စစ်မှုမထမ်းလိုတဲ့ စစ်ပြေးအကျဉ်းသား‌တွေ လွတ်ငြိမ်းခွင့်ရပြီးမှ ထောင်ထဲပြန်ပို့ခံရ

သူတို့အားလုံးကို ချက်ချင်း အိမ်ပြန်ခွင့်မပေးဘဲ ဒေသအလိုက် နီးစပ်ရာ စစ်တပ်လေ့ကျင့်ရေးကျောင်းတွေကိုပို့ပြီး စစ်မှုပြန်ထမ်းဖို့ ဖိအားပေး ပြောဆိုခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းသား မိသားစုဝင်တွေ၊ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။

ခွင့်မဲ့ပျက်ကွက်မှု၊ စစ်ပြေးမှုကြောင့် ထောင်ကျနေတဲ့ စစ်ပြေးအကျဉ်းသားတွေ စစ်မှု ပြန်ထမ်းရင် ပြန်လက်ခံမယ့်အကြောင်း စစ်ကောင်စီက ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် အကျဉ်းထောင်အချို့က စစ်ပြေးအကျဉ်းသား နှစ်ရာကျော်ကို ဒီဇင်ဘာ ၇ ရက် အမျိုးသားနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

RFA က သီးသန့် ပြုစုထားတဲ့ စာရင်းအရ ဧရာဝတီတိုင်း ပုသိမ်ထောင်က စစ်ပြေး အကျဉ်းသား ၁၀၃ ဦး၊ ပဲခူးတိုင်း ပေါင်းတည်ထောင်က ၁၇ ဦး၊ ပြည်အကျဉ်းထောင်က ၃၉ ဦး၊ တောင်ငူထောင်က ၆၃ ဦး၊ ဒိုက်ဦးထောင်က ၁၇ ဦး စုစုပေါင်း စစ်ပြေးအကျဉ်းသား ၂၃၉ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

ဒါပေမဲ့ သူတို့အားလုံးကို ချက်ချင်း အိမ်ပြန်ခွင့်မပေးဘဲ ဒေသအလိုက် နီးစပ်ရာ စစ်တပ် လေ့ကျင့်ရေးကျောင်းတွေကိုပို့ပြီး စစ်မှုပြန်ထမ်းဖို့ ဖိအားပေး ပြောဆိုခဲ့တယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ အကျဉ်းသား မိသားစုဝင်တွေ၊ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“စစ်ပြေးအကျဉ်းသားတွေဟာ တော်လှန်ရေး အင်အားစုတွေအတွက် အထောက်အကူဖြစ်တယ်”

အကျဉ်းသားတွေက ငြင်းဆိုတဲ့အခါ ပြည်ထောင်က လွတ်ငြိမ်းခွင့်ပြုပြီးသား စစ်ပြေး အကျဉ်းသား ၃၉ ဦးစလုံးကို ဒီဇင်ဘာ ၁၂ ရက်ညမှာ ထောင်ထဲ ပြန်ပို့လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခူးတိုင်း၊ ပြည်ထောင်က စစ်ပြေး အကျဉ်းသားတစ်ဦးနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်မှုထမ်းရမယ်ဆိုတော့ သူတို့ (စစ်ပြေး) က စစ်မှုတော့ မထမ်းနိုင်ဘူး၊ သူတို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကို ထောင်မှာပဲကျခံမယ်ဆိုပြီး ပြောလိုက်တော့ ပြန်ပို့လိုက်တာ။ လက်ဗွေတွေလည်း အများကြီး နှိပ်ပြီးတော့လေ၊ တံဆိပ်တုံးတို့၊ ဓာတ်ပုံတွေ၊ မိသားစု နေရပ်လိပ်စာတွေ အကုန်လုံး အပြည့်အစုံနဲ့ ထောင်တံဆိပ်တုံးနဲ့ ထုပြီး လွတ်ငြိမ်း ပေးပြီးတော့ ပြန်လွှတ်ပြီးသား။ အခုကျတော့ မလုပ်ဘူး (စစ်မှု မထမ်းဘူး) ဆိုတော့ သူတို့က ထောင်ကိုပြန်ပို့တယ်”

ပြည်ထောင်က ၃၉ ဦးအနက် စစ်ပြေး အကျဉ်းသား သုံးဦးလောက်ပဲ စစ်မှုပြန်ထမ်းမယ်လို့ ပြောခဲ့ပြီး ကျန်သူတွေကတော့ ပြစ်ဒဏ် ဆက်လက်ကျခံမယ်လို့သာ စစ်တပ်အရာရှိတွေကို ပြောခဲ့ကြောင်း ကြားသိရတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ စစ်မှုပြန်ထမ်းမယ်လို့ ပြောတဲ့ စစ်ပြေးအကျဉ်းသား သုံးဦးကိုပါ အခု ပြည်အကျဉ်းထောင်ထဲ ပြန်ပို့လိုက်တယ်လို့ သူက ဆိုပါတယ်။

ပဲခူးတိုင်း ပြည်၊ ပေါင်းတည်၊ တောင်ငူနဲ့ ဒိုက်ဦး အကျဉ်းထောင်က လွတ်ငြိမ်းခွင့်ပြုခဲ့တဲ့ စစ်ပြေး အကျဉ်းသားတွေရဲ့ ထောင်ထွက်လက်မှတ်နဲ့ ကိုယ်ရေး အချက်အလက်တွေကို စစ်ကောင်စီ တပ်အရာရှိတွေက သိမ်းယူပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ အုတ်တွင်းမြို့က အမှတ် (၆) တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ပို့လိုက်တယ်လို့လည်း အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီလိုပို့ပြီး ငါးအရက်အကြာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စစ်မှုပြန်မထမ်းချင်တဲ့ တောင်ငူထောင်က စစ်ပြေးအကျဉ်းသား ၆၃ ဦးကို တပ်မတော် သင်တန်းကျောင်းကနေ တောင်ငူထောင်ထဲ ပြန်ပို့လိုက်တယ်လို့လည်း တောင်ငူထောင်နဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ပြေး အကျဉ်းသားတွေ ပြန်လည် စစ်မှုထမ်းရင် လက်ခံမှာဖြစ်ပြီး ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုမယ်လို့ ဒီဇင်ဘာ ၄ ရက် နေ့မှာ စစ်ကောင်စီ မီဒီယာတွေကနေတစ်ဆင့် ပြောခဲ့ပါတယ်။

“နိုင်ငံတော် ကာကွယ်ရေးအတွက် ခွင့်ပြုရင် တပ်မတော်မှာ ပြန်လည် တာဝန်ထမ်း ဆောင်လိုကြောင်း ခွင့်မဲ့ စစ်ပြေး၊ စစ်သည်တွေအနေနဲ့လည်း ဆက်သွယ် တင်ပြလာမှုတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ သတ်မှတ်ကာလနဲ့ အကျုံးဝင်တဲ့ စစ်သည် တွေကို သက်ဆိုင်ရာ ဒါမှမဟုတ် နီးစပ်ရာ တပ်တွေမှာ ပြန်လည် လက်ခံပေးမှာဖြစ်ကြောင်းနဲ့ စစ်မှုထမ်းရန် ဆန္ဒရှိတဲ့ သာမန် ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးမယ်ဆိုပြီး ကျွန်တော်တို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။ ခွင့်မဲ့ စစ်ပြေးတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ကျန်းမာရေး အခြေအနေကြောင့် ထွက်ခွင့်ကျထားတဲ့သူတွေ ဆက်သွယ်လာပါတယ်။ တပ်မတော်မှာ စစ်မှုထမ်းဆောင်နိုင်ဖို့ ဆက်သွယ်တဲ့ လူပေါင်း ထောင်နဲ့ချီပြီး ရှိသွားပြီဖြစ်ပါတယ်”

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ဗိုလ်ကြီး ကောင်းသူဝင်းကတော့ စစ်ကောင်စီက ဘက်ပေါင်းစုံ ရှုံးနှိမ့်မှုတွေ ရှိလာချိန်မှာ စစ်ပြေး၊ ရဲပြေး အကျဉ်းသားတွေက မူလတာဝန်တွေ ပြန်ထမ်းဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အခု အခြေအနေမှာတော့ သူတို့ (စစ်ကောင်စီ) အရမ်းကြီးတော့ မျှော်လင့်လို့ရမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အတင်းအကျပ် တာဝန်ထမ်းဆောင်ခိုင်းမှသာ ရမယ်။ စစ်ရေး အခြေအနေအရ အရင်တုန်းကလို စစ်ကောင်စီတပ်က စစ်ဆင်ရေး ဆိုလည်း အေးအေးဆေးဆေး သာသာယာယာ အချိန် အတိုင်းအတာ တစ်ခု ကို ဖြတ်သန်းနေတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ အခုအချိန်မှာ တော့ ဘက်ပေါင်းစုံက ထိုးနှက်မှုတွေ ကြုံနေတဲ့ အနေအထားမှာ ထောင်ထဲမှာနေရင်တောင် သက်သာတဲ့ အနေအထားရှိမယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆိုရင်တောင် သက်သာဦးမယ်။ ရှေ့တန်းမှာဆိုရင် ပိုပြီးတော့ သေနိုင်တာမျိုးတွေ ဖြစ်နိုင်တယ်”

စစ်စည်းကမ်း ဖောက်ဖျက်လို့ အကျဉ်းကျနေတဲ့ စစ်ပြေး အကျဉ်းသားတွေ တာဝန် ပြန်ထမ်းဆောင်ရင်တောင် အမိန့်မနာခံမှု၊ ပြန်လည်ခုခံမှုနဲ့ ကြုံရနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

နေပြည်တော်တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့က ကျင်းပခဲ့သည့် စစ်ရေးပြအခမ်းအနားတစ်ခုကို တွေ့ရစဉ်။ (Photo: Myanmar Military)

တောင်ငူ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးကတော့ စစ်ပြေးအကျဉ်းသားတွေ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဆီ ဘက်ပြောင်းသွားမှာကို စစ်ကောင်စီက စိုးရိမ်နေပုံရတယ်လို့ RFA ကို ပြောပါတယ်။

စစ်ပြေးအကျဉ်းသားတွေဟာ တော်လှန်ရေး အင်အားစုတွေအတွက် အထောက်အကူ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။

“အဲဒီလူတွေက နဂိုကမှ တာဝန် မထမ်းဆောင်ချင်လို့ ထောင်အကျခံပါတယ်ဆို သူတို့ကို တာဝန် ပြန်ထမ်းဆောင်ခိုင်းတဲ့အခါ၊ ပြီးတော့ သူတို့လက်ထဲကို သေနတ်ထည့် ပေးလိုက်တဲ့အခါမှာကျတော့ သူတို့ (စစ်ကောင်စီ) ဘက်ကို သေနတ်ပြောင်းဝ လှည့်ဖို့ အလားအလာ များသွားတယ် ဆိုတာကို ပြောချင်တယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေဘက်ကတော့ သူတို့ (စစ်ပြေးအကျဉ်းသား) တွေကို အလွယ်တကူ စည်းရုံးဆွဲဆောင် ခေါ်ဆောင်လို့လည်း ရမယ်၊ လက်နက် တွေလည်း ရမှာဖြစ်တဲ့အတွက် Win –Win သီအိုရီကို ရတယ်လို့ ပြောချင်တယ်”

အတင်းအကျပ် စစ်မှုပြန်ထမ်းဆောင်ခိုင်းတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်ပြီး စစ်ကောင်စီဟာ ကျရှုံးခါနီးမှာ အမှားတွေ ပိုကျူးလွန်လာတယ်လို့လည်း ဦးမောင်မောင်ဆွေက ပြောပါတယ်။

လွတ်ငြိမ်းခွင့်ရ စစ်ပြေး အကျဉ်းသားတွေကို စစ်မှုမထမ်းတာကြောင့် ထောင်ထဲ ပြန်ပို့ လိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ထိ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org