပြီးတော့ ဖြစ်တယ်။ ကျန်းမာရေး အသိပညာ နည်းတဲ့သူတွေကြတော့လည်း သူတို့ဖြစ်ရင် ကူးတတ်တယ်ဆိုတာ မသိတော့ အတူတူပဲ ပြန်နေမိတယ်၊ အတူတူ ပြန်စားကြတယ်။ အဲလိုဖြစ်တော့ ကူးကြတာပေါ့နော်။ ကူးကြတာတော့ များတယ်။ ရေရှားပါးတဲ့နေရာတွေ ကတော့ တော်တော်များများ ဖြစ်နေတယ်။ ဖြစ်တဲ့ရွာတွေကတော့ ကလေးလူဦးရေ လေးဆယ်၊ ငါးဆယ်လောက် တော့ ရှိတယ်။ ဖရူဆိုကိုပဲ ခန့်မှန်းရမယ်ဆိုရင် ကလေး နှစ်ရာကျော်လောက်တော့ စဖြစ်နေမယ်။ အရှေ့ဘက်အခြမ်း ဒေသတစ်ခုလုံးက ရေရှားတဲ့ဒေသ ဖြစ်နေတာ ကိုနော့်"
ဖရူဆိုတစ်မြို့နယ်လုံးမှာ ဒုက္ခသည် ခုနစ်သောင်းကျော် ရှိနေပါတယ်။ လက်ရှိ ဝမ်းရောဂါ အဖြစ်များတဲ့ ဖရူဆို အရှေ့ဘက်ခြမ်းမှာတော့ ဒုက္ခသည် ၁၅၀၀ လောက်ရှိတယ်လို့ သူက ဆိုပါတယ်။
ဒုက္ခသည် တစ်သောင်းဝန်းကျင်ရှိနေတဲ့ လွိုင်ကော်မြို့နယ် အရှေ့ဘက်နဲ့ အနောက်ဘက် ခြမ်းက စခန်းတွေမှာ ဆိုရင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့သူ ပိုများလာတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ လွိုင်ကော် စစ်ရှောင်စခန်းဘက် အတော်များများဆိုရင်လည်း အဲလိုတွေ ဖြစ်တယ်။ ရေသန့်ရှင်းမှု မလုံလောက်တာလည်း ပါတယ်။ တချို့ ဝင်ငွေမရှိတော့ ဆပ်ပြာတို့၊ ဆေးဝါးတို့ ဝယ်ယူသုံးဆောင်ဖို့အတွက် အဆင်မပြေတဲ့ဟာတွေတော့ ဒီဘက်မှာတော့ ကြုံနေရတယ်။ ဆေးဝါးရယူတဲ့နေရမှာလည်း စစ်ရှောင်စခန်းတွေမှာ လိုသလောက် မရခဲ့တဲ့ဟာတွေ ရှိတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုပြီး ခက်ခဲလာနိုင်တယ်လို့တော့ မြင်တယ် “
ဒုက္ခသည်တွေဟာ ကယားပြည်နယ်အနှံ့ပြန့်ကျဲနေထိုင်ကြတာကြောင့် လူဦးရေ ဘယ်နှယောက် ဝမ်းရောဂါ ဖြစ်နေတယ်ဆိုတာကိုတော့ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ စာရင်း အတိအကျ မကောက်ယူနိုင်သေးဘူးလို့ သူက ဆိုပါတယ်။
နှစ်ဆန်းပိုင်းကနေ အခုချိန်ထိ ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေတာကြောင့် ဒီးမော့ဆို အရှေ့ဘက်အခြမ်းက ဒုက္ခသည် ထောင်နဲ့ချီပြီး ဒီးမော့ဆို အနောက်ခြမ်းက စခန်းတွေဆီ ထပ်မံထွက်ပြေးရပါတယ်။
"ရေချိုးလည်း အဲမှာပဲ၊ သောက်လည်း အဲမှာပဲ၊ စားလည်း အဲမှာပဲဖြစ်တဲ့အခါကျတော့ ဝမ်းပျက်၊ ဝမ်းလျှောကလည်း ပိုပြီးဖြစ်လာတာပေါ့"
ဒါကြောင့် လူဦးရေများလာတဲ့အခါ သောက်သုံးရေ၊ နေရာထိုင်ခင်းနဲ့ အိမ်သာမလုံလောက် တဲ့ အခက်အခဲ ဖြစ်လာပြီးဝမ်းရောဂါ ကူစက်သူတွေ ပိုများလာတယ်လို့ ကရင်နီ စစ်ဘေးရှောင်ကူညီရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အရင်ကတည်းကလည်း စစ်ရှောင်ရတဲ့ စခန်းတွေမှာဆိုရင် ရေရှားတယ်ပေါ့နော်။ ဒီးမော့ဆို အရှေ့ဘက် အခြမ်းတွေကလည်း ဒီဘက်တွေ ရောက်လာတာရှိသလို၊ စစ်ရှောင်တွေက အရမ်းများများလာတဲ့ အခါကျတော့၊ ရေမလုံလောက်တဲ့ အခါကျတော့ မျှပြီးသုံးနေရတဲ့ ပုံစံမျိုးပေါ့။ ရေချိုးလည်း အဲမှာပဲ၊ သောက်လည်း အဲမှာပဲ၊ စားလည်း အဲမှာပဲ ဖြစ်တဲ့အခါကျတော့ ဝမ်းပျက်၊ ဝမ်းလျှောကလည်း ပိုပြီးဖြစ်လာတာပေါ့။ တချို့နေရာ တော်တော်များများမှာ အနည်းနဲ့ အများ ဖြစ်နေကြတာပေါ့နော်"
ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းကလည်း အခုလိုပဲ ဒုက္ခသည်စခန်းတွေမှာဝမ်းရောဂါ ခံစားခဲ့ရပါတယ်။ မနှစ်ကတော့ စခန်းတွေမှာ ကျန်းမာရေးအသိပညာပေးမှုနဲ့ ဆေးကုသမှုတွေ လုပ်ဆောင်နိုင်ခဲ့လို့ ရောဂါ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ လူဦးရေမနိုင်မနင်းဖြစ်နေပြီး ကုသရေးနဲ့ အသိပညာပေး လုပ်ငန်းတွေလုံလောက်အောင် မဆောင်ရွက်နိုင်သေးဘူးလို့ ကရင်နီလူ့ အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
"စစ်ရှောင်တွေက ခဏခဏ ရှောင်နေရတဲ့ဟာတွေလည်း ကြုံနေရတာပေါ့နော်။ အဲတော့ အရင်တုန်းက အထိုင်ကျပြီးသား စခန်းတွေကနေ ထပ်ဖျက်ရတယ်၊ ထပ်ပြောင်းရတာပေါ့နော်။ အဲဒီတော့ ဘာတွေထပ်ပြီး ကြုံရလဲဆိုတော့ ဝန်ဆောင်မှု ပေးနိုင်တဲ့ အခြေအနေနဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့လူတွေ ပျောက်သွားတာပေါ့နော်။ အရင်တုန်းက စခန်းအခြေစိုက် ကျန်မာရေးဝန်ဆောင်မှုတွေ ရှိတယ်။ ကျနော်တို့ ဝိုင်းလုပ်ကြရတာပေါ့နော်။ တခြားတစ်ဖက်မှာလည်း ဆေးခန်းတွေရှိတယ်။ ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်တဲ့အဖွဲ့တွေရှိတယ်။ ဒါပေမဲ့ ဒီစခန်း အပြောင်းအရွှေ့တွေ ကြောင့်မို့လို့ စခန်းဝန်းထဲမှာရှိတဲ့ ဆရာမတွေကိုယ်တိုင်က ကွဲသွားတာပေါ့နော်။ အဲလိုဖြစ်တော့ ဝန်ဆောင်မှုပေးနိုင်တဲ့ လူပုဂ္ဂိုလ်က အားနည်းသွားတာရှိတယ်။ လက်လှမ်းမီမှုကလည်း ပိုခက်ခဲသွားတယ်"
ဒုက္ခသည်စခန်းတွေမှာ ဝမ်းရောဂါဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီးစစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦး ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ ဧပြီ ၁၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ဖေဖော်ဝါရီလဆန်းကစလို့ စစ်အုပ်ချုပ်ရေးကြေညာပြီး နှစ်လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ တိုက်ပွဲပေါင်း ၈၂ ကြိမ်ဖြစ်ခဲ့ပြီး ဒုက္ခသည်ဦးရေ နှစ်သောင်းခြောက်ထောင်ကျော် တိုးလာတယ်လို့ ဖော်ပြထားပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ မတ်လ ၃၁ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ အာဏာသိမ်း ၂၅ လအတွင်း အရပ်သား ၄၅၀ ဝန်းကျင် သေဆုံးခဲ့ပြီး အဲဒီထဲမှာ စစ်ဘေးရှောင်ရင်း သေဆုံးသူ အရေအတွက် ၁၃၄ ဦး ရှိပါတယ်။
ကရင်နီအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ လူဦးရေ သုံးသိန်းကျော်ရှိတဲ့ ကယား ပြည်နယ်မှာ အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်က နှစ်သိန်းခွဲကျော် ရှိနေပါတယ်။